ကိုးကန့်ဒေသကို ၁၄ နှစ်အကြာမှာ ပြန်လည်သိမ်းယူနိုင်ကြောင်း MNDAA ကြေညာ

2024.01.06
ကိုးကန့်ဒေသကို ၁၄ နှစ်အကြာမှာ ပြန်လည်သိမ်းယူနိုင်ကြောင်း MNDAA ကြေညာ MNDAA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် လောက်ကိုင် ရန်လုံကျိုင်းဂိတ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တွေ့ရစဉ်။
Wechat

[Update: 9: 00  am , Jan 7, 2024]

ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၁ ဖြစ်တဲ့ ကိုးကန့်ဒေသအားလုံးကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီလို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က ဇန်နဝါရီလ ၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၇၁ ရက်မြောက်နေ့ဖြစ်တဲ့ ဇန်နဝါရီလ ၅ ရက်နေ့က နန်ထင်မိန်တောင် စခန်းကုန်းမှာရှိတဲ့ တပ်ဖွဲ့တွေကလည်း လက်နက်ချတာကြောင့် ကိုးကန့်ဒေသ တစ်ခုလုံးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ခုခံစစ်အတွက် လက်နက်အမြောက်အမြားနဲ့ပြင်ဆင်ထားတဲ့ လောက်ကိုင်ကို အခုလို လက်လွှတ်လိုက်ရတာဟာ စစ်တပ်အတွက် အထိနာတယ်လို့ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေး လေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

"စစ်တပ်အတွက်ကတော့ အထိနာတာပေါ့ဗျာ၊ တပ်က ဘာပဲဖြစ်ဖြစ် ဒီလောက်လက်နက်တွေ တစ်ပုံကြီးထားရဲ့သားနဲ့ ဘာမှမတိုက်ဘဲ ၊ တိုက်တော့တိုက်ရတာပေါ့ အတိုက်ကြီးတော့မဟုတ်ဘူး၊ သူတို့ထားတဲ့လက်နက်တွေကြည့်ခြင်းအားဖြင့် သူတို့ ခုခံစစ်အတွက် တော်တော်ပြင်ဆင်ထားတာ၊ ဘာမှမလုပ်ဘဲနဲ့ကို လက်လွှတ်လိုက်ရသလို့ ဖြစ်တာပေါ့နော်၊ သူတို့ဘက်က ကြည့်ရင် တော်တော်ထိခိုက်နစ်နာပါတယ်၊ နောက်တစ်ခုက သိပ်တော့မထူးဆန်းဘူးဗျ၊ စစ်ကောင်စီဘက်က စိတ်ဓာတ်အရ တော်တော်ဖရိုဖရဲ ဖြစ်နေပုံရတယ်၊ ဒီပွဲမှာ တော်တော်သိသာပါတယ်။ စစ်ကောင်စီအတွက်က တော်တော်ဆုံးရှုံးမှုးကြီးပါတယ်။ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော သူတို့စစ်တပ်ရဲ့ စိတ်ဓာတ်အရရော တော်တော်ဆုံးရှုံးမှုကြီးပါတယ်။"

ကိုးကန့်တပ်ဖွဲ့ဟာ သူတို့ပိုင်တဲ့နေရာကို အခုလို သူတို့ပြန်ရတာဟာ ကောင်းတဲ့ကိစ္စဖြစ်သလို မြောက်ပိုင်းညီနောင်အဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ နောက်ထပ်အဆင့်တစ်ဆင့်တက်သွားတယ်လို့လည်း ဒေါက်တာလှကျော်ဇောက ယူဆပါတယ်။

လောက်ကိုင်မြို့၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) က ဗိုလ်မှူးချုပ်အဆင့်ရှိသူ ခြောက်ဦး၊ အရာရှိ ၂၂၈ ဦး အပါအဝင် ရဲဘော်နဲ့တခြားအဆင့် နှစ်ထောင်နီးပါးဟာ ကိုးကန့်တပ်မတော် (MNDAA) ထံ လက်နက်ချခဲ့တယ်လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဇန်နဝါရီ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ လောက်ကိုင်ဒေသကွပ်ကဲရေးစစ်ဌာနချုပ်အပါအဝင် အနီးဝန်းကျင်က တပ်ရင်းစခန်းတွေက ထောင်နဲ့ချီတဲ့ တပ်သားအားလုံးလက်နက်ချခဲ့တာဖြစ်ပြီး လောက်ကိုင်ဟာ စစ်ကောင်စီတပ် ကင်းစင်တဲ့နယ်မြေဖြစ်သွားပြီလို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန်ခဲ့တာပါ။

လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ မိသားစုဝင် ၁၆၀၀ ကျော်လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားတွေကို သူတို့သွားလိုတဲ့ လုံခြုံတဲ့နေရာဆီ MNDAA ဘက်က ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒကစအဆင့်၊ ဗိုလ်မှူးချုပ်အဆင့်တွေ လက်နက်ချလိုက်တယ်ဆိုတာ စစ်တပ်အတွက် ထိခိုက်မှု ကြီးမားတယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ဗိုလ်ကြီး အောင်မျိုးထက် က သုံးသပ်ပါတယ်။

"ဒကစအဆင့်ဆိုတာ တကယ်တော့ ကျွန်တော်တို့ တိုင်းစစ်ဌာနချုပ်အသေးစားလို့ ပြောလို့ရတာပေါ့၊ ကြီးမားတယ်၊ ခံစစ်တွေဆိုလည်း အပြည့်အဝလုပ်ထားတယ်၊ ကျန်တဲ့လက်နက်ခဲယမ်းတွေဆိုလည်း အများကြီးစုပုံထားတယ်၊ အဲဒီအပြင် ခုခံဖို့ဆိုပြီး လက်နက်ခဲယမ်းတွေ ဖြည့်တင်းထားတယ်လို့ သိရတယ်၊ အဲလိုအခြေအနေမျိုးမှာ အခုလက်နက်ချလိုက်တာဖြစ်တဲ့အတွက် စစ်တပ်အနေနဲ့ အများကြီးထိခိုက်မှုတွေရှိတယ်၊ ဒီလို ဒကစအဆင့်က လက်နက်ချလိုက်ပြီဆိုရင် ဗိုလ်မှူးချုပ်အဆင့်တွေက လက်နက်ချလိုက်ပြီဆိုရင် ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီးအဆင့်ဆိုတာ စစ်တိုက်လို့တောင် မရတော့ဘူး၊ မင်းအောင်လှိုင်ရဲ့လက်အောက်မှာ ဆက်ပြီးတော့ တိုက်ခိုက်ဖို့ မစွမ်းသာတော့ဘူး၊ သူတို့အနေနဲ့ အရှုံးပေးပါတယ်လို့ ပြောလိုက်တဲ့အတွက်ကြောင့် ကျွန်တော်ထင်တယ် စစ်တပ်ရဲ့သိက္ခာက တော်တော်လေးကို ကျဆင်းတယ်၊ မရှိတဲ့သိက္ခာက အဖက်ဆည်လို့တောင် မရတော့ဘူး"

လောက်ကိုင်မြို့မှာ လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ သွားလိုသည့်နေရာကို ပို့ဆောင်ပေးဖို့ ပြင်ဆင်နေတာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့က တွေ့ရစဉ်။ Photo : Operation 1027-3BHA via X
လောက်ကိုင်မြို့မှာ လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ သွားလိုသည့်နေရာကို ပို့ဆောင်ပေးဖို့ ပြင်ဆင်နေတာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့က တွေ့ရစဉ်။ Photo : Operation 1027-3BHA via X

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။ ပြည်တွင်းအခြေစိုက် သတင်းမီဒီယာတွေကိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက လောက်ကိုင် ဒကစ လက်နက်ချလိုက်တာဟာ တပ်မတော်မိသားစုဝင်တွေ လုံခြုံရေးကို စဉ်းစားပြီး အကောင်းဆုံး စဉ်းစားဆုံးဖြတ်ခဲ့တာလို့ ဖြေဆိုထားပါတယ်။

ဇန်နဝါရီ ၅ ရက်နေ့မှာပဲ ရှမ်းပြည်နယ် ဟိုပန်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ စစ်ကောင်စီတပ်စခန်းတချို့ကို ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ပြီးနောက် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA ) တပ်ဖွဲ့ဝင်တွေ စစ်ကားတွေနဲ့ ဝင်ရောက်နေရာယူခဲ့ပါတယ်။

