ချင်း၊ မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းကို မုန်တိုင်းဖြတ်ဖို့ရှိ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.05.14
ချင်း၊ မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းကို မုန်တိုင်းဖြတ်ဖို့ရှိ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် အိမ်တစ်လုံးအား ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။
AFP

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဗဟိုချက်မအဖြစ် ဝင်ရောက်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ချင်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းတွေကို ဝင်ရောက်ဖြတ်သန်းသွားဖို့ရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူး ဦးလှထွန်းက RFA ကို ပြောပါတယ်။

ကုန်းတွင်းပိုင်းအရောက်မှာ အဲဒီမုန်တိုင်း အားပျော့သွားပြီဆိုပေမဲ့ လေတိုက်နှုန်းက တစ်နာရီမိုင် ၉၀ လောက် ရှိနိုင်သေးတယ်လို့ သူကပြောပါတယ်။

"ပင်လယ်ပြင်မှာ မုန်တိုင်းက ၁၃၅ မိုင်လောက်ထိရှိခဲ့တယ်။ ကမ်းကိုကပ် ဖြတ်ပြီးသွားချိန်မှာတော့ အားနည်းနည်း လျော့သွားတယ်။ မုန်တိုင်းကမ်းမဖြတ်ခင် ဗဟိုချက်နားမှာ ၁၃၅ မိုင်လောက်ရှိခဲ့တယ်။ အဲဒီလောက်တော့ အခုမရှိတော့ပေမဲ့ မိုင်ကိုးဆယ်၊ တစ်ရာလောက်တော့ရှိနေတုန်းပဲ၊ မုန်တိုင်းက ပင်လယ်ထဲမှာရှိတဲ့ အားလောက်တော့ မကောင်းတော့ဘူး။ ဒါပေမဲ့ မိုင် ၉ဝ၊ ၁ဝဝ ရှိနေဦးမယ်"

ကုန်းတွင်းပိုင်းကို ဖြတ်ပြီး ဒီကနေ့လယ်ပိုင်းလောက်မှာ အားပိုလျော့လာမယ်လို့လည်းသူက ပြောပါတယ်။ မနေ့က ညနေ သုံးနာရီကျော်မှာ မိုခါမုန်တိုင်းဟာ စစ်တွေမြို့ကို ဝင်ရောက်ခဲ့ပြီး မုန်တိုင်းရဲ့ အရှိန်ကြောင့် မြို့ရဲ့ပင်မဆက်သွယ်ရေး တာဝါတိုင် ပြိုကျပျက်စီးသွားပါတယ်။

လက်ရှိ စစ်တွေမြို့မှာ ဖုန်းလိုင်းရော၊ အင်တာနက်လိုင်းတွေပါ ပြတ်တောက်နေလို့ သတင်းအဆက်အသွယ်မရ ဖြစ်နေပါတယ်။ တစ်နာရီမိုင် ၁၂ဝ နှုန်းနဲ့ စစ်တွေမြို့ကို မုန်တိုင်းဝင်ရောက်ခဲ့တဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေထဲ ရေတွေတက်လာပြီး၊ အဆောက်အအုံ အပျက်အစီးတွေကိုလည်း ဒေသခံတွေ အင်တာနက်မပြတ်ခင်တင်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

မုန်တိုင်းဟာ စစ်တွေကို ဗဟိုပြုပြီး ရခိုင်ပြည်နယ်က မြို့နယ်တော်တော်များများမှာလည်း ဝင်ရောက်ခဲ့ပါတယ်။ ကျောက်တော်မြို့က ဒေသခံတစ်ဦးကတော့ မုန်တိုင်းတိုက်ပြီးနောက် မြို့ရဲ့ အခြေအနေကို အခုလိုပြောပြပါတယ်။

"အိမ်တွေက ခေါင်မိုးပွင့်သွားတာ၊ ကာထားတဲ့နံရံတွေပျက်စီးသွားတာ၊ အိမ်ပြိုသွားတာတို့တွေ့တယ်။ အသေအပျောက်လည်း သိပ်မကြားသေးဘူး။ အခုကမိုးလည်းမရွာ လေလည်းမတိုက်တော့ဘူး။ ပုံမှန်အတိုင်းဖြစ်သွားပြီ။ အင်တာနက်လိုင်းလည်းပျက်နေတယ်။ ဖုန်းလိုင်းလည်းကျန်တာမရဘူး။ Mytel နဲ့ Ooredoo ပဲရတယ်ဆိုတော့ လိုင်းကအဆင်မပြေဘူးပေါ့"

