၁၉ လအတွင်း မီးရှို့ခံရတဲ့ ရုပ်အလောင်း လေးရာကျော်တွေ့ရှိ
2023.12.26

စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခတွေ မြင့်တက်လာတဲ့ ၂၀၂၂ ခုနှစ်၊ မတ်လကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ၁၉ လအတွင်း နိုင်ငံတစ်ဝန်းမှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ၄၄၀ ကျော် ရှိလာကြောင်း ဗြိတိန်အခြေစိုက် လွတ်လပ်တဲ့ သတင်းအချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ Centre for Information Resilience (CIR) က ဒီဇင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
(CIR) အဖွဲ့ဟာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းက လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု၊ အမျိုးသမီးနဲ့ လူနည်းစု အခွင့်အရေးတွေအတွက် စောင့်ကြည့်မှတ်တမ်း တင်နေတဲ့ သီးခြားလွတ်လပ်တဲ့အဖွဲ့ ဖြစ်ပါတယ်။
"မင်းတပ် CDF တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးတဲ့အခါ မီးရှို့ထားတဲ့ အလောင်းတွေ တွေ့ရတာပေါ့"
မြန်မာနိုင်ငံအတွက် အစီရင်ခံစာကိုတော့ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုး ဖောက်မှုတွေကို စဉ်ဆက်မပြတ် စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Myanmar Witness ရဲ့ အချက်အလက်တွေကို အခြေခံထားတာလို့ ဆိုပါတယ်။
လူ ငါးဆယ်နီးပါး အစုလိုက်အပြုံလိုက် မီးလောင်သေဆုံးခဲ့တဲ့ ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုရွာသတ်ဖြတ်မှု နှစ်နှစ်ပြည့် အထိမ်းအမှတ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။
မိုဆိုရွာအဖြစ်အပျက် အပါအဝင် ၁၉ လအတွင်း တွေ့ရှိတဲ့ ရုပ်အလောင်း ၄၄၀ ကျော်မှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး၊ သူတို့အားလုံး သတ်ဖြတ်ခံရပြီးမှ မီးရှို့ခံရတာလား ဒါမှမဟုတ် အသက်မသေခင် မီးရှို့သတ်ဖြတ်ခံရသလားဆိုတာတော့ အစီရင်ခံစာမှာ အတိအကျ ဖော်ပြမထားပါဘူး။
အဲဒီ ၁၉ လအတွင်း မီးရှို့ခံရသူတွေထဲမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပလုံတွီရွာမှာ အသတ်ခံရသူ ခြောက်ဦးလည်း ပါဝင်ပါတယ်။
စစ်ကောင်စီတပ်သားတွေ ရွာထဲဝင်လာချိန် ထွက်ပြေးချိန် မရလိုက်တဲ့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာလို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင် စီမံခန့်ခွဲရေးအဖွဲ့ဝင် ကိုလောရန့်က ပြောပါတယ်။
