လက်နက်ကိုင်အဖွဲ့ နယ်မြေတွေမှာ ကျောင်းတွေ ဆက်ဖွင့်
2020.12.17
ကိုရိုနာဗိုင်းရပ်ကူးစက်မှုကြောင့် တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေ ပိတ်ထားရပေမယ့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေ အပါအဝင် တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ချို့တွေရဲ့ ထိန်းချုပ်ရာနယ်မြေတွေထဲက စာသင်ကျောင်းကတော့ ဖွင့်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေချိန်ကတည်းကစပြီး မြန်မာတစ်နိုင်ငံလုံးက စာသင်ကျောင်းတွေ ငါးလနီးပါးကြာ ပိတ်ထားပေမယ့် မွန်ပြည်သစ်ပါတီ တပ်ဧရိယာမှာရှိနေတဲ့ မွန်အမျိုးသားပညာရေးကျောင်းတွေက ကိုရိုနာဗိုင်းရပ် ကူးစက်နိုင်ချေမရှိဘူးလို့ ယုံကြည်ထား ကြတဲ့အတွက် စာသင်ကျောင်းတွေ ဖွင့်ထားပါတယ်။
မွန်အမျိုးသားကျောင်းပေါင်း ၂၀ ကျော်က ကျောင်းသူ၊ ကျောင်းသားမိဘတွေရဲ့ တောင်းဆိုမှုအရ ဖွင့်ထားတာလို့ မွန်အမျိုးသား ပညာရေးဌာန စီစဉ်ညှိနှိုင်းရေးမှူး မင်းအောင်ဇေက RFA ကို ပြောပါတယ်။
“ကျောင်းတွေမှာတော့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဧရိယာထဲမှာ ဝေးလံခေါင်ဖျားဒေသလည်းဖြစ်တယ်။ နောက်ပြီးတော့ နယ်စပ် ဒေသဧရိယာမှာ ရှိတာပေါ့နော်၊ ဒီနေရာတွေက အများနဲ့ လွတ်လွတ် ကင်းကင်းရှိတဲ့အခါကျတော့ ဖွင့်ရင်ဖွင့်နိုင်တယ်ဆိုပြီးတော့ မွန်ပြည်သစ်ပါတီနဲ့ ညှိနှိုင်းပြီးတော့ အဲဒီမှာ ဖွင့်ထားတာရှိတယ်။ ကျောင်းမဖွင့်ရင် ကျောင်းသားတွေ စာထဲမှာ စိတ်မဝင်စား တော့ဘဲနဲ့ တခြားဘက်ကို ထွက်ပေါက်ရှာမှာကို စိုးရိမ်တယ်၊ နောက်တစ်ခုက ဆရာ၊ ဆရာမတွေအနေနဲ့လည်း အလုပ်လက်မဲ့ ဖြစ်သွားမှာကို စိုးရိမ်တယ်။ နောက်ကျောင်းသားမိဘတွေကလည်း ဖွင့်စေချင်တယ်။ မိဘတွေနဲ့ ညှိနှိုင်းပြီးတော့ မိဘတွေက ဖွင့်စေချင်လို့ ဖွင့်တာလေ”
ပြီးခဲ့တဲ့ ပညာသင်နှစ်တွေတုန်း ဇွန်လမှာ ကျောင်းတွေကို စတင်ဖွင့်လှစ်နိုင်ခဲ့ပေမယ့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာ ပိုးကူးစက်မှု တွေကြောင့် ဇူလိုင်လ ၁၅ ရက်နေ့လောက်မှသာ ကျောင်းတွေကို ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ပိုးကူးစက်မှုကာကွယ်ရေးကိစ္စတွေ စာသင်ခန်းတွေမှာ ကူးစက်မှုမရှိစေဖို့ ကြိုတင်ကာကွယ်ရမယ့်ကိစ္စရပ်တွေကို လေ့ကျင့်မှုတွေ ပြုလုပ်ပေးခဲ့ပြီး မွန်အမျိုးသားပညာရေးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ဖွင့်ထားတယ်လို့လည်း မင်းအောင်ဇေက ပြောပါတယ်။
မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီလပိုင်းလောက်ကစပြီး ပိုးတွေ့လူနာ ၂၀၀၀ နီးပါးရှိကာ ပြန်လည်သက်သာပြီး ဆေးရုံဆင်းခွင့်ရှိသူ ၁၇၀၀ နီးပါးရှိပါတယ်။
ဖွင့်ထားတဲ့ မွန်အမျိုးသားစာသင်ကျောင်းတွေမှာတော့ လူမှုအဖွဲ့အစည်းတစ်ချို့က လက်သန့်ဆေးရည်တွေ၊ Mask တွေ ပိုးသတ်ဆေးတွေ စတဲ့ အကာအကွယ်ပေးမယ့်ပစ္စည်းတွေကို လှူဒါန်းပေးထားတယ်လို့ ညီစားအထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီး မိသွန်းမလေ က ပြောပါတယ်။
“ဘာကြောင့်ဖွင့်ဖြစ်လဲဆိုရင် ဒေသအခြေအနေအရ ကိုဗစ်ကူးစက်မှုမဖြစ်နိုင်ဘူး၊ နောက်တစ်ခုကတော့ မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်ဧရိယာထဲမှာဆိုတော့ ကိုဗစ်ကာကွယ်တားဆီးရေးကိစ္စတွေကိုလည်း လုပ်ဆောင်နေတယ်။ ပြီးတော့ ပညာရေးဌာနက ကျောင်းသူ၊ ကျောင်းသားတွေအတွက် ကူးစက်မှုကို ကာကွယ်ပေးမယ့်ပစ္စည်း Mask တွေ လက်သန့်ဆေးရည်တွေ ကူညီထောက်ပံ့ ပေးထားတယ်ဆိုတော့ ကျောင်းဖွင့်ဖြစ်သွားတာပေါ့နော်”
ကျောင်းသူ၊ ကျောင်းသားဦးရေများတဲ့ကျောင်းတွေကတော့ အသုပ်လိုက်ခွဲပြီး ကျောင်းတက်နေကြပါတယ်။ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဧရိယာ မဟုတ်တဲ့နေရာတွေမှာ အစိုးရကျောင်းဖွင့်ပြီးမှသာ မွန်အမျိုးသားကျောင်းတွေကို ဖွင့်သွားမယ်လို့ မွန်အမျိုးသားပညာရေးဌာန တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
ရေးချောင်းဖျားဒေသ၊ ကြာအင်းဆိတ်ကြီး၊ ရေဖြူ၊ ဘုရားသုံးဆူ စတဲ့မြို့နယ်တွေက မွန်အမျိုးသား ကျောင်းသီးသန့် သင်ကြားတဲ့ ကျောင်းတွေကတော့ ဖွင့်ထားပြီး အစိုးရကျောင်းနဲ့ တွဲဖက်သင်ကြားတဲ့ ကျောင်းတွေကတော့ ပိတ်ထားပါတယ်။
မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေကို စာသင်ကျောင်းတွေ ဘယ်လိုစီစဉ်ထားသလဲဆိုတာနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အစည်းအဝေးရှိလို့ မဖြေကြားနိုင်ခဲ့ကြပါဘူး။
ရောဂါပိုးနဲ့ ကလေးတွေပညာရေး နှစ်ဖက်လွန်ဆွဲနေရတဲ့ အခြေအနေကို ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ အိုင်ရှည်ကျေးရွာဒေသခံ မိနွယ်ဦးက အခုလိုပြောပါတယ်။
"ကလေးတွေအတွက် တစ်ဖက်သတ်ပြန်စဉ်းစားရင် စိုးရိမ်တယ်။ ကလေးတွေက အပြင်လောက စာမေ့သွားမှာကြောက်လို့ သူတို့တွေက ဘယ်လိုပြောရမလဲဆိုတော့ အပြင်လောက ရောက်နေပြီးပေါ့နော်၊ ကျောင်းနဲ့ဝေးနေတဲ့အတွက်ဆိုတော့ တဖက် ကလည်း ကျွန်မတို့က ကလေးတွေအတွက် ဒီရောဂါပိုးကို စိုးရိမ်နေရတယ်။ ပညာရေးအတွက်ဆုံးရှုံးမှာကိုလည်း ကျွန်မတို့ စိုးရိမ်မိတယ်"
၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲ မွန်အမျိုးသားကျောင်း ၁၃၃ ကျောင်းရှိပြီး ကျောင်းသား တစ်သောင်းကျော်ရှိကာ အစိုးရကျောင်းနဲ့ တွဲဖက်သင်ကြားတဲ့ ကျောင်း ၉၂ ကျောင်းရှိကာ စုစုပေါင်း ကျောင်းသားဦးရေ ၁၄၀၀၀ ကျော်ရှိပြီး ကျောင်းဆရာ၊ ဆရာမ ၇၈၀ ဦးနဲ့ ပညာသင်ကြားလျက်ရှိပါတယ်။ မွန်ပြည်နယ်တစ်ခုလုံးမှာ စာသင်ကျောင်းပေါင်း ၁၅၀၆ ကျောင်းရှိကာ ဆရာ၊ ဆရာမ စုစုပေါင်း ၁၆၀၄၉ ဦးရှိပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေတွေမှာလည်း စာသင်ကျောင်းတွေ ဖွင့်လှစ်ထားပါတယ်။ KNU ပညာရေးဌာနဦးစီးတဲ့ စာသင်ကျောင်းတွေရှိသလို အပစ်ရပ်လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်းမှာ အစိုးရကျောင်းနဲ့ ပူးပေါင်းတဲ့ စာသင်ကျောင်းလည်း ရှိပါတယ်။
KNU နယ်မြေထဲက စာသင်ကျောင်းတွေမှာတော့ ကျောင်းသားမိဘဆန္ဒအတိုင်း ကိုဗစ်ရောဂါကာကွယ်ရေးအစီအမံတွေနဲ့အညီ ဖွင့်လှစ်ပေးထားပါတယ်လို့ KNU တပ်မဟာ ၇၊ လှိုင်းဘွဲမြို့နယ် အတွင်းရေးမှူး ပဒို စောအယ်ထီးက RFA ကို ပြောပါတယ်။
“ကိုဗစ်ကာလနဲ့ ပတ်သက်ပြီးတော့ အစိုးရနဲ့တွဲထားတဲ့ကျောင်းတွေမှာတော့ အစိုးရက ပိတ်ထားခိုင်းတယ်ဆိုတော့ KNU လည်း ပိတ်ပေးလိုက်သလို ဖြစ်သွားတာပေါ့နော်။ KNU ထိန်းချုပ်နယ်မြေတွေထဲ မှာတော့ KECD ကျောင်းတွေကိုတော့ ကျနော်တို့ အကုန်လုံး ဖွင့်ထားပေးတယ်။ ကျောင်းသားမိဘတွေရဲ့ သဘောဆန္ဒတွေပဲ သူတို့ကလေးတွေကို ကျောင်းပေးတက်စေချင်တယ်။ ကျနော်တို့က အတင်းအဓမ္မ မတိုက်တွန်းဘူး”
UWSA ဝတပ်ဖွဲ့ ထိန်းချုပ်ရာ ဒေသမှာတော့ ကျောင်းအများစုကို ဖွင့်ထားတယ်လို့ UWSA ရဲ့ လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ရှိသူ ဦးညီရမ်းက ပြောပါတယ်။
“ပန်ဆန်းပေါ့နော်၊ ဒီရက်ပိုင်းတွေ ပိတ်ထားတယ်။ တခြားမြို့နယ်တွေတော့ အကုန်ပုံမှန်ဖွင့်ထားတယ်။ ကျောင်းတွေကတော့ အရင်တုန်းကလည်း ပုံမှန်ဖွင့်ထားတယ်”
လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်တဲ့ဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။
ကပ်ဘေးကာလမှာ ကူးစက်မှု အများဆုံးဒေသတွေကတော့ ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးတို့ပဲ ဖြစ်ပါတယ်။