မနေ့ည ၁၂ နာရီလောက်က RFA ကိုပြောပြတာဖြစ်ပါတယ်။ ရပ်ကွက်ထဲရေတွေဝင်ပြီး လူတော်တော်များများက ကုန်းမြင့်တဲ့နေရာမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတယ်လို့လည်း သူကပြောပါတယ်။

မိုခါမုန်တိုင်းရဲ့အရှိန်ကြောင့် မကွေးတိုင်းထဲက မြို့နယ်တော်တော်များများမှာလည်း မိုးသည်းထန်စွာရွာခဲ့ပြီး ချောင်းရေ၊ မြစ်ရေလျှံတာတွေ ရှိနေပါတယ်။

စလင်းနဲ့ ဆင်ဖြူကျွန်းမှာတော့ မုန်တိုင်းမလာခင်ကတည်းက မိုးနှစ်ရက်ဆက်တိုက် ရွာနေတာကြောင့် တောင်ကျချောင်းရေတွေ စုပြီး တစ်မြို့လုံးနီးပါး ရေလွှမ်းနေပြီလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

အသက် ၆ဝ ကျော်အရွယ် ဆင်ဖြူကျွန်းမြို့ခံ ဦးတင်မောင်ဝင်းကတော့ ဒီတစ်ခေါက် ရေတက်တာ အဆိုးဆုံးကြုံဖူးတာပဲလို့ ပြောပါတယ်။

"မြို့ပေါ်မှာရေက ပေါင်လယ်၊ ပေါင်ရင်းထိရောက်တယ်။ အနှိမ့်ပိုင်းဆိုရင်တော့ ခါးရောက်တယ်။ အပျက်အစီးကတော့ အိမ်တိုင်း ရေဝင်တယ်။ အိမ်နှစ်ထပ်ရှိရင် တစ်ထပ်လုံးရေဝင်တာပဲ၊ ပြင်ဆင်ချိန်က များများမရလိုက်ဘူးလေ။ မြို့ပေါ် ရေတစ်ခါပဲ တက်ဖူးတယ်။ တစ်ခါမှ ဒီလောက်များများမလာဘူး"

sinphyukywn.jpg
၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် မကွေးတိုင်း၊ ဆင်ဖြူကျွန်း၊ သရက်ချဥ်ရွာမှ နေအိမ်တစ်လုံးအား တွေ့မြင်ရစဉ်။ (Photo: Shwe Htet Gyi)

အဲဒီဒေသမှာ မုန်တိုင်းကြောင့် နှစ်ရက်ဆက်တိုက် လျှပ်စီးမီးပြတ်တောက်နေပြီး အင်တာနက်လိုင်းတွေလည်း မရဖြစ်နေပါတယ်။ နောက်ထပ်ဒေသခံတစ်ဦးကတော့ မီးမရှိလို့ မုန်တိုင်းနောက်ဆုံး အခြေအနေတွေ သိရဖို့ ခက်နေတယ်လို့ ပြောပါတယ်။

"အရင်ရေတုန်းက လူ့ခါးလောက်ပဲရှိတယ်။ အခုက လူ့တစ်ရပ်ကိုမြုပ်တာ၊ အိမ်အပေါ်ထပ်ကို ထိတယ်ဆိုတော့ တော်တော် ဆိုးဆိုးရွားရွားပဲ။ အပေါ်ထပ်ကိုထိဖို့တစ်ထွာလောက်လိုတာဆိုတော့ အပေါ်ကိုပဲ တန်းတက်ရတော့တာ။ လူ့တစ်ရပ်ကိုမြုပ်တာ၊ ရေစီးအားကလည်းသန်တယ်။ မုန်တိုင်းသတင်း ဘာကြားလဲဆို အခုက ဘာမှမဖွင့်ရဲဘူး။ မီးကလည်းမလာတော့ ဖုန်းအားကုန်မှာဆိုးလို့ ချွေတာနေရတာ"

" ဖုန်းထဲမှာ တင်တာလည်းရှိတယ်။ တီဗွီထဲတင်တာရှိတယ်။ အခုတော့ ဘာမှမကြည့်ရဘူး။ မီးလည်းမလာဘူး။ တီဗွီလည်း ရေထဲမျောသွားတော့ ဘာမှကြည့်စရာမရှိတော့ဘူး"

RFA က ဖုန်းဆက်ခဲ့တဲ့ မနေ့ညသန်းခေါင်ချိန်ထိ သူ့ရဲ့ အိမ်အပေါ်ထပ် ရေတွေရောက်နေလို့ သန့်ရှင်းရေး လုပ်နေရတယ်လို့လည်း ဆိုပါတယ်။

sittway.jpg
၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ် စစ်တွေမြို့အဝင်တစ်နေရာ။ (Photo: Citizen Journalist)

