ဩစတြေးလျကုမ္ပဏီတွေ စစ်‌ကောင်စီနဲ့ ပူးတွဲလုပ်ကိုင်နေကြောင်း JFM ထောက်ပြ

RFA Burmese
2024.01.30
ဩစတြေးလျကုမ္ပဏီတွေ စစ်‌ကောင်စီနဲ့ ပူးတွဲလုပ်ကိုင်နေကြောင်း JFM ထောက်ပြ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ ဘော်တွင်းသတ္တုတွင်း စီမံကိန်းကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဩစတြေးလျကုမ္ပဏီ‌တွေ၊ ဦးဆောင်အရာရှိတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ စစ်တပ်အာဏာသိမ်းသက်တမ်း သုံးနှစ်ပြည့်တဲ့အထိ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့သတ္တုတွင်းကဏ္ဍမှာ ဆက်လက်လုပ်ကိုင်နေကြောင်း Justice For Myanmar က ဇန်နဝါရီလ ၃၀ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

"လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် သတ္တုမိုင်းများ" လို့ အမည်ပေးထားတဲ့ အဲဒီအစီရင်ခံစာမှာ စစ်ကောင်စီကို ဘဏ္ဍာရေးဆိုင်ရာ အထောက်အကူဖြစ်စေတဲ့ သတ္တုတူးဖော်ရေး၊ ရှာဖွေရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ကိုင်နေတဲ့ ဩစတြေးလျနိုင်ငံသားပိုင်နဲ့ ဦးဆောင်ကုမ္ပဏီ ခုနစ်ခုကို အမည်တွေနဲ့တကွ ဖော်ပြထားပါတယ်။ အဲဒီကုမ္ပဏီတွေကတော့ Valentis၊ Cornerstone Resources၊ Knight Piésold၊ PanAust၊ Asia Pacific Mining Limited၊ Access Resources Asia နဲ့ Australian Laboratory Services (ALS) ကုမ္ပဏီတို့ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံဟာ စစ်အာဏာသိမ်း သုံးနှစ်ပြည့်တဲ့အထိ သတ္တုနဲ့ အခြားကဏ္ဍတွေကနေ စစ်ကောင်စီ ဘဏ္ဍာငွေရရှိနေတာကို အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်နေတယ်၊ ဒါက လက်ခံနိုင်ဖွယ် မရှိဘူးလို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောဆိုကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Justice For Myanmar က ထုတ်ဖော်လိုက်တဲ့ ကုမ္ပဏီတွေဟာ ကုလသမဂ္ဂကသတ်မှတ်ထားတဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေတယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီအခုလက်ရှိ Justice For Myanmar က ထုတ်ပြန်ထားတဲ့ စာရင်းတွေထဲမှာပါနေတဲ့ ကုမ္ပဏီတွေဟာ ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ စီးပွားရေးဆိုင်ရာစည်းမျဉ်း (UN guiding principle) တို့၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OECD) ရဲ့ လမ်းညွှန်ချက်လိုမျိုး နိုင်ငံတကာမှာရှိနေတဲ့ ကုမ္ပဏီကြီးတွေ၊ စီးပွားရေးလုပ်ငန်းကြီးတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ နိုင်ငံတကာအဆင့် ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေကို သူတို့အနေနဲ့ ပြောင်ပြောင်တင်းတင်းဖောက်ဖျက်တာပဲဖြစ်တယ်"

ဩစတြေးလျအစိုးရဟာ အရပ်ဖက်အဖွဲအစည်းတွေနဲ့ မြန်မာပြည်သူတွေရဲ့ တောင်းဆိုမှုကို အလေးထားတဲ့အနေနဲ့ စစ်ကောင်စီနဲ့ လက်တွဲအလုပ်လုပ်နေတဲ့ ကုမ္ပဏီတွေကို အရေးယူဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း ဩစတြေးလျအပါအဝင် နိုင်ငံတကာကုမ္ပဏီကြီးတွေအနေနဲ့ မြန်မာပြည်သူတွေကို ထောက်ထားတဲ့အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ဖို့ တိုက်တွန်းထားပါတယ်။

"စစ်အုပ်စုဟာ ရရှိလာတဲ့ဝင်ငွေတွေကို ကိုယ့်ရဲ့ တိုင်းသူပြည်သားတွေကိုပဲ ပြန်လည်သတ်ဖြတ်ဖို့ကိုပဲ အသုံးပြုနေတာကို တောက်လျှောက်တွေ့နေရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဒါကို တစ်စိုက်မတ်မတ် တောင်းဆိုနေကြရတာဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကိုယ့်အကျိုးစီးပွားတစ်ခုတည်းကို မကြည့်ဘဲနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုအတွက် တစ်ချက်လေးထောက်ထားပြီးတော့ စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ဖို့ တိုက်တွန်းလိုပါတယ်"

NUG အနေနဲ့ စစ်ကောင်စီထံ စီးဝင်နေတဲ့ ဘဏ္ဍာငွေကြေးတွေကို ဖြတ်တောက်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတယ်လို့ သူက ဆိုပါတယ်။

"ကိုယ့်အကျိုးစီးပွားတစ်ခုတည်းကို မကြည့်ဘဲနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုအတွက် တစ်ချက်လေးထောက်ထားပြီးတော့ စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ဖို့ တိုက်တွန်းလိုပါတယ်"

Justice For Myanmar အဖွဲ့ကတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတ္တုတွင်းလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ချက်ချင်းလုပ်ဖို့နဲ့ ချိုးဖောက်တဲ့ ဩစတြးလျကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို တရားစွဲဆိုပေးဖို့ ဩစတြေးလျအစိုးရကို တောင်းဆိုထားပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

