စစ်ခေါင်းဆောင် သူ့ကိုယ်သူ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နယ်ပယ်အသီးသီးက လူပေါင်း ၁၄၀ ကျော်ကို ဂုဏ်ထူးဆောင်ဘွဲ့နဲ့ တံဆိပ်တွေ ပေးအပ်လိုက်ကြောင်း စစ်ကောင်စီထိန်းချုပ်တဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဧပြီလ ၁၈ ရက် မနေ့က ကြေညာခဲ့ပါတယ်။
လွတ်လပ်ရေးရပြီး ၇၅ နှစ်တာ ကာလအတွင်း နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ကောင်းကျိုးကို ထူးချွန်ပြောင်မြောက်အောင် တာဝန်ထမ်းနိုင်တဲ့အတွက် အခုလို ချီးမြှင့်တာလို့ ဆိုပါတယ်။
သင်္ဂဟဘွဲ့တွေထဲမှာ ဒုတိယအမြင့်ဆုံးဖြစ်တဲ့ သတိုးသီရိသုဓမ္မဘွဲ့နဲ့ သတိုးမဟာ သရေစည်သူဘွဲ့ နှစ်ဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ကိုယ်သူ ပြန်ပေးထားပြီး စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ကိုလည်း အဲဒီဘွဲ့နှစ်ခုကို ပေးပါတယ်။
ဆုချီးမြှင့်ခံရသူတွေထဲမှာ အာဏာရှင်စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ နောက်လိုက် စစ်တပ် အရာရှိ အများအပြား ပါဝင်နေပါတယ်။ ထူးခြားချက်နောက်တစ်ခုက လက်နက်ကိုင် လူမျိုးစုခေါင်းဆောင်တွေကိုပါ ဂုဏ်ပြုဘွဲ့ပေးခဲ့တာပါ။
ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခံရသူတွေထဲ NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ် ပါတီက နိုင်ရွှေကျင်နဲ့ နိုင်ထောမွန်၊ RCSS က ဗိုလ်ချုပ်ကြီး ယွက်ဆစ်၊ KNU က ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့လည်း ပါဝင်ပါတယ်။ ဝဏ္ဏကျော်ထင်ဘွဲ့ဟာ အများ ပြည်သူ ကောင်းကျိုးအတွက် ထူးကဲကောင်းမွန်အောင် ဆောင်ရွက်တဲ့သူတွေကို ချီးမြှင့်လေ့ ရှိတဲ့ ဘွဲ့တစ်ခု ဖြစ်ပါတယ်။
ကရင်ပြည်နယ်ထဲမှာ စစ်ရေးတိုက်ခိုက်မှုတွေ အရှိန်မြင့်တက်နေတဲ့ကြားကပဲ ကရင် အမျိုးသားအစည်းအရုံး KNU ရဲ့ အမြင့်ဆုံးခေါင်းဆောင်တစ်ယောက်ကို ဘွဲ့ပေးတာက အပ်စပ်မှုမရှိဘူးလို့ KNU ရဲ့ နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။
“အဖွဲ့အစည်းတစ်ခုကို စည်းလုံးညီညွတ်မှု ပျက်ပြားအောင် ဘယ်လိုနည်းနဲ့ လုပ်ရမလဲ ဆိုတာ တောက်လျှောက်ပဲ လုပ်လာခဲ့တဲ့အပေါ်မှာ နည်းလမ်းပေါင်းစုံနဲ့ လုပ်တဲ့ အစဉ်အလာဟာလေ အဲဒါလည်း ထင်ရှားသိသာတဲ့ နောက်ဆုံး အခြေအနေအရပေါ့နော်။ တစ်ဖက်ကနေ အပစ်အခတ်ရပ်စဲရေး ခေါ်တာတွေရှိသလို တစ်ဖက်ကလည်း ထိုးစစ် ဆင်တယ်။ အခုနောက်ဆုံးအခြေအနေအရဆိုရင် ကျနော်တို့ဆီမှာ နေ့တိုင်းလိုလို စစ်ရေးနဲ့ ရင်ဆိုင်နေရတာပဲ။ တစ်ချိန်တည်းမှာပဲ ကျနော်တို့အဖွဲ့အစည်းရဲ့ အမြင့်ဆုံး ခေါင်းဆောင်တစ်ယောက်ကို ဘွဲ့ပေးလာတာ ဒါလည်း လုံးဝ တကယ်မအပ်စပ်တဲ့ အရာတွေပါ”

ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခံရတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရဲ့ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ အခုလို ဘွဲ့ပေးတာကို နှစ်ဖက်ယုံကြည်မှု တည်ဆောက်တာလို့ မြင်ပါတယ်။
