မြောက်ဦးက ပြည်သူနှစ်သောင်းခန့် တိုက်ပွဲသတင်းကြောင့် ကြိုတင်ထွက်ပြေးနေရ
2023.12.23

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ တိုက်ပွဲဖြစ်မယ် ဆိုတဲ့သတင်းကြောင့် ဒီဇင်ဘာ ၂၁ ရက်က စပြီး မြို့ပေါ် ရပ်ကွက်တွေမှာနေထိုင်တဲ့ ပြည်သူတစ်ဝက်နီးပါး ကြိုတင်တိမ်းရှောင်နေ ကြရပြီလို့ မြို့ခံတွေနဲ့ မြောက်ဦးမြို့မှာ လူမှုကူညီရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
မြောက်ဦးမြို့ တောင်ရပ်၊ မြို့သစ်၊ ကံလှ၊ ရွှေတောင်နဲ့ ကုန်သည်တန်း ရပ်ကွက်နေ အများစု အပါအဝင် မြို့ပေါ်နေထိုင်သူ ပြည်သူတစ်ဝက်နီးပါး ကြိုတင် ထွက်ပြေးကြတာလို့ ဆိုပါတယ်။
မြို့သစ်ရပ်ကွက်မှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ မြို့ခံတစ်ဦးက မြို့ပေါ်က အားလုံးနီးပါး ထွက်ပြေးသွားကြပေမယ့် သူ့ကတော့ ထွက်ပြေးစရာ နေရာမရှိတာကြောင့် မဖြစ်မနေ ထွက်ခိုင်းမှပဲ ထွက်မယ်လို့ RFA ကို ပြောပါတယ်။
“မြို့ထဲမှာလည်း တော်တော်များများ ပြေးကြပြီတဲ့။ ဒီရပ်ကွက်ထဲမှာလည်း ပြေးကြ တာပေါ့နော်။ ကျွန်မတို့ရပ်ကွက်ထဲမှာလည်း ပြေးကြတယ်။ ပြောမယ်ဆိုရင် ကျွန်မအိမ်ရဲ့ဘေး ဘယ်၊ ညာတောင် တစ်ယောက်မှ မရှိတော့ဘူး။ ဖြစ်ရင်လည်း ဘယ်နေရာပြေးလို့ လွတ်မယ်မှန်း ကိုယ်က မသိတာ။ နောက်ဆုံး အခြေအနေပေါ့။ ဒီနေရာက ချက်ချင်းထွက်ဆိုမှသာ ထွက်သွားရတော့မယ့် အခြေအနေပဲ ကျွန်မတို့က။ ပြေးမယ့်နေရာလည်း မရှိဘူး”
၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ မြောက်ဦးမြို့ပေါ်မှာ ပြည်သူ လေးသောင်းနီးပါး နေထိုင်ကြတာ ဖြစ်တဲ့အတွက် လက်ရှိ ပြည်သူ နှစ်သောင်းခန့် ကြိုတင် ထွက်ပြေးနေ ကြရတာပါ။
“မြို့ပေါ်မှာ တိုက်ပွဲမဖြစ်စေချင်သလို နှစ်ဖက်စလုံးအနေနဲ့ ပြည်သူတွေကို ဖမ်းဆီး၊ သတ်ဖြတ်တာလည်း မလုပ်စေချင်ဘူး”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက တိုက်ပွဲ ဖြစ်လာရင် စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားတာကြောင့် ဘေးလွတ်ရာ ကြိုတင် ထွက်ပြေးကြရတာလို့ RFA ကို ပြောပါတယ်။
“လက်နက်ကိုင် တိုက်ပွဲဖြစ်လာပြီဆိုရင် တိုက်ပွဲထဲမှာ ကျန်နေခဲ့သူတွေ၊ အဲဒီနေရာ တစ်လျှောက်လုံးမှာရှိတဲ့ ပြည်သူလူထုတွေ အကုန်လုံးကို ရန်ငြိုးထားပြီး တော့မှ အလုံးစုံ ပျက်စီးရေးလိုဟာမျိုး ဖြစ်လာတာပေါ့နော်။ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေလည်း ဘာမှဂရုမစိုက်ဘူး။ အကုန်လုံးကို ဖျက်ဆီးပစ်လိုက်မယ်ဆိုတဲ့ အတွေးတွေကရှိတော့ ပေါက်တောလိုမျိုး နောက်ထပ် မြို့နယ်တွေ ရှိလာမှာလားဆိုတဲ့ စိုးရိမ်မှုကတော့ ဒေသခံ တော်တော်များများမှာ ရှိကြတယ်”
