စစ်ကိုင်းတိုင်းက စစ်ကောင်စီတပ်ရဲ့ နာမည်ကျော် ဘီလူးစစ်ကြောင်း

RFA Burmese
2023.04.13
စစ်ကိုင်းတိုင်းက စစ်ကောင်စီတပ်ရဲ့ နာမည်ကျော် ဘီလူးစစ်ကြောင်း စစ်ကောင်စီ ဘီလူးစစ်ကြောင်း၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသည့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဆင်ရိုင်း၏ရုပ်အလောင်းအား မီးသင်္ဂြိုဟ်နေစဉ်။
CDSOM

“ကျမရဲ့ဖုန်းကို ကိုင်သေးတယ်။ သူလွတ်တယ်ပဲ ထင်နေတာ အဲဒီအချိန်အထိ။ ဘယ်သူ မှ မပြောဘူး။ ကျမ သူရှိတဲ့နေရာအထိ ခြေလျင်လိုက်ချသွားတာ။ အဲဒါကြောင့်မို့ ကျမ မျက်လုံးနဲ့မြင်မှ ကျမကိုယ်တိုင် သိရတာ။ တရားမျှတမှု လိုချင်တယ်။ ဒီလိုမျိုး သူတို့ ရက်ရက်စက်စက် ယုတ်ယုတ်မာမာ လုပ်သွားတာကြီးက အထင်အရှားကြီးလေ။ ခေါင်းကို ဖြတ်ပြီး ယူသွားတယ်။ သူတစ်ယောက်မှ မဟုတ်ဘူး ဒီပြင်မြို့နယ်တွေက လူတွေကိုလည်း သတ်ဖြတ်ပြီး ယူနေကြတာ။ မင်းအောင်လှိုင် ဒီလောက် ယုတ်မာ သတ်ဖြတ်နေတာ တစ်နိုင်ငံလုံးလည်း အသိပါ"

ဒါကတော့ မတ်လ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဆွဲလွဲအိုရွာအနီးမှာ ဦးခေါင်းနဲ့ ခြေလက်တွေကို ခုတ်ထစ်ပြီး ရက်စက်ကြမ်းကြုတ်စွာ အသတ်ခံလိုက်ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဆင်ရိုင်းရဲ့ ဇနီးဖြစ်သူ ပြောပြသွားတာပါ။

အသက် ၃၁ နှစ်အရွယ် ဗိုလ်ဆင်ရိုင်းဟာ မြောင်မြို့နယ် မီးသတ်တပ်ဖွဲ့ တပ်ကြပ်တစ်ဦး ဖြစ်ပေမယ့် အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းက လူထုဆန္ဒပြပွဲတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းပြီးနောက်မှာတော့ သူဟာ စစ်ကိုင်းခရိုင် PDF အမှတ် (၁) တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး ဖြစ်လာပါတယ်။

စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို တစ်ရွာဝင်တစ်ရွာထွက် လှည့်လည်ပြီး နယ်မြေ ရှင်းလင်းရေးလုပ်နေတဲ့ တပ်မ-၉၉ လက်အောက်ခံ စစ်ကြောင်းဟာ မတ်လ ၃၀ ရက်နေ့က မြောင်မြို့နဲ့ ငါးမိုင်အကွာ ဆွဲလွဲအိုရွာ အနီးမှာရှိတဲ့ PDF စခန်းကို ဝင်ရောက်စီးနင်းခဲ့တာ ကြောင့် ဗိုလ်ဆင်းရိုင်းတို့အဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ရက်အနည်းငယ်အကြာမှာတော့ ဦးခေါင်းမရှိတော့ဘဲ ခြေ၊ လက်တွေပါ ဖြတ်တောက် အသတ်ခံထားရတဲ့ ဗိုလ်ဆင်ရိုင်းရဲ့ ရုပ်အလောင်းကို တောစပ်အနီးမှာ ဇနီးဖြစ်သူနဲ့ ရွာသားတွေက တွေ့ရှိခဲ့တာပါ။

“တခြားတပ်တွေနဲ့ မတူတဲ့ဟာကတော့ လုံးဝ သတ်ဖို့အတွက်ကို သီးသန့်လေ့ကျင့်ထားတဲ့အတိုင်းပဲဗျ"

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) ရဲ့ ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ မှတ်တမ်းဗီဒီယိုအရ ဗိုလ်ဆင်ရိုင်းကို စစ်ကောင်စီ တပ်သားတစ်ဦးက ဦးခေါင်းဖြတ်ယူပြီး ပခုံးပေါ်ထမ်းသယ်သွား တာကို မြင်တွေ့ရပါတယ်။

