မုန်တိုင်းသင့် ရခိုင်ပြည်သူတွေ အကူအညီအမြန်ဆုံးရဖို့ မျှော်လင့်နေ

RFA Burmese
2023.07.05
မုန်တိုင်းသင့် ရခိုင်ပြည်သူတွေ အကူအညီအမြန်ဆုံးရဖို့ မျှော်လင့်နေ ရခိုင်ပြည်နယ်အတွင်း UNOCHA မှ ကူညီထောက်ပံ့ပေးမှုများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။
UNOCHA Myanmar

မိုခါမုန်တိုင်းတိုက်ခဲ့တာ နှစ်လနီးပါး ကြာလာတဲ့အထိ ထိရောက်တဲ့ အကူအညီတွေ မရသေးတာကြောင့် အမြန်ဆုံးရရှိဖို့ မျှော်လင့်နေတယ်လို့ ရခိုင်ပြည်နယ်က မုန်တိုင်းသင့်ပြည်သူတွေက ပြောပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက အမေရိကန်ဒေါ်လာ ငါးသိန်းကျော်ဖိုး လူသားချင်းစာနာမှု အကူအညီတွေ ရန်ကုန်လေဆိပ်ကို ပေးပို့ခဲ့တယ်လို့ ဇွန်လ ၂၆ ရက်နေ့က နိုင်ငံတကာ သတင်းမီဒီယာတွေကို ထုတ်ပြောထားပါတယ်။

ဩစတြေးလျအစိုးရကလည်း ရခိုင်အပါအဝင် မြန်မာနိုင်ငံက မုန်တိုင်းသင့် ပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ ဆယ်သန်းခွဲ ထောက်ပံ့ဖို့စီစဉ်ထားပြီး အဲဒီအကူအညီကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေကတစ်ဆင့် ပေးသွားမယ်လို့ ဇွန်လ ၂၆ ရက်နေ့က ကြေညာပါတယ်။

ဒီလိုပေးထားတဲ့ နိုင်ငံတကာရဲ့ အကူအညီတွေဟာ လိုအပ်နေသူတွေလက်ထဲ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် ရောက်အောင်ပေးစေချင်တယ်လို့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ဒေသခံတစ်ယောက်က ပြောပါတယ်။

“တကယ်လို့များ ကျွန်တော်တို့ ရခိုင်ပြည်ကို ထောက်ပံ့မယ်ဆိုရင်တော့ဗျာ ကျွန်တော်တို့အနေနဲ့ အဓိကပြောချင်တာက မေလ ၁၄ ရက်နေ့က တိုက်ခဲ့တဲ့ မိုခါမုန်တိုင်း နောက်ပိုင်းမှာ ဒီနေ့အချိန်အထိ ကျွန်တော်တို့ကို အပြည့်အဝ ပံ့ပိုးပေးနိုင်တဲ့လူကိုပဲ ရွေးချယ်ပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ အဲဒီအသင်းအဖွဲ့ပေါ်မှာပဲ စေတနာ ထားပြီးပေးနိုင်တဲ့အဖွဲ့ကို ဦးတည်ပြီးတော့ ပေးစေချင်ပါတယ်ခင်ဗျ”

ရခိုင်ပြည်နယ်၊ ဒါးပိုင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တစ်ဦးကလည်း ဒီနေ့ အချိန်အထိ ဒုက္ခသည်စခန်းတွေမှာ မုန်တိုင်းပြန်လည်ထူထောင်ရေးနဲ့ဆိုင်တဲ့ နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှုဆိုတာ မရှိသေးဘူးလို့ ပြောပါတယ်။

“အခက်အခဲက အခုကြုံတွေ့နေရတာက အဓိက ဒုက္ခသည်စခန်းတွေပေါ့နော်၊ IDP စခန်းတွေမှာ အမိုးအကာတွေ ဘာမှ အခုထိ မလုပ်ရသေးဘူး။ မရှိဘူး။ နောက်ပြီးတော့ စားဝတ်နေရေးတွေ နည်းနည်း ကျပ်တည်းမှု ရှိတယ်။ အလုပ်အကိုင်အနေနဲ့လည်း နည်းနည်းတော့ ရှားပါးလာသလို ဖြစ်နေတယ် မိုးရာသီ မို့လို့လေ။ နိုင်ငံတကာက ထောက်ပံ့လာမယ်ဆိုတဲ့ သတင်းတွေက ဒီဘက်ကို မရောက်ဘူး။ အဲဒီက အထောက်အပံ့တွေလည်း ဒီဘက်ကို မရောက်သေးဘူး”

