ကချင်ပြည်နယ်မှာ ပြည်သူ့စစ်အဖွဲ့တွေ အဓမ္မ လူသစ်စုဆောင်းနေ
2024.02.13

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဦးရွှေမင်း ဦးဆောင်တဲ့ လီဆူပြည်သူ့စစ်၊ ပူတာအိုခရိုင်မှာ ခေါင်လန်ဖူး (ဌာနေ) ပြည်သူ့စစ်နဲ့ မိုးညှင်းမြို့နယ်မှာ ရှမ်းနီ အမျိုးသား တပ်မတော် (SNA) တို့က အဓမ္မ လူသစ်စုဆောင်းနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရှမ်းနီ SNA တပ်တွေက အင်းတော်ကြီးဒေသ နန့်မွန်းရွာမှာ ဇန်နဝါရီလ ၂၂ ရက်နေ့ကစလို့ လမ်းသွားလမ်းလာတွေကိုဖမ်းတာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် လူစုတာတွေရှိတယ်လို့ လုံခြုံရေးကြောင့် နာမည်ထုတ်မပြောချင်တဲ့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။
“အုပ်ချုပ်ရေးမှူးတွေလည်း လမ်းမှာတွေ့တဲ့သူတွေကိုဖမ်းယူလိုက်၊ အဲဒီလိုပဲ ပြောထားတယ်။ လမ်းမှာသွားတဲ့သူတွေ အကုန်လုံးကို ဖမ်းတာပေါ့။ သူတို့ကတော့ အချိန်နဲ့အချိန် ဖမ်းပြီးတော့ အကုန်လုံးယူတာပါ့။ အခက်အခဲဆိုတော့ နန့်မွန်းက ပြေးကုန်ကြပြီ။ နန့်မွန်းရွာထဲမှာတောင် မနေရဲကြတော့ဘူး ထွက်ပြေးကြကုန်ပြီ”
“ပြီးခဲ့တဲ့ ဇန်နဝါရီ လလယ်ပိုင်းကစလို့ ပူတာအိုမြို့မှာ တစ်အိမ်တစ်ယောက် စစ်မှုထမ်းဖို့ လိုက်စည်းရုံးနေတယ်”
ဟိုပင်မြို့၊ မိုးညှင်းမြို့တွင်း မြို့ပြင်နဲ့ နန်းမားမြို့တွေမှာလည်း လမ်းသွားလမ်းလာတွေကို ဖမ်းတာတွေရှိတယ်လို့ ပြောပါတယ်။ အင်းတော်ကြီးမှာလည်း ပြည်သူစစ်ထဲ မလိုက်ချင်တဲ့သူက ပိုက်ဆံ သိန်းနဲ့ချီပေးရတယ်လို့ လုံခြုံရေးအရ နာမည်ပြောချင်တဲ့ ဒေသခံတစ်ယောက်ဆီက ကြားရတယ်။
“အင်းတော်ကြီးက သူတို့ရဲ့ နေရာဒေသ ဖြစ်တဲ့အတွက် အဲဒါကြောင့် သူတို့ အုပ်ချုပ်ရမယ်ဆိုပြီး ပြောတာပေါ့။ လမ်းသွားလမ်းလာတွေ အကုန်လုံးတားပြီးမှ သူတို့ရချင်တဲ့သူခေါ်တာပေါ့ အဲဒီလိုမျိုး။ တချို့က ပြန်လည်လွတ်မြောက်လာတယ်။ လွတ်မြောက်လာတဲ့အထဲမှာ တချို့က ပိုက်ဆံ ဆယ်သိန်းလောက် ပေးရတယ်လို့ပြောတယ်။ သူတို့တောင်းတာက သိန်း သုံးဆယ်တောင်းတယ်လို့ ပြောတယ်”
ဦးတန်ဂူးတန် ခေါင်းဆောင်တဲ့ ခေါင်လန်ဖူး (ဌာနေ) ပြည်သူ့စစ်အဖွဲ့ကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ လလယ်ပိုင်းကစလို့ ပူတာအိုမြို့မှာ တစ်အိမ်တစ်ယောက် စစ်မှုထမ်းဖို့ လိုက်စည်းရုံးနေတယ်လို့ နာမည်လျှို့ဝှက်ထားချင်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“နှစ်ပတ်လောက်တော့ရှိပြီ။ သူတို့ ပြည်သူ့စစ်စည်းရုံးရေးတွေ ခါတိုင်းထက် ခပ်များများလုပ်လာတယ်။ ရွာတွေ ဝင်ပြီးတော့မှ ပြည်သူ့စစ်ဝင်ဖို့ လူငယ်ပိုင်းတွေကို စည်းရုံးတဲ့ဟာ လုပ်လာတယ်။ ပြီးရင် လိုက်ဖမ်းတဲ့ဟာက အထက် ရှန်ကောင်ဘက်မှာလုပ်တယ်။ ဒါပေမဲ့ လောလောဆယ် ဖမ်းတာက အရင်တုန်းက ပြည်သူ့စစ်သင်တန်း ဆင်းထားတဲ့လူတွေ”
ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် အင်ခါဂါးရွာက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ ဒီဇင်ဘာလမှာ ဆုတ်ခွာသွားသလို၊ ခေါင်လန်ဖူးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ခရန်ထီဒမ်း ပြည်သူ့စစ်စခန်းကိုလည်း ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ PDF တွေက ၂၀၂၄ ဇန်နဝါရီလက သိမ်းယူခဲ့ပါတယ်။
ဝိုင်းမော်မြို့နယ်မှာလည်း ဦးရွှေမင်းဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က လူသစ်စုနေတဲ့အတွက် ပြည်သူတွေ အခက်အခဲဖြစ်နေတယ်လို့ အမည်မဖော်ချင်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“သူတို့ ဝူယန်ဂိတ်ရယ်၊ စန်းကားဂိတ်မှာရယ်၊ အောင်မြေသစ်ဂိတ်မှာရယ်၊ လူသစ်စုတဲ့ကာလတွေမှာဆို လီဆူလူမျိုးဆို အဲဒီမှာ ဖမ်းတဲ့ဟာတွေရှိတယ်။ လူသစ်စုတဲ့ဟာတွေ ရှိတယ်”
သက်ကြီးရွယ်အိုတွေ၊ ကလေးအမေတွေကိုလည်း ဖမ်းသွားပြီး သူတို့မိသားစုထဲက ထွက်ပြေးနေတဲ့ လူငယ်လူလတ်တွေနဲ့ ပြန်လဲခိုင်းတာတွေလည်း ရှိတယ်လို့ပြောပါတယ်။
လူသစ် စုဆောင်းနေတယ်လို့ ဒေသခံတွေ ပြောတာနဲ့ပတ်သက်ပြီး SNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်း၊ ဝိုင်းမော်က ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းနဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကိုကို တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။ ဒီလုပ်ရပ်ဟာ ပြည်သူအချင်းချင်း ပြန်တိုက်ခိုင်းနေတာလို့ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောပါတယ်။
“ပြည်သူ့စစ်တွေ ကျွန်တော်တို့ ပြည်သူ ပြည်သားတွေကို ဇွတ်ကိုဆွဲခေါ်မယ်။ သူတို့ဆန္ဒပါပါ မပါပါ ဇွတ်ကို လေ့ကျင့်ပေးမယ်။ လက်နက်တွေ တပ်ဆင်ပေးမယ်။ နောက်ဆုံးတော့ ပြောရရင် ကျွန်တော်တို့ တော်လှန်ရေးဘက်တော်သားတွေအပေါ်မှာ အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းတဲ့ အစီအစဉ်လို့ပဲ နားလည်တယ်”
ပြည်သူ့စစ်အဖွဲ့တွေအနေနဲ့ ပြည်သူ့အတွက် တကယ် အလုပ်လုပ်နေတာဆိုရင် ပြည်သူတွေ အခက်အခဲဖြစ်တဲ့ လူသစ်စုဆောင်းတာတွေမလုပ်ဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။