မိုခါမုန်တိုင်းဟာ စစ်ကိုင်းတိုင်းကိုလည်း ဖြတ်ဖို့ရှိနေပါတယ်။ စစ်ကိုင်းတိုင်းထဲမှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေ ပြင်းထန်နေလို့ ဒေသခံတစ်သန်းနဲ့ လေးသိန်းကျော် စစ်ဘေးရှောင်နေရပါတယ်။

အဲဒီဒေသခံတွေဟာ တောတောင်တွေထဲမှာ ခနော်နီ ခနော်နဲ့တဲလေးတွေ ထိုးပြီး နေနေကြရတာကြောင့် မုန်တိုင်းလာမယ့် အရေး စိုးရိမ်နေကြပါတယ်။

မုန်တိုင်းအရေးအပြင် စစ်ကောင်စီရဲ့တပ်တွေက ရွာတွေထဲ စစ်ကြောင်းထိုးဝင်နေလို့ ဒုက္ခတွေ့နေရတယ်လို့ ကနီဒေသခံ လူငယ်တက်ကြွလှုပ်ရှားသူ မချောစုဟန်က ပြောပါတယ်။

"စစ်ရှောင်တွေက မုန်တိုင်းထက် စစ်ကြောင်းထိုးနေတော့ သောင်းဂဏာန်းရှိတဲ့ ပြည်သူတွေ ညတွင်းချင်း ထွက်ပြေးနေရတယ်။ ပင်းမာပင်ဘက်မှာလည်း မြောက်ယမားချောင်းရေလျှံလို့ အဲဒီကရွာတွေ ထွက်ပြေးနေရတယ်။ ဆားလင်းကြီးဘက်မှာတော့ ပြန်ဆောက်ထားတဲ့အိမ်တွေက ထိုင်နေရုံပဲရတယ်။ အိပ်နေလို့မရဘူး။ ပတ်ပတ်လည်က ပတ်တာ။ ဒီထက်မက လေကြမ်းမယ်ဆိုရင် ဆောက်ထားတဲ့ ထန်းရွက်တွေပဲ ပျက်စီးကုန်မလားပေါ့။ အခုတိုက်တာကိုက မိုင် ၇ဝတဲ့ ဒီထက်မပိုဖို့ပဲ ဆုတောင်းနေတယ်"

စစ်ကောင်စီ လက်ချက်ကြောင့် နေအိမ်တွေ မီးရှို့ဖျက်ဆီးခံထားရတဲ့ ဒေသခံတွေအဖို့ မုန်တိုင်းလာရင် ထပ်ဆုံးရှုံးစရာ ပိုင်ဆိုင်မှုမရှိတော့ပေမဲ့ အသက်အန္တရာယ်တော့ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

image (2).jpeg
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Pyae Aung Naing Kani)

မိုခါမုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာလို့ အားပျော့သွားပြီဆိုပေမဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းကသူတွေအနေနဲ့ သတိပြုနေကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူး ဦးလှထွန်းက သတိပေးမှာကြားပါတယ်။

" မုန်တိုင်းအရှိန်တွေက နောက်ရက်တွေဆက်ရှိနေဦးမယ်။ လှိုင်းကြီးတာတွေရှိနေဦးမယ်။ တစ်ရက်နှစ်ရက်တော့ ပင်လယ်ပြင်လည်း မထွက်ဖို့ လိုတယ်။ မုန်တိုင်းအရှိန်က ကျန်သေးတယ်။ မုန်တိုင်းဖြတ်သွားမယ့်နေရာက ပြည်သူတွေအနေနဲ့လည်း သတိရှိဖို့ လိုပါတယ်၊ ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်"

မုန်တိုင်း အဓိကဝင်ရောက်ခဲ့တဲ့ စစ်တွေအပါအဝင် ရခိုင်ပြည်နယ်ထဲက မြို့တွေမှာ အပျက်အစီး အသေအပျောက် ဘယ်လောက်ရှိလဲဆိုတာတော့ အင်တာနက်ဖုန်းလိုင်းတွေ ပြတ်တောက်နေလို့ အခုအချိန်ထိ မသိရသေးပါဘူး။

ဒါပေမဲ့ RFA က လတ်တလော ရထားတဲ့စာရင်းတွေအရ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်က အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး၊ ဧရာဝတီတိုင်း ရေကြည်နဲ့ တောင်ကုတ်မြို့နယ်က အသက် ၂၀ ကျော်အရွယ် အမျိုးသားနှစ်ဦး၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့က အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့က အသက် ၂၀ ကျော်အရွယ် လူငယ်ဇနီးမောင်နှံ စုစုပေါင်း ခြောက်ဦး သေဆုံးသွားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။