ပါတီမဲဆွယ်မိန့်ခွန်းတွေ ဆင်ဆာဖြတ်မှု ဝေဖန်ခံနေရ

ကျော်လွင်ဦး
2020.09.22

နိုင်ငံပိုင်မီဒီယာကနေ ထုတ်လွှင့်မယ့် မဲဆွယ်မိန့်ခွန်းတွေကို စိစစ်တဲ့ ရွေးကောက်ပွဲကော်မရှင်က မိန့်ခွန်းတွေကို ဆင်ဆာဖြတ်တောက်ခဲ့တယ်လို့ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ထားဝယ်တိုင်းရင်းသားများပါတီတို့က ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်က လုပ်ပိုင်ခွင့်ကိုကျော်ပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာလို့ ပါတီတာဝန်ရှိသူတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။

ပါတီတစ်ခုချင်းစီရဲ့ မူဝါဒတွေကို အများပြည်သူ သိရှိနိုင်အောင် နိုင်ငံပိုင်မီဒီယာတွေကနေ တင်ပြတဲ့ အစီအစဉ်မှာ မိန့်ခွန်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က စိစစ် ခွင့်ပြုပြီးမှ ထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ ထားဝယ်တိုင်းရင်းသားများပါတီတို့က သူတို့ရဲ့ မိန့်ခွန်းတွေကို ကော်မရှင်က ဆင်ဆာ ဖြတ်တောက်ခဲ့တယ်လို့ ပြောကြပါတယ်။   

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က မဲဆွယ်စည်းရုံးရေး မိန့်ခွန်းထဲက အစိတ်အပိုင်း တချို့ကို UEC က ဆင်ဆာဖြတ်တာကြောင့် နိုင်ငံပိုင်ရုပ်သံကနေ ထုတ်လွှင့်မယ့် အစီအစဉ်မှာ ဆက်လက်ပါဝင်ဖို့ ပါတီက ငြင်းဆန်လိုက်တယ်လို့ ပြောပါတယ်။

“ပါတီတွေက သူတို့မူဝါဒတွေကို လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်။ အခုလို ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို ဒါမပြောနဲ့၊ ဒါပြောဆိုတာဟာ ပြဿနာရှိတယ်။ ပြောတဲ့စကားတွေဟာ ဥပဒေအရ လွဲနေတယ်၊ မှားနေတယ်ဆိုရင် တရားစွဲလို့ရတယ်၊ အဓိက ကျနော်တို့ မူဝါဒကို လွတ်လွတ်လပ်လပ် ပြောခွင့် ရှိတယ်၊ ဟိုဟာတော့ မပြောနဲ့၊ ဒီဟာတော့ မပြောနဲ့ဆိုတာက နည်းနည်း၊ များများမကောင်းဘူး၊ အဲဒါ UEC အလုပ်လည်းမဟုတ်ဘူးလို့ ကျနော်ထင်တယ်”


ဆင်ဆာဖြတ်ခံရတဲ့ထဲမှာ ကြေးနီစီမံကိန်း လုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင်အရေး၊ ဧရာဝတီတိုင်း မအူပင်မြို့နယ်၊ မလက်တိုကျေးရွာက မြေယာအရေးအခင်း၊ မန္တလေးတိုင်း အောင်သပြေကျေးရွာက ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်တဲ့ ဘိလပ်မြေစက်ရုံကိစ္စ စတဲ့ အကြောင်းအရာတွေ ပါဝင်တယ်လို့ ဦးအောင်မိုးဇော်က ပြောပါတယ်။

ကလေးသူငယ်တွေ အခြေအနေကို ဖော်ပြတဲ့ UNICEF အစီရင်ခံစာ၊ အစိုးရဌာနဆိုင်ရာတွေမှာ လူငယ်တွေ ဝန်ထမ်းအဖြစ် လုပ်ကိုင်လိုစိတ်နည်းတဲ့ အကြောင်းရင်းနဲ့ ဖိနှိပ်ခံလူတန်းစားဆိုတဲ့ နိုင်ငံရေးအခေါ်အဝေါ်တွေ လည်း ဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။

ထားဝယ်တိုင်းရင်းသားများပါတီ အတွင်းရေးမှူး ၂ ဦးသူရိန်လှိုင်က သူတို့မိန့်ခွန်းမှာ ဖြတ်တောက်ခံရတာကတော့ ဒေသအတွင်း လျှပ်စစ်ဓာတ်အား အခြေအနေနဲ့ ထားဝယ်တိုင်းရင်းသား ရပိုင်ခွင့်ကိစ္စတွေဖြစ်တယ်လို့ ပြော ပါတယ်။