ဒီလို "ဝ" တပ်ဖွဲ့တွေ ဝင်ရောက်နေရာယူလာတာဟာ ဒီစစ်ဆင်ရေးမှာ “ဝ” တပ်ဖွဲ့ ပါဝင်လာတယ်ပဲလို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။

" "ဝ" တပ်ဖွဲ့က စစ်ကားတွေနဲ့ဝင်လာပေမဲ့ ညီနောင်သုံးဖွဲ့နဲ့ တိုက်ခိုက်မှုတွေမလုပ်ဘဲနဲ့ ညီနောင်သုံးဖွဲ့က လုံခြုံရေးယူပေးတဲ့အပေါ်မှာ သူတို့အနေနဲ့ "ဝ" တပ်ဖွဲ့ကို လွှဲပြောင်းပေးတဲ့သဘောဖြစ်ပါတယ်၊ အဲဒါကြောင့် ညီနောင်သုံးဖော်ရဲ့ စစ်ဆင်ရေးမှာ "ဝ" တပ်ဖွဲ့က အရင်ကလည်းပါဝင်ခဲ့တယ်၊ အရင်က ဗြောင်ပါဝင်ခဲ့တာမဟုတ်ပေမဲ့ အခုအခါမှာတော့ ဗြောင်ပါဝင်လာခဲ့ပြီဖြစ်ပါတယ်၊ ဒါကြောင့် အရှေ့မြောက်စစ်ဆင်ရေးဟာ ဒီထပ်ပိုပြီးတော့ ဖြစ်ထွန်းလာစရာအကြောင်းပဲ ရှိတော့တယ်လို့ ကျွန်တော်သုံးသပ်ပါတယ်"

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ရှမ်းပြည်နယ် သိန္နီခရိုင် အုပ်ချုပ်ရေးဦးစီးဌာနရုံးအား MNDAA က သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ထားစဉ်။ Photo : The Kokang
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ရှမ်းပြည်နယ် သိန္နီခရိုင် အုပ်ချုပ်ရေးဦးစီးဌာနရုံးအား MNDAA က သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ထားစဉ်။ Photo : The Kokang

"ဝ" တပ်ဖွဲ့တွေ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့အတူ ဒီစစ်ဆင်ရေးမှာ ပါဝင်လာတယ်ဆိုတာနဲ့ပတ်သက်ပြီး “ဝ” တပ်ဖွဲ့ရဲ့ လားရှိုးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကို RFA ကိုဆက်သွယ်မေးမြန်းရာမှာတော့..."ထိခိုက်ဆုံးရှုံးမှုတွေ မရှိရလေအောင်နဲ့ ဒေသခံပြည်သူတွေတောင်းဆိုမှုတွေကြောင့် အဘက်ဘက်နဲ့ကြိုတင်ညှိနှိုင်းမှုတွေလုပ်ပြီး ဝင်ရောက်ထိန်းချုပ်ခဲ့တာ မှန်ပါတယ်၊ကျွန်တော်တို့က နဂိုရပ်တည်ချက်အတိုင်းပါပဲ ဘယ်ဘက်မှရပ်တည်မှာမဟုတ်ပါ" လို့ပြောပါတယ်။

ဟိုပန်မြို့ဟာ ၂၀၀၈ အခြေခံဥပဒေအရ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲမှာပါဝင်ပြီး စစ်ကောင်စီက ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်ပါတယ်။

ရှမ်းပြည်နယ် အထူးဒေသ ၁ ဖြစ်တဲ့ ကိုးကန့်ဒေသကို ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ စစ်ကောင်စီက မူးယစ်ဆေးဝါးနဲ့ လက်နက်စစ်ဆေးရေး အကြောင်းပြချက်နဲ့ သိမ်းယူခဲ့ပြီး အခု ၁၄ နှစ်အကြာမှာ ကိုးကန့်တပ်ဖွဲ့က ပြန်လည်သိမ်းယူနိုင်ခဲ့တာလို့ MNDAA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာလည်း ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ သိန္နီနဲ့ လာရှိုး စတဲ့မြို့နယ်တွေမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီကြားတိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

((“ဝ” တပ်ဖွဲ့ရဲ့ လားရှိုးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းပြန်လည်ဖြေဆိုထားတာကို ဖြည့်စွက်ထားပါတယ်))

----

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။