စစ်ကောင်စီအောင်ဇေယျစစ်ဆင်ရေး ဒေါနတောင်တန်းမကျော်နိုင်သေး

RFA Burmese
2024.05.12
စစ်ကောင်စီအောင်ဇေယျစစ်ဆင်ရေး ဒေါနတောင်တန်းမကျော်နိုင်သေး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တချို့အား မြဝတီမြို့တစ်နေရာတွင် ၂ဝ၂၄ ခုနှစ် မေလအတွင်းက တွေ့ရစဉ်။
Photo: Citizen Journalist

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ ပူးပေါင်းမဟာမိတ် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီစစ်ကြောင်းတွေ ဒေါနတောင်တန်းကို မကျော်နိုင်သေးဘူးလို့ PDF ကျားဖြူစစ်ကြောင်း တာဝန်ရှိသူက RFA ကို ပြောပါတယ်။

တပ်မ ၅၅ လက်အောက်ခံတပ်ရင်းက တပ်ဖွဲ့ဝင်အင်အား နှစ်ထောင်အပြင် တင့်ကားတပ်ရင်း၊ ယန္တရားတပ်ရင်း၊ လက်နက်ကြီးတပ်ရင်း၊ ဒရုန်းတပ်ဖွဲ့တွေနဲ့ ဧပြီ ၉ ရက်မှာ အောင်ဇေယျစစ်ဆင်ရေးအမည်နဲ့ မြဝတီမြို့ကို ထိန်းချုပ်ဖို့ ထိုးစစ်ဆင်နေတာ တစ်လကျော်ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

ဒီစစ်ကောင်စီ စစ်ကြောင်းတွေ မြဝတီမြို့အသွား ကော့ကရိတ်မြို့အထွက် ဒေါနတောင်တန်းမှာ KNLA နဲ့ မဟာမိတ် PDF တပ်ဖွဲ့တွေက ကြားဖြတ်ချေမှုန်းတိုက်ခိုက်နေတာလို့ PDF ကျားဖြူ စစ်ကြောင်း တာဝန်ရှိသူကပြောပါတယ်။

"သူတို့ဒေါနတောင်ကို ကျော်ဖို့တော့ ကြိုးစားနေတယ်။ အခုချိန်ထိတော့ မဖြတ်ကျော်နိုင်သေးဘူးပေါ့။ ခုခံနိုင်တယ်ပဲ ပြောရမှာပေါ့။ နေရာအတိကျတော့ ပြောလို့မရဘူး။ တစ်နေ့ တစ်နေ့ မတူတော့ ဘယ်နေရာမှာ ဘယ်နားမှာ သူတို့ရှိတယ်ဆိုတာ။ လိုရင်းကတော့ သူတို့ ဒေါနတောင်ကို ကျော်ဖို့ ကြိုးစားနေတယ်။ မြဝတီ ရောက်ဖို့ကြိုးစားနေတယ်။ ဒါပေမဲ့ အဲ့ဒါဖြစ်မလာသေးဘူး။ အခုချိန်ထိ ကျွန်တော်တို့ ဟန့်တားနိုင်သေးတယ်"

စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်း ကော့ကရိတ်မြို့ကို ဧပြီ ၂၆ ရက်က ရောက်လာပြီး နယ်မြေရှင်းလင်းခဲ့ကြောင်း၊ စစ်ဘေးရှောင်နေရာက နေအိမ်ပျက်စီးတာကို ပြန်လာကြည့်တဲ့ ဒေသခံတွေနဲ့ မီးလောင်ပြင်က အကြွင်းအကျန်ပစ္စည်းကောက်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်ကြောင်း စစ်ဘေးရှောင် ကော့ကရိတ်ဒေသခံအမျိုးသမီး တစ်ယောက်က ပြောပါတယ်။

"ရှေ့လတုန်းကဆိုရင် ရုပ်ရှင်ရုံနားကလမ်းပေါ်မှာ နှစ်ယောက်၊ ရေလယ်ကုန်း က တစ်ယောက် အားလုံးပေါင်း ခြောက်ယောက်ရှိတယ်ပေါ့နော်။ သံတိုသံစတွေ ဘာတွေ ကောက်တဲ့လူတွေပေါ့နော်။ အလောင်းတောင် လေးရက်လောက်နေမှ ပြန်ရတာ။ ဆယ်ယောက်‌ ရှိတယ်။ စစ်တပ်က ဖမ်းပြီးတော့ နေပူထဲမှာ ဒူးထောက်လက်မြှောက်ပြီး ရပ်ထားခိုင်းတာ။ သေတာတွေကတော့ သူတို့ ပစ်သတ်လိုက်တာ"

ကရင်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ်နဲ့ ဌာနဆိုင်ရာတွေ ကော့ကရိတ်မြို့ အခြေအနေကို ဧပြီလ ၃ဝ ရက်နေ့က ကြည့်ရှုစစ်ဆေးပြီး ပြန်လာနေကြဖို့၊ မိသားစုတစ်စုကို ကျပ်ငွေ နှစ်သိန်းနဲ့ စားသောက်စရာတွေ ဝေငှပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ထောင့်နှစ်ရာပဲရတယ်လို့ နေရပ်ပြန်လာသူ စစ်ဘေးရှောင်အမျိုးသမီးက ပြောပါတယ်။

