MNDAA အဓမ္မ စစ်သားစုဆောင်းထားသူတွေကို ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေတောင်းဆို
2023.12.21
ရှမ်းမြောက်ဒေသတိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့ကထွက်ပြေးလာသူတွေအပါအဝင် ထောင်နဲ့ချီတဲ့ လူငယ်တွေကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဖမ်းဆီးပြီး အဓမ္မ စစ်သား စုဆောင်းနေတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ ပြန်လွတ်လာသူတွေက ပြောပါတယ်။
ကိုးကန့်တပ်ဖွဲ့ဟာ နိုဝင်ဘာလလယ်လောက်ကစပြီး နေရပ်ပြန်လာသူတွေထဲက တိုင်းရင်းသားလူငယ်တွေကို အဓိကရွေးထုတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။ အဲဒီအထဲမှာ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက်ကလေးတွေပါ ပါဝင်နေတယ်လို့ ကိုယ်တွေ့ကြုံခဲ့သူ နမ္မတူမြို့နယ်ဒေသခံ ကိုစိုင်းက ပြောပါတယ်။
အသက် ၄၀ ကျော်အရွယ် ကိုစိုင်းဟာ နိုဝင်ဘာ ၂၄ ရက်နေ့မှာ လောက်ကိုင်ကနေ ညီဖြစ်သူနဲ့အတူ နေရပ်ကို ပြန်လာခဲ့တာပါ။ ချင်းရွှေဟော်နဲ့ လောက်ကိုင်ကြားက လမ်းမှာ MNDAA တပ်ဖွဲ့က သူတို့ ညီအစ်ကို နှစ်ယောက် အပါအဝင် လူငယ် တစ်ရာလောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
"ဗမာလူမျိုးဆို မဖမ်းဘူး၊ ဆက်သွားခိုင်းတယ်။ တိုင်းရင်းသားဆိုရင် သူတို့ခေါ် ထားတယ်လေ။ လူများလာပြီဆိုရင် ကားပေါ်တင်ပြီးတော့ ခေါ်သွားတာ"
သူ့ကိုစစ်မေးပြီး ပြန်လွှတ်လိုက်ပေမယ့် အသက် ၂၇ နှစ်အရွယ် ညီဖြစ်သူကိုတော့ ဆက်ဖမ်းထားတယ်လို့ ကိုစိုင်းက ပြောပါတယ်။
"ကိုးကန့်စစ်သားတွေ သူတို့ တိုင်းရင်းသားမှန်သမျှ အကုန်ခေါ်သွားတာ၊ သူတို့ တပ်ထဲကို။ ပါလာတဲ့ အင်္ကျီတွေအကုန်လုံးကို သူတို့ မီးရှို့ပစ်လိုက်တယ်လေ။ လမ်းမကြီးပေါ်မှာပဲ သူတို့ အဲဒီမှာရပ်ပြီးတော့ လူတွေတားတယ်၊ ဗမာလူမျိုးဆို မဖမ်းဘူး၊ ဆက်သွားခိုင်းတယ်။ တိုင်းရင်းသားဆိုရင် သူတို့ခေါ် ထားတယ်လေ။ လူများလာပြီဆိုရင် ကားပေါ်တင်ပြီးတော့ ခေါ်သွားတာ။ ကျွန်တော့်ညီက အထဲမှာ (ကိုးကန့်တပ်ထဲမှာပဲ) ရှိသေးတယ်။ အဲဒီလိုခေါ်သွားတုန်းကလည်း ဘာမှမပြောဘူး။ ဒီလိုပဲ ခေါ်ထားတယ်။ ကချင်၊ ပလောင်၊ ရှမ်း အဲဒီလိုခေါ်တာ၊ မိန်းကလေးတွေရော ပါတာပဲ"