“ကျနော်တို့ကတော့ ထူးထူးခြားခြား သိသိသာသာကြီး ဘာမှ သဘောထားတာ မရှိပါဘူး။ အဓိကကတော့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ ပဋိပက္ခတွေ၊ လူသတ်မီးရှို့ကိစ္စတွေ အားလုံးကို လျော့သွားအောင်၊ ရပ်သွားအောင်လုပ်ဖို့ ကျနော်တို့က ကြိုးပမ်းရမှာပေါ့။ အဲဒီလို ကြိုးပမ်းတဲ့နေရာမှာ စစ်ကောင်စီနဲ့လည်း စကားပြောရမယ့် ဟာတွေ၊ ဘာတွေရှိလာတော့ ဒီလိုဘွဲ့ထူး၊ ဂုဏ်ထူးပေးတယ်ဆိုပြီးတော့ ထွက်လာတဲ့ ဟာက စကားပြောဖို့ဆိုဖို့အတွက် ချောချောမွေ့မွေ့ဖြစ်အောင်ပေါ့ဗျာ။ ယုံကြည်မှု တစ်ဖက်နဲ့ တစ်ဖက်ရအောင် ပေးတာလည်း ဖြစ်နိုင်တယ်။ ဒါကို ကျနော်တို့က ဒီရရှိတဲ့ ယုံကြည်မှု၊ ရရှိတဲ့ ချောမွေ့မှုကို အသုံးပြုပြီး တိုင်းပြည်အတွက် ပြောရဆိုရမှာပေါ့၊ ကျနော်အဲဒီလို မှတ်ပါတယ်”
ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခံရတဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) က ဦးခိုင်စိုးနိုင်အောင်ကတော့ ဒီဘွဲ့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူကို ပေးတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။
“ကျနော်တို့လည်း ဖတ်ရတယ်။ ဒါပေမဲ့ ကျနော်တို့ဆီကို အကြောင်းကြားတာ မရှိသေးဘူး။ EAO တွေ၊ NCA လက်မှတ်ထိုးတဲ့ ပုဂ္ဂိုလ်တွေ ပေးတာကတော့ ငြိမ်းချမ်းရေးလုပ်ငန်းတွေအပေါ်မှာ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အပေါ်မှာ အမှတ်တရအနေနဲ့၊ ဂုဏ်ပြုတဲ့အနေနဲ့ ပေးတယ်လို့ ကျနော်ထင်တယ်။ အဲဒီတော့ ပဋိပက္ခတွေ အမြန်ဆုံးဖြေရှင်းနိုင်အောင် အားလုံး သဘောထားကြီးစွာနဲ့ ပြည်သူတွေကို မျက်နှာမူကြပါလို့ အဲဒီလိုပြောချင်တယ်”
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဘွဲ့တံဆိပ်တွေပေးတာဟာ ပုံမှန်သာဖြစ်တယ်လို့ ပြောပါတယ်။
“အဓိကကတော့ ဘွဲတံဆိပ်တွေပေးတာကတော့ ကျနော်တို့ ယခင်ကတည်းကတိုင် လုပ်ခဲ့ကိုင်ခဲ့တဲ့လူတွေပေါ့နော်။ ဒါအခုကာလမှာ လုပ်ခဲ့၊ နိုင်ငံတော်နဲ့ လူမျိုးအတွက် လုပ်ခဲ့တဲ့လူတွေ၊ ပြည်သူလူထုအတွက် လုပ်ခဲ့တဲ့လူတွေ ပေးပါတယ်။ ဒီနှစ်မှာ အခုတော့ ထူးထူးခြားခြားရှိတာဆိုလို့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့တဲ့အဖွဲ့တွေကိုပဲ ထူးထူးခြားခြား ပါပါတယ်။ ကျန်တာက ပုံမှန်လို့ပဲ ပြောလို့ရပါတယ်”
ဘွဲတံဆိပ်တွေနဲ့ပတ်သက်လို့ တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ၊ လစဉ်ခံစားငွေ စသဖြင့် သတ်မှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေအတိုင်း ခံစားခွင့်ရရမှာဖြစ်ပြီး သက်ရှိထင်ရှားမရှိတဲ့ သူတွေမှာလည်း သားစဉ်မြေးဆက် ခံစားခွင့်ရမှာလို့လည်း သူကဆိုပါတယ်။
အခုဘွဲ့ပေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက လူတွေဟာ စစ်တပ်က ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူတွေ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
စစ်တပ်က တစ်ဖက်မှာ တစ်နိုင်ငံလုံးကို စစ်ရေးအရ ဖိနှိပ်နေသလို တစ်ဖက်ကလည်း သူတို့ဖွဲ့ထားတဲ့ ငြိမ်းချမ်းရေး ကော်မတီတွေမှာ ဆွေးနွေးဖက်တွေ လိုအပ်တာကြောင့် အခုဘွဲ့တွေ ပေးတာက ဒီလူတွေကို သူ့တို့အဝန်းအဝိုင်းထဲကို ဆွဲထည့်လိုက်တဲ့သဘောလို့ ယူဆသူတွေလည်း ရှိပါတယ်။
