စစ်ရေးအရ အရေးပါတဲ့ မိုးဗြဲမှာ အရပ်သားသေဆုံးမှု ပိုများလာ
2023.06.23

ကရင်နီ (ခေါ်) ကယားပြည်နယ်ရဲ့ ဂိတ်ပေါက်လို့ တင်စားလေ့ရှိတဲ့ ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့မှာ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း အရပ်သား ၆၆ ဦးသေဆုံးခဲ့ပြီး၊ အဲဒီထဲမှာ အသက် ၁၈ နှစ် အောက် ကလေး ၁၃ ဦး ပါဝင်တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု PKPF တာဝန်ရှိသူက RFA ကို ပြောပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ မေလ ၃၀ ရက်အထိ နှစ်နှစ်ကျော်အတွင်း သေဆုံးသူ ၆၆ ဦးမှာ အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၁၅ ဦးနဲ့ အမျိုးသား၊ အမျိုးသမီး တိတိကျကျ မသိရသူ ခြောက်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
အသတ်ခံရသူတွေထဲမှာ အသက်ရှင်လျက် ဖမ်းဆီးခံရပြီးမှ စစ်ကောင်စီတပ်က စစ်သုံ့ပန်း ဥပဒေကို မလိုက်နာဘဲ သတ်ဖြတ်ခံခဲ့ရသူ ၄၁ ဦး၊ လက်နက်ကြီးထိမှန် သေဆုံးသူ ၂၀ ဦးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ သုံးဦး ပါဝင်ပြီး ကျန်တဲ့သူတွေကတော့ လက်နက်ကိုင်ပဋိပက္ခနဲ့ ဆက်စပ်ပြီး ပုံသဏ္ဍန်မျိုးစုံနဲ့ သေဆုံးရသူတွေ ဖြစ်ပါတယ်။
အခုနှစ် မေလ ၂၇ ရက်ကနေ ဇွန်လ ၁၅ ရက်အတွင်း အရပ်သား ၃၀ နီးပါး သေဆုံးခဲ့တာကြောင့် နှစ်နှစ်ကျော်အတွင်း အများဆုံးဖြစ်တယ်လို့ PKPF တာဝန်ရှိသူက ပြောပါတယ်။
“၆၆ ယောက်ထဲမှာတော့ ကလေးငယ် ၁၃ ယောက်ပါတယ်။ မိန်းကလေးကလည်း ၁၅ယောက် လောက်ပါတာပေါ့။ အဓိကတော့ စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်တာရယ်၊ လက်နက်ကြီး ထိမှန်တာတွေရယ်ကြောင့် အဓိက သေဆုံးတာကို တွေ့ရတာပေါ့။ အာဏာသိမ်း တစ်လျှောက်လုံးမှာ ဒီလ အများဆုံးပေါ့နော်။ သတင်းအရ ကျွန်တော်တို့ တချို့နာမည်ရတဲ့ လူစာရင်းအရရော၊ နာမည်မရတဲ့ လူစာရင်းအရရော လူ ၃၀ နားကပ်နေပြီဆိုတော့ အရပ်သား သေဆုံးမှုက ဒီလတော့ အများဆုံးလို့ ပြောရမယ်”
အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း မိုးဗြဲမြို့မှာ တိုက်ပွဲပေါင်း ၆၁ ကြိမ်ဖြစ်ခဲ့ပြီး လေကြောင်း တိုက်ခိုက်ခံရမှု ၃၉ ကြိမ်အထိ ရှိခဲ့တယ်လို့ PKPF ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေရဲ့ နေအိမ် ၁၇၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နီကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က အလုပ်သွား အလုပ်ပြန်တဲ့ အရပ်သားတွေကိုပါမချန် ပစ်ခတ်သတ်ဖြတ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးဗြဲဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တချို့ တောင်ယာကနေ ပြန်လာလည်း ပစ်သတ်တယ်။ တချို့ မိန်းကလေးလည်း ထော်လာဂျီနဲ့ ပြန်လာလည်း ပစ်သတ်တယ်။ နောက် အိမ်ထဲမှာနေလည်း ပစ်သတ်တယ်။ တွေ့တဲ့လူကို အရမ်း လျှောက်လျှောက်ပစ်တော့ တော်တော်သေသွားတယ်။ တချို့က အလောင်းကောက်လို့ ရတယ်၊ တချို့က ကောက်လို့မရတာ ရှိသေးတယ်။ အရပ်သားက ထော်လာဂျီနဲ့ပြန်တယ်ဆို အသိအသာကြီးကွာ အဲဒါ PDF လုံးဝ မဟုတ်တာဆိုတာလည်း အသိအသာကြီး၊ အဲဒါကိုလည်း ပစ်သတ်တယ်။ တချို့တွေက ဖမ်းမိတယ်၊ PDF မဟုတ်မှန်းသိလည်း သိတယ်။ ဒါလည်း သတ်တယ်”
ကရင်နီလူ့အခွင့်အရေးအဖွဲ့က ကောက်ယူထားတဲ့ စာရင်းအရ မေလ ၂၇ ရက်ကနေ ဇွန်လ ၁၂ ရက်အထိ နှစ်ပတ်ကျော်အတွင်း သေဆုံးခဲ့တဲ့ အရပ်သား ၃၃ ဦးရှိပြီး၊ အဲဒီထဲမှာ ကလေး ၁၃ ဦး ပါဝင်ပါတယ်။
စစ်ကောင်စီက အခုရက်ပိုင်းမှာ အရင်လို စစ်ကြောင်းထိုးပြီး ပြန်ထွက်သွားတာမျိုး မဟုတ်ဘဲ မြို့ပေါ်ရပ်ကွက်တွေမှာ အထိုင်ချ တပ်စွဲထားပြီး လူနေအိမ်တွေထဲအထိ ဝင်ရောက်ရှင်းလင်း သတ်ဖြတ်တာကြောင့် အခုလို အရပ်သားသေဆုံးမှု ပိုများလာတာလို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။
“ဒီတစ်ခေါက် တပ်က ရပ်ကွက်တွေထဲမှာ နေရာတော်တော်များများ ဖြန့်ကျက်ပြီးတော့မှ အထိုင်ပုံစံမျိုး လုပ်လိုက်တာ ရှိတယ်ပေါ့နော်။ လူထုတွေကတော့ ပုံမှန်အတိုင်းပေါ့နော် နေလို့ရမယ်ဆိုတဲ့ ပုံစံမျိုး သွားနေကျနေရာအတိုင်း ဝင်ထွက်မယ်လို့ ယူဆတဲ့အတွက်ကြောင့်မို့ တချို့ ရပ်ကွက်က လူတွေက မပြောင်းရွှေ့ခဲ့ဘူးပေါ့။ အဲဒီအပေါ်မှာ တပ်တွေက တစ်အိမ်ချင်းစီဝင်ရောက် ပြီးတော့ ဖမ်းဆီးသတ်ဖြတ်၊ အနီးကပ် ပစ်ခတ်မှုတွေကြောင့် သေဆုံးရတာတွေက ပိုများပါတယ်”
မြေပြင်မှာ အထိနာလာတဲ့ စစ်ကောင်စီက အခုလို အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ် နေတာဟာ ကာကွယ်ရေးအဖွဲ့တွေနဲ့ လူထုကြား သွေးခွဲနေတာဖြစ်တယ်လို့ မိုးဗြဲ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနေကောင်းက ပြောပါတယ်။
“စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်မှုမလုပ်နိုင်တော့ ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတယ်။ ကြာရင် ဒါတွေများလာရင် ကျွန်တော်တို့နဲ့ ပြည်သူကြားမှာ သွေးကွဲမှုတွေ မြင့်သထက် မြင့်လာအောင်ဆိုပြီးတော့ ဒါသူတို့က အရပ်သားပြည်သူတွေ ကိုရောပေါ့နော် နေအိမ်တွေကိုရော ပစ်ခတ် တိုက်ခိုက် မီးရှို့တာတွေ ပိုပြီးလုပ်ဆောင်လာတယ်လို့ မြင်မိတယ်”
