မခိုင်လုံတဲ့ သတင်းဖော်ပြမှု အရေးယူပေးဖို့ သတင်းမီဒီယာ ကောင်စီကို သမ္မတတိုင်ကြား
2018.11.24
သတင်းမီဒီယာကောင်စီဝင်အသစ်တွေ ကတိသစ္စာပြုပွဲကို မနေ့က သမ္မတ အိမ်တော်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ သတင်းမီဒီယာသမားတွေ တရားစွဲဆို ထောင်ဒဏ်အပြစ်ပေးခံထားရတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး သမ္မတဆီ တင်ပြလိုက်တာတွေရှိသလို မခိုင်လုံတဲ့ သတင်းဖော်ပြမှုတစ်ခုကို အရေးယူဆောင်ရွက်ပေးဖို့ သမ္မတက ကောင်စီထံ တိုင်ကြားလိုက်ပါတယ်။
RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထားပါတယ်။
------------------------------------------
မခိုင်လုံတဲ့ သတင်းဖော်ပြမှု အရေးယူပေးဖို့ သတင်းမီဒီယာကောင်စီကို သမ္မတတိုင်ကြား
(သီရိမင်းဇင်)
■ နေပြည်တော်က နိုင်ငံတော် သမ္မတ အိမ်တော်မှာ သတင်းမီဒီယာကောင်စီဝင်သစ်တွေ မနေ့က ကတိသစ္စာပြုပွဲ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီပွဲမှာ သမ္မတ ဦးဝင်းမြင့် က ဝန်ကြီးချုပ် လေးယောက်နဲ့ ဝန်ကြီးတချို့ အနားပေးမယ်ဆိုတဲ့ The Speaker ဂျာနယ်ရဲ့ သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးဖို့ ကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်ကို တိုင်ကြားလိုက်တာဖြစ်ပါတယ်။
တိုင်ကြားစာပါ အချက်တွေနဲ့ပတ်သက်လို့ ကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင် က အခုလို ပြောပြပါတယ်။
"နိုဝင်ဘာ ၂၂-၂၈ ရက်နေ့ထုတ် The Speaker ဂျာနယ်တွင် " ဝန်ကြီးချုပ် လေးယောက်နဲ့ ဝန်ကြီးတချို့ အနားပေးမည်ဟု သတင်းတွေထွက်ပေါ်၊ မန်းတိုင်း ဝန်ကြီးချုပ် နဲ့ ဒေါက်တာ ဝင်းမြတ်အေးမပါ " ဟူသောခေါင်းစဉ်ဖြင့် သတင်းအစီရင်ခံချက်ကို ဖော်ပြခဲ့ပါသည်၊ အဆိုပါဖော်ပြချက်တွင် သတင်းအရင်းမြစ်ကို နိုင်ငံတော် သမ္မတရုံး နဲ့ နီးစပ်သူတစ်ဦးဟု ဖော်ပြခဲ့သော်လည်း နိုင်ငံတော် သမ္မတရုံးက သတင်းအရင်းအမြစ်များ မဟုတ်သလို နိုင်ငံတော် သမ္မတရုံးမှ အတည်ပြုချက် ရရှိခဲ့ခြင်း မရှိသည့်အတွက် အတည်ပြုနိုင်သော သတင်းမဟုတ်ဘဲ ကြားသိရသော သတင်းအချက်အလက်ကိုသာ အခြေခံပြီး ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပါသည်၊ ခိုင်လုံမှုမရှိသော သတင်းအရင်းမြစ်ကို အခြေခံပြီး ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပါသဖြင့် သမ္မတရုံးနဲ့ တာဝန်ရှိသူများ၊ စာဖတ်သူများကို The Speaker ဂျာနယ်မှ ရှင်းလင်းတောင်းပန်နိုင်ရေး ဆက်လက်ဆောင်ရွက်ပေးနိုင်ပါရန် ဆိုပြီးတော့ သမ္မတရုံးက တိုင်တာ "
တိုင်ကြားချက်နဲ့ပတ်သက်လို့ ကောင်စီရဲ့ ညှိနှိုင်းဖြေရှင်းရေးကော်မတီက ဂျာနယ်ဘက်ကိုဆင့်ခေါ်ပြီး လာမယ့် ကြာသပတေးနေ့မှာ စတင်ကြားနာသွားမယ်လို့လည်း ဦးအုန်းကြိုင် က ပြောပါတယ်။
ဒါ့အပြင် ရိုက်တာ သတင်းထောက် ၂ ယောက်ရဲ့ အမျိုးသမီးတွေ လက်မှတ်ရေးထိုးထားတဲ့ စာ ၁ စောင်၊ အကျဉ်းကျခံနေရတဲ့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ အမျိုးသမီးပေးတဲ့ အသနားခံစာ ၁ စောင် နဲ့ Eleven သတင်းမီဒီယာက တင်ပြတဲ့ပေးစာ ၁ စောင် စုစုပေါင်း ၃ စောင်ကို မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက သမ္မတထံ မနေ့က ပေးအပ်ခဲ့ပါတယ်။