ဒုက္ခသည်စခန်းတွေကို နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး (INGO) တွေက လိုအပ်တာတွေကို ထောက်ပံ့ကူညီပေးစေချင်တယ်လို့ သူကပြောပါတယ်။

မုန်တိုင်းသင့်ပြည်သူတွေအပေါ် လက်တွေ့အကူညီပေးရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့က ကုလသမဂ္ဂ လူသားချင်းစာနမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) နဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးစင်တာ (AHA Centre) တို့ကို RFA က အီးမေးလ်ကတစ်ဆင့် စာနဲ့မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ဒါပေမဲ့ ဇွန်လ ၂၂ ရက်နေ့က အများပြည်သူကို ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UN OCHA (Myanmar) ကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး အဖွဲ့တွေကို ခရီးသွားခွင့်နဲ့ လက်တွေ့ကူညီခွင့် ယာယီဆိုင်းငံ့ထားတာကြောင့် မုန်တိုင်းဒဏ်ခံရတဲ့သူတွေကို ကူညီရေးလုပ်ငန်းတွေ ထိခိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ လိုအပ်ချက်တွေ များနေတဲ့ ဒေသခံတွေဆီ ဝင်ရောက်ကူညီခွင့် ကျယ်ကျယ်ပြန့်ပြန့်ရဖို့ နေပြည်တော်နဲ့ ပြည်နယ်အဆင့် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ဇူလိုင် ၅ ရက် ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာတော့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UN OCHA ရဲ့ ယာယီအကြီးအကဲ Ms. Dannielle Parry စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်ကို ဇူလိုင် ၄ ရက်နေ့က နေပြည်တော်မှာ လာရောက်တွေ့ဆုံပြီး ရခိုင်ပြည်နယ်က မုန်တိုင်းသင့်ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

"နိုင်ငံတကာက ထောက်ပံ့လာမယ်ဆိုတဲ့ သတင်းတွေက ဒီဘက်ကို မရောက်ဘူး။"

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်း (INGO) တွေအနေနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို သူတို့ဆီက တစ်ဆင့်ပဲလှူဒါန်းရမယ်လို့ ဇွန်လ ၇ ရက်နေ့က စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည် နေရာချထားရေး ဒုဝန်ကြီး ဦးစိုးကြည် လက်မှတ်နဲ့ ထုတ်ပြန်ထားပါတယ်။ ဇွန်လ ၈ ရက်နေ့မှာတော့ စစ်ကောင်စီဟာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့တွေရဲ့ တိုက်ရိုက်ကူညီထောက်ပံ့ခွင့်ကို စပြီးပိတ်လိုက်ပါတယ်။

ဒီလို ပိတ်ထားတဲ့အတွက် ပြည်သူတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ပဲ ရပ်တည် ရှင်သန်နေရတယ်လို့ စစ်တွေမြို့က လူမှုကူညီရေးအသင်း တာဝန်ခံတစ်ယောက်က ပြောပါတယ်။

“အခု ကျွန်တော်တို့ရခိုင်ပြည်သူတွေက အဲဒီဘက်ကို စိတ်မဝင်စားဘူး။ ကိုယ့်ပြည်သူတွေက မိမိကိုယ်ကိုယ်မိမိ ရပ်တည်ပြီးတော့လှုပ်ရှားပါတယ်။ ဖြစ်ပျက်သွားတဲ့ မိမိပြည်မှာ ဖြစ်သွားတဲ့ဟာတွေကို မိမိကိုယ်ကိုယ် မိမိထူထောင်နေကြပါတယ်။ ကျွန်တော်တို့ ပြည်သူတွေက တော်တော်များများ အဲဒီဘက်ကို စိတ်မဝင်စားတော့ နိုင်ငံတကာပေါင်း ဒေါ်လာ ငါးသန်းလှူလိုက်တယ်။ ဆယ်သန်းလှူလိုက်တယ်။ ၁၅ သန်းလှူလိုက်တယ် အပေါ်မှာ မူတည်ပြီးတော့ မျှော်လင့်ခြင်းတော့မရှိဘူး”

လက်ရှိအချိန်ထိ မုန်တိုင်းကြောင့် ပျက်စီးရတဲ့အိမ်တွေရဲ့ ဆယ်ရာခိုင်နှုန်းလောက်ပဲ အိမ်အမိုးအကာနဲ့နေနိုင်ပြီး ကိုးဆယ်ရာခိုင်နှုန်းလောက်က ယာယီရွက်ဖျင်တဲတွေနဲ့ပဲ ဖြစ်သလိုနေရတယ်လို့ သူကပြောပါတယ်။