“သူတို့က ရွာထဲ ဝင်လာတယ်။ ပြီးရင် ရွာထဲကနေ ရှေ့ဆက်မတိုးဘူး။ ရွာသားတွေက ပိတ်မိသွားတယ်။ သူတို့ (စစ်ကောင်စီတပ်) ဝင်လာချိန်မှာ စစ်ဘေးရှောင်တွေလည်း ရှိတယ်။ တချို့ကျတော့ လွတ်တယ်။ အဲဒီမှာ နှစ်ည တပ်စွဲတယ်၊ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်မှာ ပြန်သွားတယ်။ မင်းတပ် CDF တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးတဲ့အခါ မီးရှို့ထားတဲ့ အလောင်းတွေ တွေ့ရတာပေါ့။ စပြီးတွေ့တဲ့အချိန်မှာတော့ တချို့ဆိုရင် အရိုးတို့၊ ဘာတို့ ကျန်သေးတယ်။ ခန့်မှန်းတာ ခြောက်ဦးလောက် ခန့်မှန်းတယ်ပေါ့နော်”
စစ်ကောင်စီတပ်သားတွေဟာ နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ ကျေးရွာတွေထဲ ဝင်ပြီး နေအိမ်တွေကို မီးရှို့တဲ့အခါ ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတချို့လည်း မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မူးကြီးရွာကို အင်အား တစ်ရာခန့်ပါတဲ့ စစ်ကောင်စီတပ်သားတွေ ရုတ်တရက်ဝင်လာပြီး နေအိမ် နှစ်ရာနီးပါးကို မီးရှို့ခဲ့တာကြောင့် ထွက်မပြေးနိုင်တဲ့ အသက် ၈၀ အရွယ် အဘွား ဒေါ်အေးယဉ် မီးလောင်သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မူးကြီးရွာခံ တစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကောင်စီတပ်က ရွာကိုလာပြီးတော့ PDF ထဲကလူ ပတ်သက်ရာ၊ ပတ်သက်ကြောင်း တွေကို မီးဝင်ရှို့တယ်ပေါ့။ အဲဒါ အိမ်တွေအကုန်လုံး ကူးလောင်ကုန်တယ်။ သေတာ ကတော့ အသက် ၈၀ ကျော် အဘွား တစ်ယောက် သေတယ်။ အဘွားအိုကကျတော့ ပြည်သူတွေက ထွက်ပြေးကြတဲ့အခါ မီးမရှို့လောက်ဘူး ထင်တာပေါ့နော်။ မီးထဲမှာ သေဆုံးသွားတာ”
မီးလောင်သေဆုံးသူ၊ သတ်ဖြတ်ပြီးမှ မီးရှို့ခံရသူတွေထဲမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် ဖရူဆိုမြို့နယ် မိုဆိုရွာ အဖြစ်အပျက်ကတော့ လူအများဆုံးနဲ့ အဆိုးဆုံးဖြစ်ပါတယ်။
လူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပေမယ့် အခုချိန်ထိ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတဲ့ စစ်ကောင်စီတပ်ကို နိုင်ငံတကာကနေ အရေးယူအပြစ်ပေးနိုင်ဖို့ ကြိုးစားနေ တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၁) မဇူးပဒုမ္မာက ပြောပါတယ်။
“ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ စစ်တပ်ပေါ့နော်၊ အထူးသဖြင့်တော့ ဒီစစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ကျူးလွန်နေတဲ့ ဒီစစ်တပ်ကို အပြစ်ပေးအရေးယူနိုင်ဖို့ နည်းလမ်းတွေ၊ နောက်ပြီး စစ်ကောင်စီရဲ့ ယန္တရားတွေ၊ အုပ်ချုပ်ရေး ယန္တရားတွေ ခိုင်မာအားကောင်းဖို့ ဖြစ်စေတဲ့ လုပ်ရပ်တွေ၊ ဆက်ပြီးတော့ ထောက်ခံအားပေးဖို့ မလုပ်ဖို့အတွက်၊ အပြစ်ပေးအရေးယူဖို့ဆိုတဲ့ ပုံစံတွေကိုတော့ နိုင်ငံတကာ အစုအဖွဲ့တွေ ကိုတော့ ကျွန်မတို့ တွေ့ဆုံဆွေးနွေးခဲ့တာရှိသလို၊ ကျူးလွန်သူတွေရဲ့မှတ်တမ်း ကောက်ယူခဲ့တာတွေကိုလည်း တောက်လျှောက်လုပ်ခဲ့တာရှိပါတယ်”