ဗိုလ်ဆင်ရိုင်းကို သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဟာ စစ်ကောင်စီ တပ်မ ၉၉ လက်အောက်ခံ၊ အမှတ် ၇၀၈ ခြေမြန်တပ်ရင်းက ဖြစ်ပြီး ပြန်တမ်းဝင်အမှတ် ကြည်း ၃၇၉၇၄ ဒုတိယ ဗိုလ်မှူးကြီး ထွန်းလင်းအောင်က ဦးဆောင်တယ်လို့ စစ်ကိုင်းတိုင်းထဲက ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

ဗိုလ်ကြီး အောင်ဟိန်းဦး၊ ဒု-အရာခံဗိုလ် ဇော်နိုင်၊ တပ်ကြပ်ကြီး ဇော်ဆက်ဝင်း၊ တပ်ကြပ်ကြီး မြင့်ဇော်၊ တပ်ကြပ်ကြီး မောင်နိုင်၊ တပ်ကြပ် စိုးလှိုင်၊ တပ်ကြပ် ထွန်းဇော်မျိုး၊ တပ်ကြပ် သိန်းထွန်း၊ ဒုတပ်ကြပ် ရဲရင့်ပိုင်၊ ဒုတပ်ကြပ် သီဟစိုး၊ တပ်သား ပြည့်စုံအောင်၊ တပ်သား မင်းသူ၊ တပ်သား သန့်ဇင်၊ စစ်အင်ဂျင်နီယာ တပ်သား နေလင်း စတဲ့ တိုက်ရဲ၊ ခိုက်ရဲ၊ သတ်ဖြတ်ရဲတဲ့ လက်မရွံ့စစ်သားတွေ ပါဝင်တယ်လို့လည်း မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ တခြားစစ်ကြောင်းတွေနဲ့ မတူဘဲ ဝင်သမျှ ရွာတိုင်းမှာ PDF  တပ်ဖွဲ့ဝင် တွေနဲ့ သူတို့ကို ထောက်ခံတယ်လို့ ယူဆရတဲ့ ရွာသားတွေကို ရက်ရက်စက်စက် သတ်ဖြတ် လေ့ ရှိတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ တာဝန်ရှိသူ ကိုနွေဦး က RFA ကို ပြောပါတယ်။

“တခြားတပ်တွေနဲ့ မတူတဲ့ဟာကတော့ လုံးဝ သတ်ဖို့အတွက်ကို သီးသန့်လေ့ကျင့်ထား တဲ့ အတိုင်းပဲဗျ။ သတ်တဲ့နေရာမှာ ဆိုလို့ရှိရင်လည်း ခေါင်းဖြတ်ရုံတင် မဟုတ်ဘူး။ ခေါင်းဖြတ်၊ နားရွက်တွေ အေးအေး ဆေးဆေးဖြတ် အဲဒီလိုမျိုး ရက်ရက်စက်စက်တွေ သတ်တယ်ပေါ့နော်။ ပြီးလို့ရှိရင် စစ်ကြောင်းအနေအထားအရ သူတို့ကိုယ်တိုင်ကလည်း သရဲ၊ သဘက် စီးနေသလိုမျိုးပဲ၊ သွားရမယ် တိုက်ရမယ်ဆိုရင် ဘယ်လောက် အန္တရာယ် ရှိရှိ၊ ဘယ်လောက်ပဲ သူတို့ကို ပစ်ခတ်နေနေ၊ မတုန်မလှုပ် ရှေ့ကိုဆက်သွားတဲ့ သဘော မျိုး။ တိုက်ပွဲအတွင်းမှာလည်း တွေ့ခဲ့တဲ့အခါမျိုးလည်း ရှိတယ်"

အဲဒီစစ်ကြောင်းဟာ စစ်ကိုင်းတိုင်းက လက်နက်ကိုင် ခုခံမှုအားကောင်းတဲ့ စစ်ကိုင်း၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ မြင်းမူ၊ မြောင်-စတဲ့ မြို့နယ်တွေက ကျေးရွာတွေကို ဝင်ရောက်ခဲ့ပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ဖမ်းဆီးနှိပ်စက်မှုနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုတွေကို မြင်တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသခံတွေက အဲဒီစစ်ကြောင်းကို ရက်စက်ကြမ်းကြုတ်တဲ့ ဘီလူး စစ်ကြောင်းအဖြစ် နာမည်ပေးထားပြီး စစ်သားတွေကိုယ်တိုင်ကလည်း ရွာတစ်ရွာကို ဝင်လိုက်တာနဲ့ သူတို့ ဘယ်လောက် သတ်ရဲဖြတ်ရဲကြောင်း ရွာသားတွေကို ပြောလေ့ ရှိတယ်လို့ ဆိုပါတယ်။                                                    