သူအဖမ်းခံရချိန်က MNDAA တပ်စခန်းထဲမှာ သူ့လိုအဖမ်းခံထားရသူ မိန်းကလေး၊ ယောက်ျားလေး အယောက် တစ်ထောင်ကျော်လောက်အထိ တွေ့ခဲ့ရတယ်လို့ ကိုစိုင်းက ပြောပါတယ်။ အဲဒီနောက် ညီဖြစ်သူကို ဆက်ဖမ်းထားပြီး သူ့ကို ပြန်လွှတ်ပေးလိုက်တာ ကြောင့် UWSA "၀" တပ်ဖွဲ့ ထိန်းချုပ်ရာ နမ့်တစ်-ပန်ဆန်းလမ်းကနေ နေရပ်ပြန်လာခဲ့တာ လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း လောက်ကိုင်ကနေ လားရှိုးကိုပြန်လာတဲ့ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာက အသက် ၂၀ ကျော်အရွယ် စိုင်းထွန်းလှဆိုတဲ့ လူငယ်တစ်ဦးလည်း MNDAA တပ်ဖွဲ့ရဲ့ ဖမ်းဆီးခံထားရပြီး အခုချိန်ထိ ဘာသတင်းမှ မကြားရဘူးလို့ စိုင်းထွန်းလှရဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ စိုင်းအိုက်ဦးက ပြောပါတယ်။
"အဆက်အသွယ်လည်း မရဘူး။ သူတို့က ၂၁ ရက်နေ့ကနေ စထွက်လာတာ၊ အဲဒါပဲသိလိုက်တာ။ သူတို့လာတာတော့ အတူတူလာတာက ငါးယောက်၊ ကားမောင်းတဲ့သူက တစ်ယောက်ရယ်၊ မိန်းကလေး သုံးယောက်ပါတယ်။ သူတို့နဲ့ အတူတူပါတာက အိမ်ပြန်ရောက်ကုန်ပြီ။ သူပဲကျန်ခဲ့တာ၊ အခုထိ အဆက်အသွယ် မရဘူး။ ပြောရမယ်ဆိုရင် သူတစ်ယောက်တည်းပဲရှိတာ အိမ်မှာဆို။ သူ့အဖေကတော့ နေမကောင်းဘူး၊ လေဖြတ်နေတာ။ အမေကရှိတယ်၊ အသက်ကကြီးနေပြီ။ သူ့တစ်ယောက်တည်းကိုပဲ အိမ်ပြန်လာဖို့ မျှော်နေတာပေါ့နော်။ သူက မိသားစုကို ရှာကျွေးနေတာ"
နိုဝင်ဘာ ၂၅ ရက်နေ့က လားရှိုးမြို့ကိုပြန်လာတဲ့ အသက် ၂၀ အရွယ် စိုင်းလှိုင်းဟန်၊ အသက် ၂၆ နှစ်အရွယ် စိုင်းလှိုင်၊ အသက် ၂၇ နှစ်အရွယ် စိုင်းအောင်လှိုင်၊ အသက် ၁၈ နှစ်အရွယ် စိုင်းအိုက်နော်၊ အသက် ၁၉ နှစ်အရွယ် "၀" တိုင်းရင်းသား မောင်ညီကာနဲ့ အသက် ၁၉ နှစ်အရွယ် ကချင်တိုင်းရင်းသား မောင်နော်ဂွန်းတို့ ခြောက်ဦးလည်း ချင်းရွှေဟော်နဲ့ လောက်ကိုင်ကြားက ပါစင်ကျော်ရွာအနီးမှာ MNDAA တပ်ဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
မိုးကုတ်ကနေ ကိုးကန့်ဒေသမှာ အလုပ်သွားလုပ်တဲ့ မလဲ့လဲ့ရဲ့ ခင်ပွန်း ကိုအာကာ ခေါ် ကိုစံဂျေးလည်း နိုဝင်ဘာလ ၂၄ ရက်နေ့က ချင်းရွှေဟော်မြို့မှာ ကိုးကန့်တပ်ဖွဲ့ရဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။
ခင်ပွန်းဖြစ်သူကို စစ်ထဲဝင်ဖို့ ကိုးကန့်တပ်ဖွဲ့က အဓမ္မဖိအားပေးခဲ့ပြီး ပြန်လွှတ်စေချင်ရင် တရုတ်ယွမ် ငွေ နှစ်သိန်း (မြန်မာငွေ ကျပ် သိန်းရှစ်ရာ) နီးပါးပေးဖို့ တောင်းခဲ့တယ်လို့ ဇနီးဖြစ်သူ မလဲ့လဲ့က ပြောပါတယ်။
