တောင်ကိုရီးယားရောက် မြန်မာ ၈ဝ ရာခိုင်နှုန်း ရွေးကောက်ပွဲကြိုတင် မဲပေးခဲ့

ခင်မောင်စိုး
2020.10.13

 

မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံခြားရောက် မြန်မာတွေကို ကြိုတင် မဲပေးခွင့်ပြုခဲ့ရာမှာ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကတော့ အောက်တိုဘာလ ၂ ရက်ကနေ ၁၂ ရက် မနေ့က နောက်ဆုံးသတ်မှတ်ရက်အထိ မဲပေးခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာတွေ အဆင်ပြေရေးအတွက် ရိုးရာကောက်သစ်စားပွဲတော် အားလပ်ရက် တွေမှာ ကျင်းပခဲ့တဲ့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ကြိုတင်မဲပေးပွဲကို မဲပေးခွင့်လျှောက်ထားတဲ့ မြန်မာနိုင်ငံသား တစ်သောင်းကျော်ရှိတဲ့အနက် ရွေးကောက်ပွဲကော်မရှင်က လူ ၉၈ဝဝ ကျော်ကို မဲပေးခွင့်ပြုခဲ့တယ်လို့သိရပါတယ်။

တောင်ကိုရီးယားမှာဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲအထောက်အကူပြု ကော်မတီဝင် ကိုရန်နိုင်ထွန်းက သတ်မှတ်ထားတဲ့ ၁၁ ရက်အတွင်း မဲပေးခွင့်ရှိသူတွေထဲက ၈ဝ ရာခိုင်နှုန်းလာရောက်မဲပေးခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“ကျနော်တို့ တောင်ကိုးရီးယားနိုင်ငံကနေပြီးတော့ မဲပေးနိုင်တဲ့သူပေါင်းက ၉၈၆ဝ ရှိပါတယ်။ မဲပေးသူ စုစုပေါင်းက ၇၈ဝ၆ မဲ တိတိရရှိခဲ့ပါတယ်။ မြန်မာသံရုံးရှေ့မှာ လူဦးရေက ပထမနေ့မှာ ၄ဝဝဝ ကျော်လောက် စုပြုံပြီး ရောက်လာတယ် တက်တက်ကြွကြွနဲ့ စိတ်အားထက်သန်မှုတွေ မြင်တွေ့ရတာကတော့ ကျနော်တို့ အားတက်မိပါတယ်။ သို့သော်လည်း သံရုံးဝန်ထမ်းက ၁ဝ ဦးပဲရှိတယ်။ ဝိုင်းဝန်းပြီးတော့ လုပ်နေတဲ့ volunteer အင်အားတွေက ၃ဝ ကျော်လောက် ရှိပေမယ့်လည်း ဒီလူ ၄ဝဝဝ လောက်ကို ဘယ်လိုမှ မထိန်းသိမ်းနိုင်ပါဘူး။ ဒုတိယ တတိယနေ့တွေမှာတော့ ကိုးရီးယား ရဲတပ်ဖွဲ့တွေ၊ ကိုးရီးယားကျန်းမာရေးဌာနတွေနဲ့ ပူးပေါင်းပြီး တိုးတက်လာအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒါက အဆိုးထဲက အကောင်းပါပဲ။”

ဆိုးလ်မြို့ရှိ မြန်မာ့အရေးလှုပ်ရှားသူ မဇွန်နီလာဌေး ကတော့ အဲဒီ ပထမဆုံးနေ့က သံရုံးရှေ့မှာ မဲပေးဖို့ ကိုယ်တိုင်လာရောက် တန်းစီသူတွေနဲ့ ရွေးကောက်ပွဲ အထောက်အကူပြုကော်မတီ အစီအစဉ်နဲ့ နယ်တွေကနေ ကားတွေနဲ့ လာရောက်မဲပေးသူတွေအကြား ပြသနာဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

“၂ဝ၂ဝ ရွေးကောက်ပွဲ အထောက်အကူပြုကော်မတီကနေပြီး အနယ်နယ်အရပ်ရပ်က ကားတွေနဲ့ လာရင် သူတို့ကို ကြိုတင်ပြောထားရတယ်။ သူတို့ကနေပြီး တန်းမစီနဲ့ သွင်းပေးမယ်ဆိုတဲ့ အာမခံချက်လုပ်ထား ပါတယ်။ အဲဒီမှာ သူတို့က ကြားဖြတ်ဖြတ်ပြီး သွင်းတာပေါ့။ အဲဒီတော့ ဒီဘက်ကလူတွေက ကိုယ့်အစီအစဉ်နဲ့ လာတဲ့သူတွေကလည်း ဖယ်မပေးချင်၊ ဟိုဘက်က ကားတွေကလည်း သွင်းချင်နဲ့၊ အဲဒီမှာ ပြသနာတက်ပြီး တော့ အဲဒီနေ့က ပြန်တဲ့သူတွေ အများကြီးဘဲ။ ဒါပေမဲ့ သံရုံးကနေပြီးတော့ တိုကင် ၁ဝဝဝ ထုတ်ပေးပြီး မနက်ဖြန်ကျရင် တိုကင်သမားတွေချည်းပဲ လာပေးရမယ်ဆိုပြီး အဲလို လုပ်ပစ်လိုက်တယ်။”

