မြောက်ဦးပြတိုက် အပျက်အစီးကြား စစ်ကောင်စီတပ် လက်နက်ကြီးကျည် အထောက်အထားတွေ့

RFA Burmese
2023.12.26
မြောက်ဦးပြတိုက် အပျက်အစီးကြား စစ်ကောင်စီတပ် လက်နက်ကြီးကျည် အထောက်အထားတွေ့ မြောက်ဦးမြို့၊ နန်းရာကုန်းရှိ ရှေးဟောင်းယဉ်ကျေးမှုပြတိုက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က လက်နက်ကြီးထိမှန်ခဲ့စဉ်။
Citizen Journalist

ရခိုင်ပြည်နယ် မြောက်ဦးမြို့ နန်းရာကုန်းမှာရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှု ပြတိုက် အဆောက်အအုံကို ဒီဇင်ဘာ ၂၅ ရက် မနေ့ မနက်အစောပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရတာကြောင့် ပြတိုက်မှာထိန်းသိမ်းထားတဲ့ ရခိုင် ရှေးဟောင်း ယဉ်ကျေးမှု လက်ရာအများအပြား ပျက်စီးသွားတယ်လို့ မြောက်ဦးဒေသခံတွေက RFA ကို ပြောပါတယ်။

"ရှေးဓညဝတီ၊ ဝေသာလီ ခေတ်ကဟာတွေကို စုပြီးတော့ ပြတိုက်လိုမဟုတ်ဘဲ ဂူတောင်တစ်ခုလို ထည့်ထားတာ”

ဘီစီ ၆ ရာစု၊ အေဒီ ၄ ရာစု၊ ၁၅ ရာစုတွေမှာ ထင်ရှားခဲ့တဲ့ ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ မြောက်ဦးခေတ်က အစားထိုးမရနိုင်တဲ့ ကျောက်စာ၊ ရုပ်တု၊ ပန်းကန်ပြားတွေ ထိခိုက် ပျက်စီးသွားတာလို့ ပျက်စီးမှုတွေကို ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ မြောက်ဦးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျောက်တွေနဲ့ထုထားတဲ့ ရုပ်တုတွေ၊ ကျောက်စာတွေ၊ ကျောက်တုံးတွေ ပြောရမယ်ဆိုရင် အစားထိုးလို့မရတဲ့ ပစ္စည်းတွေ အကုန်လုံးဆုံးရှုံးသွားတယ်လို့ ပြောလို့ရတယ်။ အဲဒီအနုပညာလက်ရာက ရှေးဓညဝတီ၊ ဝေသာလီ ခေတ်ကဟာတွေကို စုပြီးတော့ ပြတိုက်လိုမဟုတ်ဘဲ ဂူတောင်တစ်ခုလို ထည့်ထားတာ”

ဒေသခံ မျက်မြင်တွေက ပြတိုက်ထဲမှာ ပျက်စီးဆုံးရှုံးမှုပမာဏက များတယ်လို့ပြောဆိုကြ ပေမယ့် ပျက်စီးမှု အသေးစိတ် စာရင်းကို မသိရသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ ရှေးဟောင်းသုတေသန၊ မြောက်ဦးဌာနခွဲ တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးမောင်ဆန်းဝင်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။

လက်ရှိမှာ ရှေးဟောင်းသုတေသန မြောက်ဦးဌာနခွဲက ဝန်ထမ်းတွေအားလုံးဟာလည်း အသက်အန္တရာယ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA ကတော့ အဲဒီလက်နက်ကြီးဟာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးဖြစ်တယ်လို့ မနေ့ညက ထုတ်ပြန်သလို ဒေသခံတွေကလည်း စစ်ကောင်စီတပ်က ပစ်ခတ်တာလို့ ပြောဆိုကြပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ အဲဒီ ပြောဆိုချက်တွေကိုငြင်းဆိုပြီး ရက္ခိုင့်တပ်တော် (AA) က မြို့ပေါ်မှာရှိတဲ့ ရဲစခန်းနှစ်ခုကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ပြတိုက်နဲ့ မြို့တွင်း လူနေအိမ်တွေမှာ ကျရောက် ပေါက်ကွဲခဲ့တာလို့ ဖော်ပြပါတယ်။

