မိုခါက အဆိုးဝါးဆုံးဆိုင်ကလုန်းမုန်တိုင်းတစ်ခုဟု UNOCHA ပြောကြား
2023.05.14

ရခိုင်ပြည်နယ်ကို မေ ၁၄ ရက်က တစ်နာရီ ၁၅၅ မိုင်နှုန်းနဲ့ ဖြတ်သန်းတိုက်ခိုက်တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံမှာ တိုက်ခိုက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေထဲ အားအပြင်းမုန်တိုင်းတစ်ခုဖြစ်တယ်လို့ UNOCHA ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံးက မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
တစ်နေကုန် မိုးသည်းထန်၊ မုန်တိုင်းတိုက်၊ လေပြင်းထန်တဲ့အတွက် ရခိုင်ပြည်နယ် အနိမ့်ပိုင်းပိုင်းဒေသတွေ၊ အထူးသဖြင့် စစ်တွေမြို့တွင်းနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ရေလွှမ်းမိုးရတယ်လို့ UNOCHA က ဖော်ပြပါတယ်။
မိုခါဆိုင်ကလုန်းဟာ အတ္တလန္တိတ်သမုဒ္ဒရာဘက်ကျရောက်တဲ့ ဟာရီကိန်းမုန်တိုင်း အဆင့် ၅ နဲ့ ညီမျှတယ်လို့ CNN သတင်းက ဖော်ပြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးတဲ့အတိုင်း သဘာဝဘေးအန္တရာယ်ကြီးတစ်ရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ်ကယ်ဆယ်ရေး အစီအစဉ်ချမှတ်ဆောင်ရွက်တယ်လို့လည်း ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ တစ်နိုင်ငံလုံးကို စောစောစီးစီး ကြိုတင်သတိပေးစနစ်ရှိပြီး သဘာဝဘေးအန္တရာယ်ကျရောက်ရင် အသင့်ရှိစေဖို့ သင်တန်းတက်ထားတဲ့ဒေသတွင်းက စေတနာ့ဝန်ထမ်း သုံးထောင်ကျော်နဲ့ မုန်တိုင်းဒဏ်ကို တုံ့ပြန်တယ်လို့ ဆိုပါတယ်။
အသင့်လုပ်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ရှေးဦးသူနာပြုရေးလည်း အဆင်သင့်ထားရှိတယ်လို့ CNN သတင်းကဖော်ပြပါတယ်။

မိုခါမုန်တိုင်းအရှိန်နဲ့ ရန်ကုန်မြို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းလည်းတိုက်တဲ့အတွက် ရန်ကုန်တိုင်း ၂၃မြို့နယ်မှာ အနည်းဆုံးသစ်ပင်အပင် သုံးဆယ်ကျော်လဲတယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မနေ့ညနေက သတင်းထုတ်ပြန်ပါတယ်။
သန်လျင်၊ ဒေါပုံ၊ သာကေတ၊ သင်္ဃန်းကျွန်း၊ လှည်းကူး၊ တာမွေ၊ မရမ်းကုန်း မြောက်ဥက္ကလာပနဲ့ ကမာရွတ်မြို့နယ်တွေမှာ သစ်ပင်တွေ လဲကုန်တယ်လို့ ဆိုပါတယ်။
လမ်းပေါ်၊ အဆောက်အအုံပေါ်နဲ့ ကားတွေပေါ်ကို သစ်ပင်လဲကျတာပါ။ မုန်တိုင်းအဖျားခတ်တဲ့ နေရာဒေသတွေမှာ မိုးသည်းထန်ပြီး လေပြင်းတွေလည်းတိုက်ပါတယ်။

ဒီမုန်တိုင်းအရှိန်ကြောင့် မကွေးတိုင်း စလင်းမြို့နယ်မှာ ရေကြီးနေတယ်လို့ အာရှတိုက်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဦးအိုလာက ပြောပါတယ်။
“ရခိုင်နဲ့ ချင်းတောင်မှာ မိုးရွာရင် မကွေးတိုင်းက တောင်ကျချောင်းတွေ၊ ဧရာဝတီမြစ်ထဲစီးဝင်ပြီး ချောင်း လက်တက်တွေမှာ ရေတွေကျတယ်။ လက်ရှိစိုးရိမ်ရတာက နွယ်တမယ်ချောင်း လို့ခေါ်တဲ့ စလင်းချောင်းပေါ့နော်။ ရွာတွေကိုရေဝင်ပြီး စီးသွားတာတွေ့တယ်"
ရွာ နှစ်ရွာလောက် ရေကြီးတယ်လို့ တချို့က ခန့်မှန်းတဲ့အတိုင်း အတိအကျမပြောနိုင်သေးဘဲ ရခိုင်ပြည်နယ်လောက်တော့ အပျက်အစီးမများနိုင်ပေမဲ့ ရေဝင်တဲ့ ရွာတွေတော့ ထိခိုက်မယ်လို့ ပြောပါတယ်။
မိုခါမုန်တိုင်းကြောင့် အပျက်အစီးတွေရှိပေမဲ့ ၂၀၁၅ ဇူလိုင်တုန်းကလို ဆည်တွေကျိုးမယ့် အနေအထားမရှိဘူးလို့လည်း ဦးအိုလာက ခန့်မှန်းပါတယ်။
၂၀၁၅ တုန်းက ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်က ၃၄ မြို့နယ်မှာရှိတဲ့ နေရာတွေက လူနှစ်သိန်းနီးပါး ရေဘေးဒဏ်သင့်ခဲ့တယ်လို့ UNOCHA က ဖော်ပြပါတယ်။