အဲဒီ စစ်ကြောင်းဟာ မြောင်မြို့နယ်ကို မဝင်ရောက်ခင် မတ်လဆန်းတုန်းကလည်း စစ်ကိုင်းမြို့နယ် တာတိုင်ရွာနဲ့ မြင်းမူမြို့နယ် လက္ကပင်ရွာကို ဝင်ရောက်ခဲ့ပါတယ်။ လက္ကပင်ရွာမှာ ရွာသား ၁၀ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး တာတိုင်ရွာက PDF ခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခ) ကိုကျော်ဇော် ကို ဦးခေါင်း၊ လက်နှစ်ဖက်နဲ့ ‌ခြေနှစ်ဖက် ပါ ဖြတ်တောက်ရုံမက အူထုတ်သတ်ဖြတ်တဲ့အထိ လုပ်ဆောင်ခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၂ ရက် တာတိုင်ရွာက ပြန်အထွက်မှာ လူသားဒိုင်းအဖြစ် ဖမ်းခေါ် သွားတဲ့ ရွာသား ၁၆ ဦး ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးအေးလှိုင် ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဖုန်းခေါ်ခဲ့သလို စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေး အဖွဲ့ကို ဗိုက်ဘာကတစ်ဆင့် မေးမြန်းခဲ့ပေမယ့်လည်း တုံ့ပြန် ဖြေဆိုခြင်း မရှိပါဘူး။

စစ်တပ်အရာရှိအဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေး အင်စတီကျုရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ တပ်မတော်မှာ တိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပြီးသားမို့   ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုတွေ မလုပ်ဘူးလို့ ငြင်းဆိုပါတယ်။

“တပ်မတော်တစ်ရပ်က သူ့မှာချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပြီးသား။ ရခိုင်ကိစ္စဖြစ်ခဲ့တုန်းကလည်း ဥပမာတွေ ရှိပြီးသားပါပဲ။ နံပါတ်တစ် တစ်ချက်ပြောဖို့က အဲဒီနေရာမှာ ဘီလူးစစ်ကြောင်း ဆိုတာ PDF ဘက်ကပဲ အသံထွက်တာ။ အဲဒီဘက်မှာ စစ်ကြောင်းထိုးတယ် ဝုန်းဒိုင်းကြဲတယ်ဆိုတာလည်း သူတို့ဘက်က အသံထွက်တာပဲ ဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရင် ဒါနဲ့ပတ်သက်ပြီး ဒီထက် Detail (အသေးစိတ်) ကျတဲ့ဟာတော့ စောင့်ဖို့လိုပါလိမ့်မယ်”

မြင်းမူမြို့နယ်ဘက်အခြမ်း ညောင်ရင်းကျွန်းပေါ်တွင် အသတ်ခံခဲ့ရသူများ၏ ရုပ်အလောင်းများအား ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့က သယ်ယူနေစဉ်။ (Photo:  Citizen Journalist)
မြင်းမူမြို့နယ်ဘက်အခြမ်း ညောင်ရင်းကျွန်းပေါ်တွင် အသတ်ခံခဲ့ရသူများ၏ ရုပ်အလောင်းများအား ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့က သယ်ယူနေစဉ်။ (Photo: Citizen Journalist)

အရင်က စစ်တပ်မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်လာသူ သူ့ကိုယ်သူ နတ်သားလို့ အမည်လွှဲပေးထားတဲ့ ဗိုလ်ကြီးတစ်ဦး ကတော့ စစ်တပ်မှာ စစ်ဦးဘီလူး၊ ယက္ခဗျူဟာ လို့ခေါ်တဲ့ စတ်ဓာတ်စစ်ဆင်ရေး ဗျူဟာ ရှိတယ်လို့ ဆိုပါတယ်။

ဒါဟာ စစ်တပ်က သုံးလေ့ရှိတဲ့ လူထုကို ကြောက်ရွံ့အောင်လုပ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေး နည်းဗျူဟာ ဖြစ်တယ်လို့ CDM ဗိုလ်ကြီး နတ်သား က RFA ကို ပြောပါတယ်။