ဒါပေမဲ့ ပြတိုက်ထဲက အပျက်အစီးတွေကြားထဲမှာ ဒေသခံတွေ တွေ့ရှိခဲ့ရတဲ့ လက်နက်ကြီး ကျည်အပိုင်းအစ အထောက်အထားအရ ပြတိုက်ကိုပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ရှော့တိုက်ဒုံးမဟုတ်ဘဲ စစ်ကောင်စီတပ်က အသုံးပြုတဲ့ ၁၂၀ မမ အမျိုးအစား လက်နက်ကြီးကျည်ဖြစ်တယ်လို့ CDM ဗိုလ်ကြီး ကောင်းသူဝင်းက RFA ကို ပြောပါတယ်။

“ပုံထဲမှာတွေ့ရတဲ့ ဗုံးသီးကတော့ စစ်ကောင်စီရဲ့ ကပစထုတ် ၁၂၀ မီလီမီတာ မော်တာစိန်ပြောင်းရဲ့ ER ဗုံးသီး MK-2 ဗုံးသီးဖြစ်တာကို တွေ့ရတယ်ပေါ့နော်။ မီတာ ခြောက်ထောင်ငါးရာလောက်ထိ ရောက်အောင်ပစ်နိုင်တဲ့ ဗုံးသီးဖြစ်တယ်ပေါ့နော်။ အသုံးပြုတာကတော့ ဒီဗုံးသီးကို စစ်ကောင်စီကပဲ အသုံးပြုတယ်ပေါ့။ ဒီဗုံးသီးတွေက အမြောက်တပ်တွေပဲ ဖြစ်ဖြစ်၊ အကူပစ် တပ်ခွဲတွေ၊ တပ်မတွေ၊ ဗျူဟာတွေ ဒီလိုမျိုးနေရာတွေကနေပြီးတော့ ပစ်နေတာ။ ဒီဗုံးသီးကတော့ ပုံထဲကအတိုင်းဆိုရင် စစ်ကောင်စီကပစ်နေတဲ့ ဗုံးသီးဆိုတာ သေချာပါတယ်”

ပြတိုက်ရဲ့ အပျက်အစီးတွေကြားမှာတွေ့ရတဲ့ ကပစ ထုတ် လက်နက်ကြီးကျည် အထောက်အထားနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၃ နာရီကျော်လောက်က မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားတာပါ။ တိုက်ပွဲဖြစ်ပွားပြီးနောက် မြောက်ဦးမြို့ မှာရှိတဲ့ စစ်ကောင်စီတပ် ခမရ (၅၄၀)၊ ခမရ (၃၇၇)၊ ခမရ(၃၇၈)နဲ့ အမှတ် (၃၁) ရဲတပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပတ်ခတ်နေတာလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာအနီးက မြို့မရဲစခန်းဟာ ရှေးဟောင်းပြတိုက်နဲ့ တစ်မိုင်ခွဲခန့် ကွာဝေးသလို ဆန့်ကျင်ဘက် အရပ်မှာရှိတာကြောင့် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ ယုတ္တိမတန်တဲ့ အပြစ်လွှဲချမှုသာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။

“ရဲစခန်းကျတော့ မြို့ပြင်ထွက်ဝမှာပါလေ။ နန်းရာကုန်းကျတော့ မြို့အလယ်တည့်တည့် အရပ်မျက်နှာကိုက မတူတာပါ။ သူတို့ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ရှေးဟောင်း ပစ္စည်းတွေ ဆုံးရှုံးသွားတော့ ကိုယ့်အပြစ်ကို သူများကို ပုံချလိုက်တယ်လို့ မြင်ပါတယ်”

မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၂၄ ရက်ကနေ ဒီနေ့အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကြောင့် ဒေသခံ လေးဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ရှစ်ဦးထက်မနည်း ရှိနေတယ်လို့ ဆိုပါတယ်။ သေဆုံးသူ လေးဦးထဲက သုံးဦးကတော့ လက်နက်ကြီး ထိခိုက်မှုကြောင့်ဖြစ်ပြီး ကျန်တစ်ဦးကတော့ လက်နက်ကြီးကျည် ပေါက်ကွဲသံကြောင့် နှလုံးရပ်ပြီး သေဆုံးခဲ့ရတာ လို့လည်း ဒေသခံတွေက ပြောပါတယ်။