နိုင်ငံတကာအကူအညီတွေ တိုက်ရိုက်ပေးခွင့်ရရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။ ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို မေးကြည့်တော့ နိုင်ငံတစ်နိုင်ငံမှာ ကူညီခွင့်ရချင်ရင် လက်ရှိအုပ်ချုပ်နေတဲ့သူနဲ့ ဆက်သွယ်ဆောင်ရွက်ရတာဟာ ထုံးစံပဲလို့ ပြောပါတယ်။

မုန်တိုင်းကြောင့် နေအိမ်များ ပျက်စီးသွားသည့် တိမ်ညိုဒုက္ခသည်စခန်းအား ၂၀၂၃ ခုနှစ် မေလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဦးစိုးနိုင်)
မုန်တိုင်းကြောင့် နေအိမ်များ ပျက်စီးသွားသည့် တိမ်ညိုဒုက္ခသည်စခန်းအား ၂၀၂၃ ခုနှစ် မေလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဦးစိုးနိုင်)

“အတိုဆုံးနဲ့ အရှင်းဆုံးပြောရရင် လက်ရှိနိုင်ငံမှာ အာဏာသုံးရပ်ကိုင်တွယ်ပြီး အုပ်ချုပ်နေတာ နစက ဖြစ်တယ်။ အဲတော့ သူနဲ့ချိတ်ဆက်ပြီးမှ လှူရတဲ့ကိစ္စက ဒါပြောရရင်တော့ နိုင်ငံတစ်နိုင်ငံမှာ သွားနေတဲ့ ထုံးစံပဲ။ အဲဒါကို ကျော်လွန်ပြီးတော့မှ ဟိုဘက်ကို သွားချင်တယ်၊ ဒီဘက်ကို သွားချင်တယ် သွားလုပ်လို့ မရဘူး”

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကတော့ စစ်ကောင်စီဟာ တကယ်လိုအပ်နေတဲ့ သူတွေဆီ အကူအညီ မရောက်အောင် ရည်ရွယ်ချက်ရှိရှိ ဟန့်တားနေတာကြောင့် နိုင်ငံတကာ အလှူရှင်တွေရဲ့ ရည်ရွယ်ချက် အထမမြောက်ပဲဖြစ်နေတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အခုဖြစ်နေတာက စစ်ကောင်စီက သူတို့ဖန်တီးထားတဲ့ ဒုက္ခသည် ပြည်သူတွေကို သူတို့ရန်သူလို့ သဘောထားပြီး လူသားချင်း စာနာစိတ်မထားပါဘူး။ ဒါကြောင့် လက်တွေ့မှာ တကယ်လိုအပ်တဲ့ ဒုက္ခသည်တွေဆီ အကူအညီတွေ မရောက်အောင် ဟန့်တားတယ်၊ ခက်ခဲအောင်လုပ်တယ်၊ ဟန်ပြထောက်ပံ့မှုပြတယ်။ အဲတော့ ဒါတွေနဲ့ ပတ်သက်ပြီး အလှူရှင်တွေရဲ့ ရည်ရွယ်ချက်က အထမမြောက်ဘူး ဖြစ်နေတယ်”

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ ခုနစ်ဆယ်ရာခိုင်နှုန်းအထိ အရေးပေါ်အကူအညီ လိုအပ်နေသေးတယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ MOCHA ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မတီ (Cyclone Mocha ERRCA) က ဇွန်လ ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။

အလားတူ ရခိုင်မှာ ဒေသခံ တစ်သန်း ခြောက်သိန်းအတွက် ကုလသမဂ္ဂအနေနဲ့ အမိုးအကာတွေနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကူညီဖို့ ပြင်ဆင်ထားပေမယ့် စစ်ကောင်စီက ခရီးသွားလာခွင့် ပိတ်ပင်တာကြောင့် တစ်သိန်း တစ်သောင်းကိုပဲ ထောက်ပံ့နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

အကူအညီပေးလို့ မရအောင်ပိတ်ထားတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးပြောခွင့်ရှိသူ Ravina Shamdasani (ရာဗီနာ ရှမ်ဒါစနီ) က ဇွန်လ ၃ဝ ရက်နေ့က ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ သတိပေးထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။