အကျဉ်းကျခံနေရတဲ့ သတင်းသမားတွေအရေးကို ဥပဒေကြောင်းအရ ပြန်လည်သုံးသပ်ပေးမယ်လို့ သမ္မတက ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
အလားတူပဲ ရိုက်တာ သတင်းသမားတွေကိစ္စနဲ့ပတ်သက်ပြီး သတင်းသမားကွန်ရက် ၈ ခုက စုပေါင်းထုတ်ပြန် ထားတဲ့ ရှေ့နေတွေရဲ့ ရှုထောင့်ကနေသုံးသပ်ထားတဲ့ ထုတ်ပြန်ချက်တစ်ခုကိုလည်း သမ္မတထံ မနေ့က ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီအကြောင်းကို သတင်းမီဒီယာကောင်စီက တွဲဖက်အတွင်းရေးမှူး ၁ ဦးမြင့်ကျော် က ပြောပါတယ်။
"ကျနော်တို့လည်း ရိုက်တာ သတင်းထောက်ကိစ္စနဲ့ပတ်သက်တဲ့ သုံးသပ်ချက် ပေးခဲ့တယ်၊ ရှေ့နေတွေ ရေးထား တဲ့ ဥပဒေရှုထောင့်ကရော သတင်းမီဒီယာနက်ဝေါ့ရဲ့ မီဒီယာကျင့်ဝတ်တွေအကြောင်း သတင်းသမားကွန်ရက် ၈ ခုက စုပေါင်းပြီးတော့ ထုတ်ပြန်တဲ့ သုံးသပ်ချက်ပေါ့လေ၊ ဆရာ ဦးထက်မြက် ကတစ်ဆင့် ပေးလိုက်တာပေါ့နော်၊ သူအဲဟာကို ဖတ်ပါမယ်လို့ ဆရာ ဦးထက်မြက်ကို ပြောတယ်လို့ သိရတယ်ပေါ့နော်"
ဒါ့အပြင် ဒီနေ့ခေတ်မှာ သတင်းမီဒီယာ မဟုတ်တဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားမှုတွေနဲ့ သတင်းမီဒီယာတွေ ရေးသားမှုတွေ ရောထွေးနေတာကြောင့် သတင်းမီဒီယာကောင်စီရဲ့ အခန်းကဏ္ဍက ပိုပြီးအရေးပါလာတယ် လို့လည်း ဦးမြင့်ကျော် က အခုလို ဆက်ပြောပါတယ်။
"တစ်ခါတစ်လေ သတင်းရင်းမြစ်တွေ၊ အစိုးရပိုင်းက ပြောဆိုတဲ့အခါမှာ သတင်းသမား မဟုတ်တဲ့ လူမှုကွန်ရက်မှာ သုံးစွဲတဲ့ဟာတွေ ရေးသားမှုတွေနဲ့ သတင်းမီဒီယာ ရေးသားမှုတွေနဲ့ ရောထွေးနားလည်မှုတွေ ဖြစ်နေတာကို သတိထားမိတယ်၊ အဲဒါတွေက မြန်မာနိုင်ငံ တစ်ခုတည်းတော့ မဟုတ်ဘူးပေါ့လေ၊ တခြားနိုင်ငံမှာ လည်း ဒီလိုမျိုးတွေ ကြုံရတယ်၊ အဲလိုမျိုး တုံ့ပြန်ရိုက်ခတ်မှုတွေက မီဒီယာအပေါ်မှာ ယုံကြည်မှု ကျဆင်းစေတဲ့ အကြောင်းတွေထဲမှာလည်း တစ်ခုပါနေတာပေါ့နော်၊ အဲနေရာမှာ သတင်းမီဒီယာကျင့်ဝတ်နဲ့ တကယ့် သတင်းမီဒီယာသမားတွေရဲ့ ပရော်ဖက်ရှင်နယ် ဖြစ်တာကဘယ်လိုဆိုတဲ့ဟာမျိုးတွေကို လူထုရော သက်ဆိုင်တဲ့ အစိုးရတို့လို၊ လွှတ်တော်တို့လို၊ တပ်မတော်တို့လို အဖွဲ့အစည်းတွေကြားမှာလည်း ကောင်စီရဲ့အခန်းကဏ္ဍက ပိုပြီးတော့ အရေးကြီးလာတယ်လို့ ကျနော်မြင်တယ်"
မနေ့က ကတိသစ္စာပြုပွဲမှာ သတင်းမီဒီယာတွေအနေနဲ့ တိုင်းရင်းသားတွေအကြားမှာ အမုန်းတရားတွေ၊ ပဋိပက္ခတွေ ပြင်းထန်မြင့်မားမလာအောင် ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို သတင်းမီဒီယာကောင်စီက ဦးဆောင် ချမှတ်ပေးဖို့လိုကြောင်း၊ ထိလွယ်၊ ရှလွယ်တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဘယ်လိုဖော်ပြရမယ်၊ ဘယ်အရာတွေကို သတိပြုရမယ် စတဲ့ ပဋိပက္ခသတင်းဆိုင်ရာ ရေးသားထုတ်လွှင့်မှု တွေနဲ့ ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းတွေကို လိုက်နာပေးကြဖို့ ကောင်စီက ကြီးကြပ်စေလို ကြောင်းလည်း သမ္မတ ဦးဝင်းမြင့် က ပြောကြားခဲ့ပါတယ်။
ဒီနေ့မှာလည်း သတင်းမီဒီယာ ကောင်စီဝင်သစ်တွေဟာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးတို့နဲ့ တွေ့ဆုံပြီး လက်ရှိ မီဒီယာတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး အတွက် စတင်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။