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်တို့ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။ စစ်ကောင်စီသတင်းစာတွေကနေလည်း သတင်းမထုတ်ပြန်သေးပါဘူး။
"တချို့တွေက ဖမ်းမိတယ်၊ PDF မဟုတ်မှန်းသိလည်း သိတယ်။ ဒါလည်း သတ်တယ်"
ရှမ်း-ကယားနယ်စပ်က မိုးဗြဲမြို့နဲ့ ကယားပြည်နယ်တစ်ခုလုံးဟာ စစ်ကောင်စီရဲ့ ဝန်ကြီးဌာနအားလုံး ရုံးစိုက်ရာ နေပြည်တော်နဲ့ နီးကပ်သလို မိုးဗြဲမြို့နယ်ဟာ ကရင်နီ ကာကွယ်ရေးတပ်တွေ အားကောင်းတဲ့ မြို့ဖြစ်တာကြောင့် စစ်ကောင်စီက ဒီမြို့ကို အင်အားအလုံးအရင်းနဲ့ ချေမှုန်းနေတာလို့ နိုင်ငံရေး၊ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။
နေပြည်တော် မကျဖို့ဆိုရင် စစ်ကောင်စီက မိုးဗြဲမြို့ကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ အင်နဲ့အားနဲ့ ကြိုးစားလိမ့်မယ်လို့ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“ရှမ်း-ကယားနယ်စပ်မှာ ပဒေါင်တောင်တန်းတွေ ရှိတယ်။ အဲဒီတောင်တန်းတွေ ကျော်လိုက်ရင် ပေါင်းလောင်းမြစ်ထဲကို ရောက်သွားတော့မှာ။ ဒါက နေပြည်တော်ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့ ပျဉ်းမနားအရှေ့ဘက်ခြမ်း ဖြစ်သွားတယ်။ အဲဒီဒေသတွေက နေပြည်တော် လုံခြုံရေးအတွက် မဟာဗျူဟာ အချက်အချာ ကျတဲ့နေရာ ဖြစ်ပြီးတော့ စစ်ရေးအရ နိမ့်ပါးနေတဲ့ အခြေအနေပေါ့ဗျာ။ အဲဒါကို သူ့အနေနဲ့ နလန်ထူအောင် ပြန်ပြီးတော့ ကြိုးစားရမယ်။ ဒါမှသာလျှင် သူက နေပြည်တော် ခံစစ်ကြောင်းကို ခိုင်ခိုင်မာမာ တည်ဆောင်နိုင်မှာ။ မန္တလေးကို သိမ်းမယ့်အခြေအနေ ပေါ်နေဦးတော့ သူက သိပ်ဂရုစိုက်မှာ မဟုတ်ဘူး။ နေပြည်တော်ကို ထိုးဝင်မယ့် အခြေအနေမျိုးကိုတော့ သူက ဂရုမစိုက်လို့ မရဘူးလေ”
မိုးဗြဲမှာ စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက မြို့ပေါ် ရပ်ကွက်တွေမှာ နေရာယူထားသလို မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ လွိုင်ကော်အခြေစိုက် အမြှောက်တပ်ကနေ ကရင်နီတပ်တွေ ခိုအောင်းနေတယ်လို့ ယူဆရတဲ့ လူနေ ရပ်ကွက်တွေထဲထိ လက်နက်ကြီးတွေနဲ့ နေ့စဉ်လိုလို ပစ်ခတ်နေတယ်လို့လည်း မိုးဗြဲဒေသခံတွေက ပြောပါတယ်။
မိုးဗြဲမြို့မှာ လူဦးရေ သုံးသောင်းဝန်းကျင်ရှိပြီး လက်နက်ကိုင် ပဋိပက္ခနဲ့ ဖမ်းဆီး သတ်ဖြတ်မှုတွေကြောင့် အားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်ထိ စစ်ရေးအခြေအနေ တင်းမာနေပြီး စစ်ကောင်စီတပ်က လူနေ ရပ်ကွက်တွေထဲမှာ နေရာယူထားတာတွေကြောင့် ပုန်းရှောင်နေတဲ့ ဒေသခံတွေ အိမ်မပြန်ကြဖို့ ကရင်နီ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။