"စစ်ကောင်စီကိုယ်တိုင်က တရားမဝင် အာဏာကို လက်နက်အားကိုးနဲ့ မတရား ရယူထားတာဖြစ်တယ်။ အဲဒီတော့ သူတို့လုပ်သမျှက ဥပဒေနဲ့ တစ်ခုမှ မညီညွတ်ဘူး"
စစ်ကောင်စီရဲ့ အခုလုပ်ရပ်တွေကို ပြည်သူလူထုကလည်း အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေးက ပြောပါတယ်။
“စစ်ကောင်စီကိုယ်တိုင်က တရားမဝင် အာဏာကို လက်နက်အားကိုးနဲ့ မတရား ရယူထားတာဖြစ်တယ်။ အဲဒီတော့ သူတို့လုပ်သမျှက ဥပဒေနဲ့ တစ်ခုမှ မညီညွတ်ဘူး။ ဥပဒေနဲ့ မညီညွတ်တာဖြစ်တဲ့အတွက် အဲဒီဟာတွေက ပြည်သူလူထုကလည်း အသိအမှတ်မပြုဘူး။ တရားလည်းမဝင်တဲ့အတွက်ကြောင့် အချိန်တန်ရင် ပျက်ပြယ်သွားမှာ”
စစ်ကောင်စီနဲ့ NUG အစိုးရတို့အကြား နိုင်ငံရေးအရ ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်မှာ သူတို့နဲ့ ဆက်ဆံရေးရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက လူပုဂ္ဂိုလ်တွေ၊ စစ်တပ်အရာရှိဟောင်း တွေနဲ့ အနုပညာနယ်ပယ်ကလူတွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ဘက်မှာ ရှိတယ်ဆိုတဲ့ သဘောနဲ့ ဘွဲ့၊ တံဆိပ်တွေ ပေးနေတာလို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။
“သူ့စည်းဝိုင်းထဲမှာ ပါဝင်တယ်လို့ သူက ယူဆတဲ့ ပုဂ္ဂိုလ်တွေကို ဘွဲ့ထူး၊ ဂုဏ်ထူးတွေ ပေးတာ။ အဲဒီတော့ သမိုင်းတစ်လျှောက် ပြန်ကြည့်လို့ရှိရင်လည်း အဲဒီပုဂ္ဂိုလ်တွေဟာ သူ့အတွက် ကောင်းမှုပြုခဲ့တဲ့ ပုဂ္ဂိုလ်တွေပေါ့ဗျာ။ အဲဒါကြောင့် အဲဒီလူတွေဟာလည်း သူ့အဝန်းအဝိုင်းထဲမှာ သူ့ဘက်မှာ ရှိခဲ့တယ်။ ရပ်တည်ခဲ့တယ်ဆိုတာကို သူက ပြန်ပုံဖော်ဖို့အတွက် ဒီပုဂ္ဂိုလ်တွေကို၊ ကွယ်လွန်ပြီးတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ထည့်သွင်း တွက်ချက်ထားတယ်လို့ ယူဆပါတယ်။ ဒီနေ့ကတော့ ပြောရလို့ရှိရင် လူ့စည်း၊ ဘီလူးစည်း ခွဲပြီးတော့ သူ့လူ၊ ကိုယ့်လူ ခွဲခြားတဲ့နေရာမှာ သူက အဲဒီလူတွေကို သူ့အဝန်းအဝိုင်းထဲ၊ သူ့စည်းဝိုင်းထဲကို ထည့်သွင်းပြီးတော့ ဖော်ပြချင်တဲ့အတွက် ဒီလို ဘွဲ့ထူး၊ ဂုဏ်ထူးတွေ ပေးလိုက်တာဖြစ်ပါတယ်”
ဝန်ကြီးချုပ် ဦးနု၊ သမ္မတ ဦးစန်းယုနဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်တို့ကိုလည်း စစ်ကောင်စီက သုဓမ္မသင်္ဂဟဘွဲ့ထဲက အမြင့်ဆုံးဖြစ်တဲ့ အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့နဲ့ ပြည်ထောင်စုသင်္ဂဟဘွဲ့ထဲမှာ အမြင့်ဆုံးဖြစ်တဲ့ အဂ္ဂမဟာ သရေစည်သူဘွဲ့ကို ပေးထားပါတယ်။ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ကိုလည်း အဂ္ဂမဟာ သရေစည်သူဘွဲ့ ပေးပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် တပ်မတော်နေ့က လူမှုထူးချွန်တံဆိပ် (တတိယဆင့်) ပေးအပ် ထားတဲ့ သရုပ်ဆောင် စိုးမြတ်သူဇာကို နှစ်ဆန်း ၁ ရက်နေ့မှာ လူမှုထူးချွန်တံဆိပ် (ဒုတိယဆင့်) အဖြစ် ထပ်ပြီး တိုးမြှင့်ပေးခဲ့ပါတယ်။
တပ်မတော်နေ့က သရုပ်ဆောင် ခိုင်သင်းကြည်ကို ပေးခဲ့တဲ့ လူမှုထူးချွန်တံဆိပ် (ဒုတိယဆင့်) ကိုတော့ နှစ်ဆန်း တစ်ရက်နေ့မှာ ပြန်ရုပ်သိမ်းတယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။