မြောက်ဦးမှာ တိုက်ပွဲဖြစ်လာရင် ရှေးဟောင်း အမွေအနှစ်တွေ ထိခိုက်ပျက်စီးနိုင်တာ ကြောင့် စိုးရိမ်မိတယ်လို့လည်း ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဦးမြို့ခံ တစ်ဦးကတော့ ဒီဇင်ဘာ ၂၁ ရက်နေ့က တောင်ရပ် ရပ်ကွက်မှာ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ အေးအေးဆေးဆေး ပြန်ဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။
“လမ်းမကြီးတွေနဲ့ ဈေးနားနီးတဲ့ရပ်ကွက်ပေါ့။ တောင်ရပ်ရပ်ကွက်ဆိုရင် တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ ULA ဘက်က အဲဒီလို မဟုတ်ပါဘူး ဆိုတော့ လူတွေ နည်းနည်း သက်သာရာ ရသွားတယ်။ ဒီနေ့တော့ ဝရုန်းသုန်းကားတွေ မရှိတော့ဘူး။ အဲဒီ တစ်နေ့က တော့ ဟိုပြေးကြ၊ ဒီပြေးကြ၊ ဟိုလူ့သတင်းမေး၊ ဒီလူ့မေးကြ၊ ပြင်ဆင်ကြ၊ ကားတွေ လိုက်ငှားကြနဲ့ အဲဒီလို နည်းနည်း လှုပ်သွားတယ်”
မြောက်ဦးမြို့မှာ သီတင်းသုံးတဲ့ ရဟန်းတစ်ပါးကတော့ မြို့ပေါ်မှာ တိုက်ပွဲမဖြစ်စေချင်သလို နှစ်ဖက်စလုံးအနေနဲ့ ပြည်သူတွေကို ဖမ်းဆီး၊ သတ်ဖြတ်တာလည်း မလုပ်စေချင်ဘူးလို့ မိန့်ပါတယ်။
“တိုက်ပွဲဖြစ်တဲ့နေရာတွေကို သပ်သပ်နေရာတွေမှာပဲ ဖြစ်စေချင်တယ်။ ဒီအပြင် အပြစ် မဲ့ ပြည်သူတွေကို ဖမ်းတာ၊ ဆီးတာတွေ၊ သတ်ဖြတ်တာတွေ အဲဒါတွေ မလိုချင်ဘူး။ အဲဒါက နှစ်ဖက်စလုံးကိုပဲ တောင်းဆိုချင်တာပေါ့ ဦးဇင်းတို့က။ မြို့ပေါ် အခြေအနေ ကတော့ အခု အကြောက်တရားတွေနဲ့၊ စိုးရိမ်စိတ်တွေနဲ့ သွားလာနေရတယ်။ နှစ်ဖက်တပ်တွေ သွားလာလှုပ်ရှားတာတွေ တွေ့တယ်။ ထင်ထင်ပေါ်ပေါ် တော့ မဟုတ်ဘူး”
မြောက်ဦးမြို့ပေါ် အခြေအနေနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ရော စစ်ကောင်စီ ကရော ထုတ်ပြန်ပြောဆိုတာ မရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မြောက်ဦးမြို့မှာရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ် ဘုရား၊ စေတီတွေကြားမှာ AA က ခံကတုတ်တွေ၊ ယာယီ နေရာတွေလုပ်ပြီး ပစ်ခတ်ခဲ့တာရှိတယ်လို့ မြန်မာ့အလင်း သတင်းစာကနေ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ပြောဆိုထားပါတယ်။
ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ဒီဇင်ဘာလ ၁၃ ရက် ထုတ်ပြန်ချက်မှာတော့ မြောက်ဦးမှာ မိနစ် အနည်းငယ်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်တာကြောင့် ရှေးဟောင်းသမိုင်းဝင် စေတီ၊ ဘုရားတချို့ ပျက်စီးသွားတယ်လို့ ဖော်ပြထားပါတယ်။
မြောက်ဦးမြို့ဟာ ရှေးဟောင်း သမိုင်းဝင် မြို့ဖြစ်သလို ရခိုင်တွေရဲ့ နောက်ဆုံး မင်းနေပြည်တော်လည်း ဖြစ်ပါတယ်။
ရခိုင်ဘုရင်အဆက်ဆက်က တည်ဆောက်ခဲ့တဲ့ ရှေးဟောင်း အမွေအနှစ်တွေကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် တရားဝင် အသိအမှတ်ပြုခံရဖို့ အဆိုပြုလွှာ တင်ထားချိန်မှာ တိုက်ပွဲကြောင့် ရှေးဟောင်း အမွေအနှစ်တွေ ပျက်စီးသွားမှာ စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောတယ်။