မနေ့က ဖြစ်စဉ်ကြောင့် မြောက်ဦးရှေးဟောင်းပြတိုက်ဝင်းထဲက ဝန်ထမ်းအိမ်တွေပါ ပျက်စီးသွားခဲ့သလို လူပေါင်း သုံးသောင်းခန့်ရှိတဲ့ မြို့ခံအားလုံးနီးပါးဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးမြို့ကို အေဒီ ၁၅ ရာစုမှာ ရခိုင်ဘုရင် မင်းစောမွန် တည်ထောင်ခဲ့တာပါ။ ရခိုင်မှာထွန်းကားခဲ့တဲ့ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး စတဲ့ခေတ်ကြီး လေးခေတ်မှာ မြောက်ဦးမြို့ဟာ ရခိုင်လူမျိုးတွေရဲ့ နောက်ဆုံးမင်းနေပြည်တော်ဖြစ်ပြီး ရခိုင်ဘုရင် ၄၈ ဆက်အထိ ထီးနန်းစိုးစံအုပ်ချုပ်ခဲ့ပါတယ်။

ရခိုင်ဘုရင်အဆက်ဆက်က တည်ဆောက်ခဲ့တဲ့ နန်းတော်ရာကုန်း၊ ဘုရား၊ စေတီပုထိုးတွေ၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံတွေ၊ စစ်ရေးဗျူဟာအတွက် တည်ဆောက်ခဲ့တဲ့ မြို့ရိုးတံတိုင်းတွေ၊ ကျုံးတွေ၊ ခံတပ်တွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေ ဟာလည်း ဒီကနေ့အထိ မြောက်ဦးမြို့မှာ တည်ရှိနေတာပါ။

မြောက်ဦးမြို့၊ နန်းရာကုန်းရှိ ရှေးဟောင်းယဉ်ကျေးမှုပြတိုက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က လက်နက်ကြီးထိမှန်ခဲ့စဉ်။ (Photo: Citizen Journalist)
မြောက်ဦးမြို့၊ နန်းရာကုန်းရှိ ရှေးဟောင်းယဉ်ကျေးမှုပြတိုက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က လက်နက်ကြီးထိမှန်ခဲ့စဉ်။ (Photo: Citizen Journalist)

ဒါတွေဟာ ရခိုင်လူမျိုးတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေဖြစ်ပြီး ပျက်စီးသွားရင် ပြန်လုပ်လို့ မရတဲ့အတွက် မြောက်ဦးမြို့ကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေးစေချင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဦးမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ယဉ်ကျေးမှုအမွေအနှစ်ဆိုတာက နောက်တစ်ခါ ဒီလိုမျိုးပြန်ရဖို့ဆိုတာ မလွယ်ဘူး။ ပျက်စီးသွားရင်လည်း ပြန်လုပ်လို့မရတဲ့ ပစ္စည်းဆိုတော့ ကျွန်မတို့အနေနဲ့ မပျက်စီးစေချင်ဘူး။ ဒီနေရာလေးကို စစ်မဲ့ဇုန်အနေနဲ့ ပိုကောင်းမယ်လို့ ကျွန်မတို့ ဆန္ဒရှိပါတယ်”

ရက္ခိုင့်တပ်တော် (AA) ကတော့ ရခိုင်လူမျိုးတွေရဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်က ထိထိရောက်ရောက် တုံ့ပြန်ပြန်သွားမယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ယူနက်စကို စာရင်းဝင်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစလို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

ပြည်ပက ကျွမ်းကျင်ပညာရှင်တွေ ငှားရမ်း၊ ကွင်းဆင်းပြုစုပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းအတွက် အဆိုပြုလွှာကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာရှိတဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ် ဗဟိုဌာန (UNESCO World Heritage Center) မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက တင်သွင်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။