“ဒီလိုရက်ရက်စက်စက် ခေါင်းဖြတ်သတ်တယ်၊ မီးရှို့သတ်တယ်ဆိုတာ စစ်ပွဲဆိုတာကို ရွံသွားအောင် လုပ်ပစ်တာဗျ။ ဒါက စိတ်ဓာတ် စစ်ဆင်ရေး။ ဘာဖြစ်လဲဆိုတော့ တပ်မ ၉၉ စစ်ကြောင်းဝင်လာပြီဆို သူ့ကို ရင်မဆိုင်ချင်ဘူး၊ ဒီရွာမှာ လူတွေ သောင်းနဲ့ချီ ရှိပေ မယ့်လည်း တစ်ယောက်က ခေါင်းဖြတ်ခံရမယ်ဆိုရင် အဲဒီတစ်ယောက်က ဘယ်သူမှ မဖြစ်ချင်ဘူး။ အဲဒီ Psycho ကို သွင်းပေးတာ။ ပြေးနိုင်မှ လွတ်မယ် ပေါ့နော်။ အဲဒါက ဘာလဲဆိုတော့ စစ်ဦးဘီလူးလို့ ခေါ်တယ်။ ယက္ခဗျူဟာလို့ ခေါ်တယ်။ ကြမ်းကြမ်း တမ်းတမ်းကို ဆက်ဆံတာ”

ဒီလို သတ်ဖြတ်မှုတွေဟာ စစ်တပ်က အကြမ်းဖက်မှုတွေကို တစ်ဆင့်မြှင့်လာတဲ့ သဘောလို့ နိုင်ငံရေး လေ့လာသုံသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။

“အဲဒီလိုပဋိပက္ခမျိုးတွေ ကြီးထွားလာတာက သိပ်ပြီးတော့ အကျိုးမရှိပါဘူး။ စစ်ဘက် ပြိုင် တိုက်ခိုက်တယ် ဆိုရင်တော့ နှစ်ဖက်အင်အား အချင်းချင်း တွေ့ဆုံတိုက်ခိုက်ကြ တာမျိုးက ပြဿနာ မရှိပါဘူးပေါ့။ တစ်ဦးချင်း အဲဒီလို အရေးယူမှုတွေကျတော့ နိုင်ငံတကာ စစ်ရာဇဝတ်မှုတွေထဲမှာ အကျုံးဝင်တဲ့ ကိစ္စတွေဖြစ်တဲ့အခါကျ တော့ အဲဒါမျိုးတွေ လုပ်လာတာကတော့ စစ်ကောင်စီဘက်က သူ့ရဲ့အကြမ်းဖက်မှု လက္ခဏာကို တစ်ဆင့်မြှင့်လာတဲ့ သဘောလို့ ကျနော်ကတော့ ယူဆပါတယ်ခင်ဗျာ"

ဗြိတိန်အခြေစိုက် မြန်မာနိုင်ငံလူ့အခွင့်အရေးကွန်ရက် အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဝင်း ကတော့ ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုတိုင်းအတွက် ကျူးလွန်သူ အဆင့်ဆင့်မှာ တာဝန်ရှိတာကြောင့် နိုင်ငံတကာ ဥပဒေအရ အရေးယူနိုင်ဖို့ စနစ်တကျ မှတ်တမ်းပြုစုနေတယ်လို့  RFA ကို ပြောပါတယ်။

“ပြောရမယ်ဆိုရင်တော့ဗျာ ဒါကတော့ ကြောက်စရာကောင်းတဲ့ ရာဇဝတ်မှုတွေကို သူတို့ ကျူးလွန်နေတယ်။ နိုင်ငံတကာ ဥပဒေတွေလည်း ဒါတွေက ရှိပြီးသား အရေးယူဖို့ဆိုတာက၊ ဒါပေမဲ့ ဒီဟာကို အချိန်အတိုင်းအတာတစ်ခုမှာ ဒါတွေတော့ ဖြစ်လာမယ်ပေါ့နော်၊ ဒီလိုမျိုး ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အဓိက တရားခံက တော့ အဆင့်ဆင့် အရာရှိတွေတိုင်းမှာ တာဝန်ရှိသွားပြီပေါ့နော်။ ကျနော်တို့ ကြားရ သလောက်တော့ တပ်မ တချို့ သူတို့နောက်ကွယ်မှာ ရှိတယ်။ အဲဒီ တပ်မတွေကိုလည်း တတ်နိုင်သလောက် စာရင်းတွေ ပြုစုနေတယ်ပေါ့နော်”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ကလည်း  ဒီလိုရာဇဝတ်မှုတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC တင်ဖို့ ကြိုးစားနေတယ်လို့ တာတိုင် ရွာဖြစ်ရပ်နဲ့ ပတ်သက်ပြီး မတ်လ ၆ ရက်နေ့က RFA ကို ပြောခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ဧပြီလ ၁၂ ရက် မနေ့ကအထိ စာရင်းအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ သတ်ဖြတ်ခံရသူ ၃၂၄၀ ဦး ရှိပြီး အဲဒီ အထဲမှာ ကလေးသူငယ် ၃၂၀ ဦး ပါဝင်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။