UEC ဟာ လုပ်ပိုင်ခွင့် ကျော်လွန်ပြီး လုပ်ကိုင်တာပဲလို့  ဦးသူရိန်လှိုင်က ပြောပါတယ်။

"ကျနော်တို့စကားသည် ပြည်သူလူထုကိုပြောတယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ မဲဆန္ဒရှင်တွေကို တင်ပြတယ်၊ ကိုယ့်စကား ကိုယ်တာဝန်ယူနိုင်လို့ပြောတာ၊ တချို့ကိစ္စတွေ ဒို့တာဝန်အရေးသုံးပါးတို့၊ အချုပ်အခြာ တည်တံ့ ခိုင်မြဲရေးတို့ အမုန်းစကားတွေလို့ ဘာမှလည်းမပါဘူး၊ မပါဘဲနဲ့ ဘာလို့ဖြတ်လဲဆိုတာ စဉ်းစားလို့ကို မရဘူး၊ လူမှုစီးပွားကိစ္စလည်းဖြစ်တယ်၊ ပြီးရင် လူမျိုးစုတစ်ခုက သူကိုယ်တိုင် ခံစားနေရတဲ့ကိစ္စတွေ၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွေမရတာ၊ သူ့မှာရပိုင်ခွင့်ရှိတာတွေ မရတာကို ထုတ်ဖော်ပြောဆိုတာကို ဘာမှဖြတ်ပိုင်ခွင့် မရှိဘူးလို့ ထင်တယ်၊ ဘောင်ကျော်တယ်လို့ ပြောလို့ရတာပေါ့"

တနင်္သာရီဒေသ လျှပ်စစ်မီးကိစ္စမှာ ပြည်မနဲ့မတူဘဲ တယူနစ်ကို ကျပ် ၂၀၀ ကျော်ကနေ တထောင်အထိ ပေးနေရတာတွေဟာ တန်းတူအခွင့်အရေးမရဘဲ ဒုတိယတန်းစားလူမျိုးလား၊ ဒုတိယတန်းစားဒေသလားလို့  ပါတီရဲ့ မိန့်ခွန်းမှာ   မေးခွန်းထုတ်တာကို UEC က ဖြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။

ထားဝယ်လူမျိုးတွေဟာ မှတ်ပုံတင်မှာ ဗမာလူမျိုးလို့ လွဲမှားထည့်သွင်းခံနေရပြီး အဲဒီအတွက်ကြောင့် ရသင့် ရထိုက်တဲ့ နိုင်ငံရေး အဆင့်အတန်းတို့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ဆုံးရှုံးနေတယ်ဆိုတဲ့ ပြောဆိုချက်ကိုလည်း ဆင်ဆာဖြတ်တောက်ခံရတယ်လို့ ဆိုပါတယ်။

ဒီပါတီနှစ်ခုရဲ့ မိန့်ခွန်းတွေ ဆင်ဆာဖြတ်တောက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ကော်မရှင်ကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဒီနေ့ညနေ ၅ နာရီအထိ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

အာဏာရ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ပါတီတွေ မိန့်ခွန်း ဆင်ဆာဖြတ်ခံရတာနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးလို့ဘူးလို့ ပြောပါတယ်။

"ကျနော်တို့က နိုင်ငံရေးပါတီဖြစ်တယ်လေ၊ အဲဒီတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလုပ်တဲ့ အလုပ်အကုန်လုံးကို မသိပါဘူးခင်ဗျ၊ မသိတဲ့ဟာကိုတော့ မှတ်ချက်မပေးပါရစေနဲ့"


လွှတ်တော်အရပ်ရပ်ကို စောင့်ကြည့်နေတဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့က ဦးအေးကျော်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမိန့်ခွန်းကို ရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်တယ်ဆိုတာ နိုင်ငံတကာမှာလည်း မရှိတာကြောင့် မဖြစ်သင့်ကြောင်း ပြောပါတယ်။