ကိုရန်နိုထွန်းကတော့ သူတို့အဖွဲ့နဲ့ ချိတ်ဆက်ပြီး အဲဒီလို အနယ်နယ်အရပ်ရပ်က ကားကြီးတွေနဲ့ လာသူတွေနဲ့ သံရုံးရှေ့တန်းစီနေသူအကြား မျှမျှတတမဲပေးခွင့်ရအောင် စီစဉ်ပေးခဲ့ပါတယ်လို့ ပြောပါတယ်။

“ကားတွေနဲ့ဆိုရင် တစုတဝေးတည်း လာလို့ရတယ် သံရုံးရှေ့မှာ လူမအုံဘူး၊ လူတွေများနေတယ်ဆိုလို့ ရှိရင်လည်း ကားပေါ်မှာရှိတဲ့လူတွေက ကားပေါ်မှာပဲ ခဏထိုင်ပြီးနေကြ၊ ပြီးတော့မှ တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ နည်းနည်းချင်းဆင်းပြီးတော့ တန်းစီပြီးတော့ သံရုံးထဲဝင်ပြီး မဲပေး အဲလိုပုံလုပ်ထားတယ်။ ပြီးတော့ ကိုးရီးယားနိုင်ငံရဲ့ စင်တာကျတဲ့ ဒီ Myanmar Town လို နေရာမှာ ကျနော်တို့က တနာရီခြား ကားအကြီးကြီးတွေစီစဉ်ပေးပြီးတော့ အဲဒီကားတွေနဲ့ သံရုံးကို အသွားအပြန် ကြိုပို့လိုင်းတွေလုပ်ပေးတယ်။ အဲဒါတွေကလည်း ဘယ်သူကမှ အမြတ်ယူပြီးလုပ်ပေးတာ မဟုတ်ဘူး။ ကိုးရီးယားနိုင်ငံမှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကနေ အားလုံး ပိုက်ဆံထည့်ပြီး ကားတွေကို ငှားပေးတာ။ သူတို့ ရှုံးတောင် ရှုံးသေးတယ်။ ကိုဗစ်ကြောင့် ကားတစီးကို လူ ၂၂ ဦးပဲ စီးလို့ရတယ် ၄၅ ယောက် စီးတဲ့ကားကို။ ကားတစီးကို ငှားရင် သုံးသိန်းခွဲ၊ လေးသိန်းပေးရတယ်။ လူတယောက်စီကနေ ၁ သောင်းစီဘဲ ပြန်ယူတယ်။ သူတို့ နှစ်သိန်း နှစ်သောင်းပဲ ပြန်ရတာ။ သူတို့ က ကြိုတင်မဲပေးတဲ့လုပ်ငန်းစဉ်ကြီး ချောမွေ့ပါစေတော့ဆိုပြီး ပိုက်ဆံစိုက်ပြီး လုပ်ပေးကြတာ။ အဲဒါကို တချို့က တမျိုးမြင်တယ်။”

အဲဒီ အောက်တိုဘာ ၂ ရက်နေ့မှာပဲ ဆိုးလ်မြို့ကို ဖူချွန်းဆိုတဲ့မြို့ကနေ လာရောက်မဲပေးခဲ့တဲ့ ကိုသက်ပိုင် ကတော့

“ကျနော်တို့ ဖူချွန်းက ဆိုးလ်မြို့ကို ရထားနဲ့ ၂ နာရီလောက် သွားရတယ်။ တချို့တွေက ကားနဲ့ အဖွဲ့လိုက် သွားကြတာရှိတယ်။ ကျနော်တို့က ဖူချွန်းမြို့ကနေ ကားနဲ့ အူဂျောင်ဘူမြို့ကိုသွားပြီး အဲဒီကတဆင့် ရထားနဲ့ ဆိုးလ်မြို့က မဲရုံအထိ စီးရတယ်။ လာတဲ့လူတွေ မဲဆန္ဒရှင်တွေ တော်တော်များတယ်။ များတော့ မဲပေးတဲ့ အခါမှာ အခက်အခဲလေးတွေရှိပါတယ်။ ဒါပေမဲ့ အားလုံးအဆင်ပြေအောင် အကုန်လုံးက လုပ်ပေးပါတယ်။”

ရွေးကောက်ပွဲကော်မရှင်က နောက်ဆက်တွဲမဲပေးခွင့်ပြုခဲ့သူ မဲဆန္ဒရှင် ၅ဝ ပါဝင်တဲ့ စာရင်း တခုကို ဆိုးလ်မြို့ သံရုံးက အောက်တိုဘာ ၁၁ ရက်နေ့ ညနေကမှ ရရှိခဲ့ပြီး အချိန်မမှီတဲ့အတွက် အဲဒီလူတွေမဲပေးခွင့်ပေးဖို့ကိစ္စကို သံရုံးအရာရှိတွေက အခု စဉ်းစားနေတယ်လို့ သိရပါတယ်။ ဆိုးလ်မြို့ရှိ မြန်မာသံရုံး ကို ဒီကိစ္စအပါအဝင် သတင်းအချက်အလက်တွေ့ရရှိဖို့ RFA က ဆက်သွယ်ခဲ့ပေမယ့် အခုအချိန်အထိ မေးမြန်းခွင့် မရသေးပါဘူး။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။