"ပြန်နေကြတဲ့သူအများစုက အိမ်ကျန်ပြီး ပစ္စည်းခိုးခံရမှာ ကြောက်တဲ့သူတွေပေါ့။ အိမ်မရှိတဲ့သူတွေကျလည်း စစ်ရှောင်တဲ့နေရာတွေမှာ နေကြတယ်ပေါ့။ မီးလောင်တဲ့အိမ်က လူတွေပေါ့။ တစ်အိမ်ကို နှစ်သိန်းပေးမယ်ပေါ့။ အဲ့ဒီသွားကြတဲ့သူတွေကို သူတို့က စာရွက်ပေါ်မှာ နှစ်သိန်းလို့ရေးပေးတယ်။ ပြီးရင် သူတို့ ဓာတ်ပုံရိုက်တယ်။ ပြီးရင် နှစ်ထောင့်နှစ်ရာပဲ သူတို့ပေးတယ်"

ဒါနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် စစ်ကောင်စီ လုံခြုံ ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူကို မေးမြန်းဖို့ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံမဖြေပါဘူး။

အောင်ဇေယျစစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ စစ်ရေးအခြေအနေတွေကိုလည်း စစ်ကောင်စီပြန်ကြားရေးဌာနက အခုထိ သတင်းမထုတ်ပြန်သေးပါဘူး။

စစ်ကောင်စီတပ်တွေဟာ ကော့ကရိတ်တောင်ပိုင်းက ရန်ကုတ်ကျေးရွာ၊ စော်ဟဲကျေးရွာတွေကို လက်နက်ကြီးနဲ့ ဒီလ ၆ ရက်က ပစ်ခတ်တဲ့အပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အမျိုးသမီး တစ်ယောက်သေဆုံးပြီး၊ ရွာသား နှစ်ယောက် ထိခိုက်ဒဏ်ရာခဲ့ပါတယ်။ နေအိမ် ဆယ်လုံးလောက်ကိုလည်း စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

ဒါ့အပြင် ရွာသားတွေကို ဖမ်းဆီးပြီး ရွှေ၊ ငွေ၊ လက်ကိုင်ဖုန်းတွေအပြင် အိမ်အသုံးအဆောင်ပစ္စည်းတွေ ယူပြီးမှ ပြန်လွှတ်ပေးခဲ့တယ်လို့ အဲဒီကျေးရွာတွေမှာ တာဝန်ထမ်းနေတဲ့ KNU ဆေးတပ်သားက ပြောပါတယ်။

ဒါကြောင့် လုံခြုံစိတ်ချရတဲ့နေရာတွေမှာ ဒေသခံတွေ ဆက်လက်နေထိုင်ကြဖို့ PDF ကျားဖြူစစ်ကြောင်းတာဝန်ရှိသူက တိုက်တွန်းပါတယ်။

"မြို့ထဲမှာ ကျွန်တော်တို့ အုပ်ချုပ်ရေးယန္တရားကို သူတို့လည်ပတ်ဖို့ ကြိုးစားပေမဲ့ လောလောဆယ် မြေပြင်သတင်းတွေအရ သူတို့မလည်ပတ်နိုင်သေးဘူးလို့ကြားသိရတယ်။ ပြည်သူတွေကို ပြောချင်တာကတော့ လုံခြုံစိတ်ချရတဲ့ အနေအထားမရှိသေးပါဘူး။ ဒီရက်ပိုင်းမှာ မသင်္ကာတဲ့သူတွေကို ပစ်ခတ်သတ်ဖြတ်နေတယ်လို့လည်း မြေပြင်အခြေအနေတွေအရ ကြားသိရတာလည်းရှိပါတယ်၊ ဒါကြောင့်‌ သေချာစဉ်းစားချင့်ချိန်ပြီးတော့ လုံခြုံစိတ်ချရတဲ့ နေရာတွေမှာပဲနေကြဖို့ တိုက်တွန်းပါတယ်ခင်ဗျ"

ခုတော့ နေ့တိုင်းနီးပါး အာရှလမ်းသစ်၊ လမ်းဟောင်းနဲ့ အနီးက ကျေးရွာတွေမှာ KNLA မဟာမိတ် ပူပေါင်းတပ်တွေကို စစ်တပ်က မြေပြင်က အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်တဲ့အပြင် လေယာဉ်၊ ဒရုန်း၊ အတွဲလိုက်ပစ် ဒုံးကျည်တွေနဲ့ ပစ်ကူပေးတိုက်ခိုက်နေပေမဲ့ ရှေ့တိုးပြီး ဖောက်ထွက် မတိုက်ခိုက်နိုင်သေးဘူးလို့ KNLA မဟာမိတ် စစ်ကြောင်းတွေက ပြောပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။