ရှေ့ဆက်ဖို့ ခက်နေတဲ့ မြန်မာ့အကျပ်အတည်း
2022.02.07

မြန်မာနိုင်ငံမှာ တနေ့တခြား ကြီးထွားလာနေတဲ့ ပြည်တွင်းစစ်နဲ့ နိုင်ငံရေး အကျပ်အတည်း အတွင်း ပိတ်မိနေကြတဲ့ ပြည်သူတွေအနေနဲ့ ဖြေရှင်းရမဲ့ ပြဿနာတွေက တပုံတပင် ရှိနေတာပါ။ ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက နိုင်ငံမှာ အကြမ်းဖက်မှုတွေ၊ ဝရုန်းသုန်းကားအခြေအနေတွေ ဆက်လက်မြင့်တက် လာနေခဲ့ပြီး နိုင်ငံတဝန်း အရပ်ဘက် အုပ်ချုပ်ရေးကလည်း မတည်ငြိမ်နိုင်ဘဲ ဖြစ်နေရ၊ စီးပွားရေး ထိခိုက်ရ၊ ပြည်သူအများစု ငတ်မွတ်ခေါင်းပါး၊ အာဟာရ ချို့တဲ့တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေကြရ၊ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေ အောက်မှာ ပြည်သူတွေ နေရာရွှေ့ပြောင်းနေကြရ၊ မရေရာတဲ့ ရှေ့ရေး အနာဂတ်နဲ့ ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။
မြန်မာမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့အပေါ် နိုင်ငံတကာအသိုင်းအဝန်းက တညီတညွတ် တည်း ပြစ်တင်ရှုတ်ချခဲ့ကြပေမဲ့ လာမယ့်သီတင်းပတ်အတွင်း၊ လက်ရှိ အလှည့်ကျ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာနိုင်ငံ အခြေအနေကို အလေးထားဆွေးနွေးကြမယ်လို့ သိရပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ အခြေအနေတွေကို နားမလည်ဘူးဆိုရင် သူတို့ရဲ့စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှု အခန်းကဏ္ဍ ဟာ အကန့်အသတ်တခုအတွင်းမှာပဲ ရှိနေလိမ့်မယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်အနေနဲ့ ခြောက်သွေ့ရာသီမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ်၊ စစ်ဆင်ရေးအသစ်တွေ ဖော်ဆောင်လေ့ရှိပါတယ်။ အထူးသဖြင့် မြန်မာပြည် မြောက်ပိုင်း၊ တရုတ်နယ်စပ်အနီးက ကချင်လွတ်မြောက်ရေးအဖွဲ့ KIA၊ မြန်မာပြည်တောင်ပိုင်း၊ ထိုင်းနယ်စပ်အခြေစိုက် KNU ကရင်လွတ်မြောက်ရေး အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလေ့ ရှိနေတာပါ။ ဒီနှစ်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရှေ့တန်းစစ်ဆင်ရေးမှာ ဗမာအများစုပါဝင်တဲ့ ပြည်သူ့ခုခံကာကွယ်ရေးတပ်ဖွဲ့ PDF ကို အသစ်ဖွဲ့စည်းခဲ့ပါတယ်။
မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ ပြည်သူ့တုံ့ပြန်မှုကို ဆိုးဆိုးရွားရွားတွက်ချက်မှု မှားယွင်းခဲ့ပါတယ် တဲ့။ ပြည်သူတွေအနေနဲ့ အပြောင်းအလဲကို ဆယ်နှစ်လောက် မျှော်လင့်ချက်တွေ မြင့်တက်လာခဲ့ကြပြီးတဲ့နောက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ လွတ်လပ်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေဆီကို သတိနဲ့ ချဉ်းကပ် တက်လှမ်းခဲ့သလို စစ်အုပ်ချုပ်ရေးနဲ့အာဏာသုံးအုပ်ချုပ်ရေးဆီ နောက်ကြောင်းပြန်မလှည့်တော့ဖို့လည်း အခိုင်အမာဆုံးဖြတ်ခဲ့ကြပြီဖြစ်ပါတယ်။
အထူးသဖြင့် လူငယ်တွေဖြစ်ကြပါတယ်။ စစ်တပ်အနေနဲ့ကတော့ ပြည်သူ့စိတ်နှလုံးကို မသိမ်းကြုံးနိုင်တော့တာ ဆယ်စုနှစ်တွေ ချီပြီး ကြာခဲ့ပါပြီ။
အခုဆိုရင် ပြီးခဲ့တဲ့နှစ်အတွင်း၊ ဘွဲ့ရမြန်မာလူငယ်တွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ ထောင်နဲ့ချီပြီး၊ လုံခြုံရေးအတွက် ပြည်တွင်းမှာ ပုန်းအောင်း နေကြရ၊ ပြည်ပကို ထွက်ပြေးခဲ့ကြ၊ နယ်စပ်ဒေသ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီ ရောက်ရှိ ခိုလှုံလာခဲ့ကြပြီး၊ စစ်သင်တန်းတွေ တက်ရောက် နေကြပြီ ဖြစ်ပါတယ်။ နောက်လာမယ့် သုံးလ၊ ခြောက်သွေ့ရာသီဆိုရင် စစ်ဆင်ရေးတွေ အရှိန်မြှင့်တော့မှာပါ။
ပြည်သူ့ခုခံကာကွယ်ရေးတပ်ဖွဲ့ PDFတွေရဲ့ အင်အားကလည်းကြီးထွားလာနေပြီး အခုဆိုရင် မြောက်ပိုင်း၊ အနောက်ပိုင်းနဲ့ တောင်ပိုင်းမှာ တပ်ဖွဲ့ဝင်အင်အား ငါးသောင်း လောက်ကို လေ့ကျင့်ပေးနေကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။
KNU နယ်မြေမှာဆိုရင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA က PDF ၈ဝ ရာခိုင်နှုန်းကျော်ကို လေ့ကျင့်ပေးနေကြောင်း KNU ပြောခွင့်ရ သူ ဖဒို စောတောနီး က ပြောပါတယ်။ ဒါ့ပြင် စစ်ကောင်စီရဲ့ကွပ်ကဲရေးနဲ့ အမျိုးသားစီမံအုပ်ချုပ်ရေး အခြေစိုက် နေပြည်တော်နဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေကို ဝန်းရံ ပိတ်ဆို့မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
စစ်ကောင်စီရဲ့ ထောက်ပံ့ရေးလမ်းကြာင်းတွေကို အနှောင့်အယှက်ပေးရေးအပြင် လာမယ့် ဧပြီလကုန်မှာ ရှေ့တန်းစစ်မျက်နှာ ထောက်ပံ့ရေးလမ်းကြောင်းတွေ၊ PDF/NUG နယ်မြေ ထိန်းချုပ်ရေးတွေလည်း ပါဝင်တယ်လို့ ဆောင်းပါးရှင် Larry Jagan ရဲ့ရေးသားချက်ကို ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြထားပါတယ်။