"စစ်သားလုပ်ရမယ်တဲ့၊ စစ်သားမလုပ်ရင် တရုတ်ငွေနှစ်သိန်း ပေးဆောင်ရမယ်လို့ ပြောတယ်။ အဲဒီတော့ တရုတ်ငွေပေးဖို့ မရှိဘူးပေါ့နော်။ ကျွန်မတို့က သာမန် ပြည်သူတွေပါလို့၊ လက်လုပ်လက်စားဘဝတွေ၊ လောက်ကိုင်ကနေ လုပ်ငန်း အဆင်မပြေဘူး၊ ခေတ်ကာလဆိုးရွားလို့ အိမ်ပြန်လာရတာလို့၊ ကျွန်မယောက်ျားကို လွှတ်ပေးပါလို့။ မိသားစုရှိတယ်၊ ကလေးနှစ်ယောက်နဲ့ ကျွန်မကိုယ်ဝန်လည်း ရှိနေတယ်လို့ တောင်းပန်တာကို မရဘူးပြောပြီး အဲဒီနောက်ပိုင်း အဆက်အသွယ် ဖြတ်ထားတယ်ရှင့်။ သူက စစ်သားတစ်ယောက်အနေနဲ့ လေ့ကျင့်ရေးလုပ်နေရပြီပေါ့။ အဲဒီလိုမလုပ်ရင် အချုပ်ထဲမှာထားပြီးမှ မနေနိုင်အောင်၊ မစားနိုင်အောင်လုပ်ပြီးတော့မှ ဖိအားပေးတယ်ပေါ့နော်"
သူတို့မှာ အသက် ခြောက်နှစ်နဲ့ တစ်နှစ်ကျော်အရွယ် ကလေးနှစ်ယောက်ရှိပြီး ခင်ပွန်းပြန်လွတ်လာဖို့ ဘယ်သူ့ကို အကူအညီတောင်းရမှန်း မသိဘူးလို့ မလဲ့လဲ့က ပြောပါတယ်။
ရှမ်းပြည်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ တအာင်း (တအန်း) အမျိုးသမီးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေး ကတော့ သူတို့အနေနဲ့ MNDAA တပ်ဖွဲ့ရဲ့ အဓမ္မ စစ်သား စုဆောင်းတဲ့ကိစ္စကို စောင့်ကြည့်မှတ်တမ်းတင်နေတယ်လို့ပြောပါတယ်။
အဓမ္မစစ်သားစုဆောင်းခံရသူတွေကို အတွေ့အကြုံမရှိဘဲ ရှေ့တန်းစစ်မြေပြင်မှာ အသုံးပြုမယ်ဆိုရင် သေတွင်းကိုပို့တာနဲ့အတူတူပဲမို့ စိုးရိမ်ပူပန်တယ်လို့ တအာင်း (တအန်း) အမျိုးသမီးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေး က ပြောပါတယ်။
"သူတို့ကနေပြီးတော့မှ ရှေ့တန်းချက်ချင်း အပို့ခံရမှာလည်း ကျွန်မတို့ စိုးရိမ်တယ် ပေါ့နော်။ ဒီလူငယ်တွေ၊ ကလေးတွေသည် စစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးမှ အသိပညာ၊ အတတ်ပညာ ဘာမှ မသိသေးတဲ့လူတွေ ဖြစ်တယ်။ သူတို့ကို ဒီစစ်ရေးပိုင်းမှာ ချက်ချင်း အသုံးပြုမယ်ဆိုရင် သူတို့အတွက် သေတွင်းပို့လိုက်သလိုဖြစ်မှာကို စိုးရိမ်တယ်ပေါ့နော်။ အခုချိန်အထိ ကျွန်မတို့ ဒီမြေပြင်မှာ အဖမ်းခံရတဲ့ဟာက တစ်ပတ်ပြီးတစ်ပတ် တိုးတိုးလာတဲ့ အရေအတွက်တွေ ဖြစ်တယ်။ ဥပမာ တချို့နေရာမှာ ငါးယောက် တစ်အုပ်စု ဖမ်းသွားတာမျိုးတွေ ရှိတယ်။ တချို့နေရာမှာ နှစ်ယောက်၊ သုံးယောက် ပေါ့နော်။ အဲလိုမျိုး အချက်အလက်တွေလိုက်စုရင်းနဲ့ ပိုများလာတဲ့အနေအထားမျိုးတွေ တွေ့ရတယ်"
သူတို့အနေနဲ့ ဖမ်းဆီခံရသူတွေနဲ့ပတ်သက်လို့ ခိုင်မာတဲ့ အချက်အလက်တွေကို စုဆောင်းပြီး ပြန်လွတ်လာအောင် လုပ်ဆောင်သွားမယ်လို့ လွေးက ပြောပါတယ်။