၂၀၂၃ ခုနှစ် ဇွန်လတုန်းကတော့ စစ်ကောင်စီအပေါ် နိုင်ငံတကာက စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူတာတွေကို သူတို့အနေနဲ့ မစိုးရိမ်ဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ဖြေဆိုခဲ့ပါတယ်။

Justice For Myanmar ရဲ့ ထုတ်ပြန်ချက်ကြောင့် ဩစတြေးလျအစိုးရက သတိထားမိပြီး အရေးယူဆောင်ရွက်လာနိုင်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။

"Justice For Myanmar က ဒီလိုမျိုး ထုတ်ဖော်နိုင်တယ်ဆိုတာ ကောင်းတယ်။ ဒီထက်မက တခြား ချိတ်ဆက်မှုတွေ ရှိနေနိုင်သေးတယ်လို့လည်း ယူဆကြတယ်။ အဲဒီချိတ်ဆက်မှု၊ ပတ်သက်မှုတွေကို ကျွန်တော်တို့ များများသိရရင် မြင်သာထင်သာရှိတယ်။ လူတွေလည်းမြင်ရတယ်ဆိုရင် ဩစတြေးလျအနေနဲ့ မြန်မာနိုင်ငံအရေးကိစ္စမှာ သူတို့အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုပိုင်းဆိုင်ရာတွေ ဒီထက်ပိုပြီးလုပ်ဖို့ လိုတယ်ဆိုတဲ့ဟာကို ဒါသူတို့ နည်းနည်းလေး သတိထားမိလာစရာ ရှိလိမ့်မယ်လို့ မြင်ပါတယ်"

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ ဘော်တွင်းသတ္တုတွင်း စီမံကိန်းကို ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်။ (Photo: RFA)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ ဘော်တွင်းသတ္တုတွင်း စီမံကိန်းကို ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်။ (Photo: RFA)

စစ်ကောင်စီကို ဘဏ္ဍာရေးအရ အထောက်အပံ့ ဖြစ်စေတာဟာ ပြည်သူတွေပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီသလို ဖြစ်နေတာကြောင့် အမြန်ဆုံးရပ်တန့်ကြဖို့ တောင်းဆိုတယ်လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ တကသ ကျောင်းသားဟောင်းများအင်အားစု အဖွဲ့ဝင် ကိုနန်းလင်းက ပြောပါတယ်။

"ပြည်သူကို သတ်ဖို့ဖြတ်ဖို့အတွက် စစ်ကောင်စီကို အကူအညီသွားပေးနေသလိုပဲလို့ ကျွန်တော်တို့ကတော့ မြင်တယ်။ ဒါကြောင့် ဒီကိစ္စတွေကို ကန့်ကွက်တယ်ရှုတ်ချတယ်။ နိုင်ငံတကာကုမ္ပဏီတွေနဲ့ အစိုးရတွေအနေနဲ့ စစ်ကောင်စီကို အမြန်ဆုံး ပိတ်ဆို့အရေးယူပါ။ စစ်ကောင်စီနဲ့ မပူးပေါင်းဘဲနဲ့ မြန်မာပြည်သူတွေရဲ့ လိုလားချက် ဆန္ဒတွေကို နားထောင်ခြင်းဖြင့် ကူညီဖို့အချိန်ရောက်နေပြီဆိုတာကို အလေးအနက် တိုက်တွန်းချင်ပါတယ်"

Justice For Myanmar ရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဩစတြေးလျအစိုးရ၊ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာနရဲ့ သတင်းပြန်ကြားရေးအဖွဲ့ကို အီးမေးလ်ကတစ်ဆင့်မေးမြန်းတဲ့အခါ နိုင်ငံတကာအဆင့် လုပ်ကိုင်နေတဲ့ ဩစတြေးလျ စီးပွားရေးလုပ်ငန်းအားလုံးဟာ သူတို့ရဲ့လုပ်ငန်းတွေနဲ့ ဆက်စပ်လုပ်ငန်းတွေမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ တာဝန်ရှိတယ်။ ဩစတြေးလျအစိုးရဟာ လုပ်ငန်းရှင်အသစ်တွေအတွက် မြန်မာနိုင်ငံကို ဈေးကွက်တစ်ခုအဖြစ် မြှင့်တင်ပေးတာမျိုး မလုပ်ပါဘူး။ လက်ရှိ ရင်းနှီးမြှုပ်နှံသူအားလုံးလည်း ဩစတြေးလျအစိုးရရဲ့ ဥပ‌ဒေကို လေးစားလိုက်နာဖို့ ဆက်လက်သတိပေးနေပါတယ်လို့ ပြန်လည်ဖြေကြားပါတယ်။

ဆွစ်ဇာလန်နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့ကတော့ စစ်ကောင်စီလက်အောက်ခံ အမှတ် (၂) မြန်မာ့သတ္တုတွင်းလုပ်ငန်းကို ပြီးခဲ့တဲ့နှစ်ထဲမှာ အရေးယူပိတ်ဆို့ ဒဏ်ခတ်ထားပါတယ်။ အဲဒီသတ္တုတွင်းလုပ်ငန်းဟာ ရွှေ၊ ခဲမဖြူနဲ့ အဖြိုက်နက် သတ္တုတွေကို ထုတ်လုပ်၊ ကျိုချက်၊ ရောင်းချနေတာပါ။ ဒါ့အပြင် အကြီးစား ရွှေသတ္တုတူးဖော်ရေး လုပ်ငန်းကိုလည်း အခြား ကုမ္ပဏီခြောက်ခုနဲ့ ဖက်စပ်လုပ်ကိုင်နေပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သတ္တုတွင်းထွက်လုပ်ငန်းကနေ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၂၃ သန်းရရှိခဲ့ပြီး၊ ၂၀၂၃-၂၄ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၁၆ သန်း ရရှိထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။