"မူဝါဒတွေအပေါ်မှာ ဆင်ဆာဖြတ်တာက နိုင်ငံတကာမှာတော့မရှိဘူး၊ ပါတီနှစ်ခုသုံးခုလောက်တော့ သူတို့ရဲ့ MRTV မှာပြောမယ့် မဲဆွယ်စည်းရုံးရေးမိန့်ခွန်းတွေနဲ့ ပတ်သက်ပြီး ဆင်ဆာဖြတ်တယ်ဆိုတဲ့ အသံမျိုးလေးတွေ တော့ တွေရတာပေါ့၊ အဲတော့ ပါတီမူဝါဒတွေပေါ်မှာ UEC အနေနဲ့ ဆင်ဆာဖြတ်တောက်ခွင့်မရှိဘူးလို့ ထင်တာပဲ"

လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ - အသံ ရဲ့  ဒါရိုက်တာ မောင်ဆောင်းခကလည်း ကော်မရှင်အနေနဲ့ နိုင်ငံအရေးစကားလုံးတွေကို ဆင်ဆာဖြတ်နေတာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာလို့ ပြောပါတယ်။

"ရွေးကောက်ပွဲ မဲဆွယ်တဲ့အခါ ပြောမယ့်အထဲ ရေးထားတဲ့စာတွေထဲမှာ အခြားသူတွေရဲ့  အသရေဖျက်နေ တာလား၊ ခွဲခြားဆက်ဆံတဲ့စကားတွေ ပြောနေတာလားဆိုတာ အရင်စဉ်းစားရမယ်၊ ဒါပေမဲ့ သူတို့ဖြတ်တဲ့ အထဲမှာ အဲလိုအကြောင်းအရာတွေ မဟုတ်ဘဲနဲ့ နိုင်ငံရေးအရ ဖိနှိပ်ခံလူတန်းစားတို့ အခြေခံလူတန်းစား ဒီအပေါ်မှာ ရပ်တည်တာကို ဆင်ဆာလုပ်တာ တွေ့ရတယ်၊ ဒါဟာ UEC ဟာ လုပ်ပိုင်ခွင့် ကျော်လွန်ယုံတင် မဟုတ်ဘဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တယ်လို့ မြင်ပါတယ်"

နိုင်ငံပိုင်ရုပ်သံ MRTV ကနေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတိုင်း ရုပ်သံမဲဆွယ် မိန့်ခွန်းတွေကို ကော်မရှင်ကစိစစ်ပြီး စက်တင်ဘာ ၈ ရက်နေ့ကနေ နိုဝင်ဘာ ၆ ရက်နေ့အထိ အလှည့်ကျ ထုတ်လွှင့်နေတာဖြစ်ပါတယ်။

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဒီနေ့မှာ ရုပ်သံမိန့်ခွန်း ရိုက်ကူးဖို့ ပြင်ဆင်ထားခဲ့တာဖြစ်ပြီး ထားဝယ် တိုင်းရင်းသားပါတီကတော့ မနက်ဖြန်မှာ ရိုက်ကူးရမှာဖြစ်ပါတယ်။

ပါတီမူဝါဒတွေကို ကိုယ့်အစီစဉ်နဲ့ကိုယ် အင်တာနက် ဆိုရှယ်မီဒီယာစာမျက်နှာတွေမှာ အများပြည်သူသိအောင် တင်ဆက်သွားမယ်လို့ မဲဆန္ဒနယ်မြေ ၁၆ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

ထားဝယ်တိုင်းရင်းသားများပါတီကတော့ တနင်္သာရီတိုင်းအတွင်း အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် တွေမှာ မပြိုင်ဘဲ တိုင်းဒေသကြီး ရှစ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

သူတို့အနေနဲ့ MRTV မှာလည်း ဆင်ဆာဖြတ်တဲ့အတိုင်း မိန့်ခွန်းထုတ်လွှင့်မှာဖြစ်ပြီး ဆင်ဆာဖြတ်ခံရတဲ့ အကြောင်းကိုတော့ ပြည်သူတွေသိအောင် အင်တာနက်စာမျက်နှာနဲ့ အောက်ခြေလူထုကြား ရှင်းပြသွားမယ်လို့ ဦးသူရိန်လှိုင်က ပြောပါတယ်။

ထားဝယ်တိုင်းရင်းသားပါတီအနေနဲ့  ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ဒီစာသားတွေကိုပဲ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး အခုရွေးကောက်ပွဲကော်မရှင်မှ ဆင်ဆာဖြတ်တောက်တာခံရတာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။