မကြာခဏပျက်နေတဲ့ ရုရှားစစ်ရဟတ်ယာဉ်နဲ့ တင်သွင်းသောကုမ္ပဏီများ
2022.03.29
ရုရှားလုပ်ရဟတ်ယာဉ်တွေကို မြန်မာလေတပ်က သယ်ယူပို့ဆောင်ရေးနဲ့ တိုက်ခိုက်ရေးမှာအသုံးပြုနေပြီး အဲဒီထဲက အမ်အိုင်-17 လို့ခေါ်တဲ့ Mi-17 စစ်ရဟတ်ယာဉ်တစ်စင်း အမြီးကျိုးပြီး ချင်းပြည်နယ် ဟားခါးမှာ မတ်လ ၂၉ ရက်နေ့က ပျက်ကျသွားပါတယ်။
ပညာရေးဝန်ထမ်းတွေ တင်ဆောင်တဲ့ ရဟတ်ယာဉ်ပျက်ကျတာပါ။ ဒီ Mi-17 ဟာ PDF ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အားကောင်းပြီး မြေပြင်ကသွားရင် မိုင်းဆွဲခံရတဲ့ နေရာတွေမှာ စစ်ဆင်တဲ့အခါ အထူးအသုံးဝင်ပါတယ်။
ဒီရဟတ်ယာဉ်နဲ့ စစ်ဆင်မယ့်နေရာမှာ တပ်ဖွဲ့ဝင်တွေချထားပေးပြီး ကျေးရွာတွေကို ဝင်ရောက်စီးနင်း တိုက်ခိုက်နိုင်ပါတယ်။
ရုရှားနိုင်ငံထုတ် M-2, Mi-17 နဲ့ Mi-24 တိုက်ခိုက်ရေးနဲ့ သယ်ယူပို့ဆောင်ရေး စစ်ရဟတ်ယာဉ်တွေကို မြန်မာစစ်တပ်က သုံးနေတယ်လို့ မြန်မာစစ်တပ်နဲ့ စီးပွားရေးဆက်စပ် လုပ်ကိုင်နေသူတွေကို သုတေသန ဖော်ထုတ်နေတဲ့ Justice for Myanmar က ပြောထားပါတယ်။
လေတပ်ကနေ ပြည်သူတွေနဲ့ ပူးပေါင်းလာတဲ့ လွတ်မြောက်နယ်မြေတစ်နေရာရောက်နေသူ ဗိုလ်လေး မိုးညိုကလည်း ဒီအတိုင်းပဲ ပြောပါတယ်။
Mi-17 ဟာ လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူးနဲ့ ပျံသန်းရေးအင်ဂျင်နီယာပါပြီး လူ ၂၀ ကျော် တင်နိုင်ရုံမက ယာဉ်ငယ်တွေပါတင်ဆောင်နိုင်တယ်လို့ပြောပါတယ်။ ရဟတ်ယာဉ်ပြတင်းပေါက်မှာ လေ့ကျင့်ရေး စက်သေနတ်တွေတပ်ဆင်နိုင်ပါတယ်။
ဝေဟင်ဒုံးကျည်တွေ၊ ဗုံးတွေ၊ ၅၇ မမ နဲ့ မမ ၈၀ ပဲ့ထိန်းဒုံးတွေ၊၂၀ မမ အမြောက် ပါတင်နိုင်ပါတယ်။
ရိုဟင်ဂျာတွေကို တိုက်ခိုက်ချိန်က ရုရှားရဟတ်ယာဉ် အထူးကျွမ်းကျင်သူတွေ မြန်မာနိုင်ငံကို ရောက်လာပြီး Mi-24 ရဟတ်ယာဉ်တွေကို overhaul လေယာဉ်တစ်စင်းလုံး စစ်ဆေးပြုပြင်ပေးတယ်လို့ Justice for Myanmar အဖွဲ့က ပြောပါတယ်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီလိုရုရှားရဟတ်ယာဉ်တွေကို လက်အောက်ခံထုတ်လုပ်ပေးတဲ့ Kazan Helicopters စက်ရုံကို သွားခဲ့ပါတယ်။
ဒီစက်ရုံဟာ ကမ္ဘာ့အကြီးမားဆုံး ရဟတ်ယာဉ်ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံ ဖြစ်ပြီး မြန်မာလေတပ်သုံးနေတဲ့ Mi ရဟတ်ယာဉ် ၁၁၀၀၀ ကျော်ထုတ်လုပ်ပါတယ်။ ဒီစက်ရုံက ထုတ်လုပ်တဲ့ Mi-8 နဲ့ Mi-17 အပါအဝင် Kazan ရဟတ်ယာဉ်တွေက ရေပန်းစား တယ်လို့လည်းဆိုပါတယ်။