မသေခင် မီးရှို့သတ်ဖြတ်တာ၊ အသတ်ခံရပြီးမှ မီးရှို့တာ၊ သတ်ဖြတ်မှုမှာ ကိုယ်တိုင်ပါဝင်တဲ့ အပြင် မီးရှို့ခဲ့သူလည်းဖြစ်တာ၊ တခြားသူက သတ်ဖြတ်ပြီးမှ ကိုယ်ကမီးရှို့တာ စတဲ့ အခြေအနေတွေပေါ်မူတည်ပြီး ဥပဒေအရ အရေးယူနိုင်မှုတွေလည်း ကွဲပြားတယ်လို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။
မသေခင် မီးရှို့သတ်ဖြတ်တာ၊ အသတ်ခံရပြီးမှ မီးရှို့ခဲ့တာ၊ သတ်ဖြတ်မှုနဲ့ မီးရှို့မှုကို ကိုယ်တိုင်ကျူးလွန်သူတွေကိုတော့ သေဒဏ်အထိ အပြစ်ပေးသင့်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒီပြစ်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်တာကြောင့် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အမိန့်ပေးကွပ်ကဲသူ အားလုံးကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကနေ အရေးယူသင့် တယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးကြီးမြင့်က ပြောပါတယ်။
“စစ်ရာဇဝတ်မှုနဲ့ကျတော့ နိုင်ငံတကာ စစ်ခုံရုံးတွေဘာတွေကျတော့ သူက အကြီးအကဲတွေကိုပဲ အပြစ်ပေးမှာပဲ။ ဘယ်သူက အမိန့်ပေးလည်း အဲဒီလူတွေ ထောင်ကျမယ်။ ကျန်တဲ့လူတွေကတော့ ပြည်တွင်းဥပဒေနဲ့ အရေးယူရမှာပေါ့နော်။ မီးရှို့သတ်ဖြတ်မှုတွေ သူတို့လုပ်ထားတာတွေ ဒါတွေကတော့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုထဲတော့ ပါသွားပြီပေါ့နော်”
Centre for Information Resilience (CIR) ကတော့ ဒီကျူးလွန်မှုတွေဟာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ဖြစ်နေပြီး၊ စစ်တပ်က ပြည်သူတွေ ကို ထိန်းချုပ်နိုင်ဖို့နဲ့ အကြောက်တရား လွှမ်းမိုးစေဖို့ မီးရှို့သတ်ဖြတ်တာ၊ သတ်ဖြတ်ပြီးမှ မီးရှို့တာတွေကို စစ်လက်နက်သဖွယ် အသုံးပြုနေတယ်လို့ ဖော်ပြပါတယ်။
ဒီဖြစ်ရပ်တွေဟာ ပဋိပက္ခတွေကြောင့် မြန်မာပြည်သူတွေအပေါ် ကြောက်မက်ဖွယ်ရာ နောက်ထပ် အကျိုးသက်ရောက်မှုတစ်ခု ဖြစ်တယ်လို့လည်း Myanmar Witness စီမံကိန်း ဒါရိုက်တာ Matt Lawrence က ပြောပါတယ်။
(CIR) နဲ့ MyanmarWitness အဖွဲ့ဟာ ရုပ်အလောင်း ၄၄၀ တွေ့ရှိတယ်ဆိုတဲ့ အစီရင်ခံစာ ကို ဒေသတွင်း သတင်းမီဒီယာတွေ၊ လူမှုကွန်ရက်နဲ့ တွစ်တာစာမျက်နာတွေကရရှိတဲ့ အချက်အလက်တွေပေါ်အခြေခံပြီး ထုတ်ပြန်ထားတာပါ။
လူမူကွန်ရက်မီဒီယာတွေကရရှိတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုမှတ်တမ်းတွေအရ သတ်ဖြတ်မီးရှို့ခံရသူ ၁၅၀ ကို အတည်ပြုနိုင်ခဲ့ပြီး၊ ကလေးငယ်တွေ ဖြစ်ဟန်တူတဲ့ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတွေနဲ့ စုပုံမီးရှို့ခံထားရပုံတွေကိုလည်း တွေ့ရှိရတယ်လို့ ဒီဇင်ဘာ ၂၄ ရက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။