ကိုးကန့်တပ်ဖွဲ့ဟာ ရှမ်းပြည်နယ် သိန္နီမြို့ ကနေ ကွမ်းလုံ၊ လောက်ကိုင်ဘက်ကိုထွက်တဲ့ ပန်လော့ ငွေကောက်ခံရေးဂိတ်မှာလည်း စစ်ဆေးဖမ်းဆီးတာတွေလုပ်ခဲ့ပြီး တချို့ကို ကျပ် သိန်းနှစ်ဆယ်၊ သိန်းသုံးဆယ်နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့ အွန်လိုင်းပေါ်ကရရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာလည်း ရှမ်းမြောက်ဒေသ၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲအတွင်းက ကျေးရွာတွေမှာ MNDAA တပ်ဖွဲ့က စစ်သားသစ် ပေးဖို့ ဒေသခံတွေကို စည်းရုံးပြောဆိုနေတာ တွေ့ရပါတယ်။ အိမ်ထောင်စုတစ်စုမှာ သားနှစ်ယောက်ရှိရင် တစ်ယောက်ပေးဖို့၊ သမီးမိန်းကလေးပဲ ရှိရင်တောင် MNDAA တပ်ဖွဲ့အတွက် တာဝန်ထမ်းဆောင်ရမယ်လို့ တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုနေတာပါ။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း MNDAA တပ်ဖွဲ့ဟာ ရှမ်းမြောက်ဒေသ တိုက်ပွဲဖြစ်ပွားမှုကို အခွင့်ကောင်းယူပြီး လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းနေတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေကတစ်ဆင့် ပြောဆိုထားပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး MNDAA ပြောခွင့်ရသူ လီကျားဝင်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်လုပ်လေ့ရှိတဲ့ အဓမ္မ စစ်သား စုဆောင်းတာမျိုးကို မလုပ်သင့်ဘူးလို့ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"(ကိုးကန့်) တပ်ကတော့ ဒီအချိန်မှာ လူလိုအပ်နေတာကိုး။ လိုအပ်တော့ သူကလည်း သူ့နည်းသူ့ဟန်နဲ့ လုပ်တာပေါ့ဗျာ။ တော်လှန်ရေးတပ်ဖွဲ့ ဆိုတဲ့အခါကျတော့ မိဘတွေ မသိဘဲ ဆွဲတာတို့၊ ဘာတို့ကျတော့ သိပ်ပြီးတော့ ဟန်မကျဘူးလေ။ အဲဒါတွေကို စနစ်တကျ ဖြစ်အောင်လုပ်ဖို့တော့ သူတို့ရဲ့ခေါင်းဆောင်တွေကို တောင်းဆိုသင့်တာ ပေါ့ဗျာ။ စစ်ကောင်စီတပ်လုပ်တဲ့ပုံစံမျိုး လုပ်နေရင် မကောင်းဘူးဆိုတဲ့ ပုံစံမျိုး သူတို့ဆီက တပ်မှူးတွေကို ပြောရမှာပေါ့ဗျာ။ စနစ်တကျကောက်တာ မဟုတ်ဘူး ဆိုတော့ ၁၈ နှစ်အောက်ဆိုတာလည်း ဂရုစိုက်ချင်မှ စိုက်မှာလေ။ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ အဲဒီလှုပ်ရှားမှုတွေ လုပ်ဖို့ပေါ့ဗျာ"
(MNDAA) ကိုးကန့်တပ်ဖွဲ့ရဲ့ အဓမ္မ စစ်သားစုဆောင်းနေမှုဟာ ဥပဒေနဲ့မညီတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ဒီဇင်ဘာ ၂၁ ရက် ဒီနေ့မှာ အစီရင်ခံစာထုတ်ပြန်ပြီး ဝေဖန်လိုက်ပါတယ်။ ဒီလုပ်ရပ်တွေ ကို ချက်ချင်းရပ်တန့်ပြီး တတ်နိုင်သလောက် အကာအကွယ်ပေးသင့်တယ်လို့လည်း HRW ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Elaine Pearson က တိုက်တွန်းထားပါတယ်။