Mi-17 စစ်ဘက်သုံး ရဟတ်ယာဉ် တရားဝင်ထုတ်လုပ်ခွင့် ရထားတယ်လို့လည်း ပြောပါတယ်။ Mi-8 ကို အခြေခံပြီး Mi-17 ဒီဇိုင်းထုတ်လုပ်ထားဖြစ်ပြီး ဒီရဟတ်ယာဉ်တွေကို နိုင်ငံ ၅၀ ကျော်မှာ သုံးနေပါတယ်။
မြန်မာစစ်တပ်မှာ ဒီလိုရုရှားရဟတ်ယာဉ်တွေ သုံးနိုင်အောင် Sky Aviator Company Limited က ၂၀၁၉ မှာကြားပွဲစားလုပ်ပေးတယ်လို့ Justice for Myanmar အဖွဲ့က ပြောပါတယ်။ ကုမ္ပဏီကို ၂၀၁၄ မေလက တည်ထောင်ထားတယ်လို့ ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေကို သုတေသနလုပ်တဲ့ OpenCorporates အဖွဲ့က ဖော်ပြပါတယ်။
ဒီကုမ္ပဏီမှာ ဦးကျော်မင်းဦးက ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒေါ်ယုသိင်္ဂီအေးနဲ့ ဒေါ်အေးအေးရီတို့က ညွှန်ကြားရေးမှူး တာဝန်ယူကြပြီး၊ ခုတော့ တစ်ဦးတစ်ယောက်မှ ကုမ္ပဏီမှာ မလှုပ်ရှားတော့ဘူးလို့ ဖော်ပြပါတယ်။
ရုရှား Mi-17 ရဟတ်ယာဉ် ဆက်စပ်ပစ္စည်းတွေကို လက်နက်ပွဲစား မြန်မာခေတ်ဦးရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (Myanmar New Era Trading Co, Ltd.) ကို ရုရှား Aviatechexport ကုမ္ပဏီက တင်ပို့တယ်လို့ သွင်းကုန်-ပို့ကုန်ရေးရာ အချက်အလက်တွေစုဆောင်းတဲ့ အမေရိကန်အခြေစိုက် Import Genius အဖွဲ့ကလည်း ပြောပါတယ်။
နိုင်ငံ ၃၀ ကျော်ကို အဲဒီရုရှားကုမ္ပဏီက ဝန်ဆောင်မှုပေးနေတယ်လို့ ဆိုပါတယ်။
အာရှ ၁၆ နိုင်ငံက ကုမ္ပဏီ ၁၇ သန်းကျော်ရဲ့ အချက်အလက်တွေဖော်ပြတဲ့ BizDirect အဖွဲ့ကတော့ Myanmar New Era ကုမ္ပဏီဟာ ချည်ထည်တွေတင်သွင်းပြီး ကုန်စည်တွေလည်း တင်သွင်း၊ တင်ပို့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ပင်လယ်ရပ်ခြားကုန်သွယ်ရေးရာမှာ အကြံပေးတယ်လို့ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့ အချိန်ကစလို့ Mi-17 ရဟတ်ယာဉ်ဆက်စပ်ပစ္စည်း အစိတ်အပိုင်းတွေကို လက်နက် ပွဲစား အောင်စိန်ဟိန်းကုမ္ပဏီလီမိတက်က တင်သွင်းတယ်လို့ Import Genius က ပြောပါတယ်။
OpenCorporates ရဲ့ အင်တာနက်စာမျက်နှာမှာ ကြည့်လိုက်တဲ့အခါ ကုမ္ပဏီကို ၂၀၁၆ ခုနှစ်က တည်ထောင်ပြီး ညွှန်ကြားရေးမှူးတွေအဖြစ် ဦးကြင်ရွှေနဲ့ ဦးစိန်လှတို့ကို ဖော်ပြထားတာ တွေ့ရပါတယ်။