စစ်ကောင်စီက PDF တွေကို ချေမှုန်းရာမှာ ရုရှားလုပ် တိုက်ရဟတ်ယာဉ်တွေသုံးနေ
2022.02.23

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို ချေမှုန်းဖို့ မြန်မာစစ်ကောင်စီဟာ flying tank ဆိုတဲ့ ဝေဟင်က တင့်ကားလို့ တင်စားတဲ့ ရုရှားလုပ် Mi-35 တိုက်ရဟတ်ယာဉ်ကို အသုံးပြုနေပါတယ်။
ဒီ Mi-35 ရဟတ်ယာဉ်ဟာ ရုရှားလေတပ်က ခေတ်မီတိုက်လေယာဉ် အမျိုးအစား တစ်မျိုးမှာ ပါဝင်ပြီး တိုက်ရဟတ်ယာဉ် ထုတ်လုပ်ရာမှာ ဦးဆောင်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Rostvertol က ထုတ်လုပ်ပါတယ်။
ဒီကုမ္ပဏီဟာ Mi ဒီဇိုင်းရဟတ်ယာဉ်တွေကို ၁၉၅၆ ကတည်းကထုတ်လုပ်တယ်လို့ FAS Federal American Scientists သုတေသန အဖွဲ့က ပြောပါတယ်။ ground-based armoured targets ဆိုတဲ့ မြေပြင် သံချပ်ကာ ပစ်မှတ်တွေ တိုက်ခိုက်ဖို့နဲ့ စစ်ရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေးအတွက် အခြေခံပြီး Mi-35 ကို ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ပါတယ်။
သူ့မတိုင်ခင်က ရဟတ်ယာဉ်တွေနဲ့ ယှဉ်ရင် Mi-35 ပိုမို လျင်လျင်မြန်မြန် ပျံသန်းနိုင်ပြီး စစ်ကစားနိုင်ပါတယ်။ လေတပ်မှာ ဒီ Mi အမျိုးအစားလေယာဉ်တွေအပြင် Yak -130၊ Su-30 MiG-29 စတဲ့ ဂျက်တိုက်လေယာဉ်တွေ၊ တခြားလေယာဉ်တွေလည်း ရှိပါတယ်။
လေတပ် အဆင့်မြှင့်နိုင်အောင် ၂၀၀၉ ခုနှစ်မှာ Mi-35P တွေ ဝယ်ယူဖို့ တရားဝင် အမှာစာ ပို့ခဲ့ပြီး ၂၀၁၀-၁၁ခုနှစ်မှာ ပထမဆုံးအကြိမ် ၁၂စင်း လက်ခံရရှိပါတယ်။ ကမ္ဘာ့ထိပ်တန်း တိုက်လေယာဉ် ၁၀ စင်းမှာ ပါဝင်တဲ့ Mi35 ဟာ တစ်စင်း အမေရိကန်ဒေါ်လာ ၃၆ သန်း ဈေးပေါက်ပါတယ်။
ခုလို လေတပ်အင်အား တိုးချဲ့နေတာဟာ ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံဟာ တရုတ်နဲ့အိန္ဒိယ အင်အားကြီးနှစ်နိုင်ငံကြားမှာ ရှိပေမဲ့ ပြည်ပရန်ထက် ပြည်တွင်းမှာ စစ်ရေးအသာစီးရဖို့ ရည်ရွယ်တယ်လို့ ဂျာမနီနိုင်ငံရောက် မြန်မာ့အရေးလေ့လာသူ နစ်ကီဒိုင်းမွန်းက သုံးသပ်ပါတယ်။
Mi 35 က မကွေးမှာ ရှိတယ်လို့ လေတပ်ကနေ CDM အနုနည်းနဲ့ အာဏာဖီဆန်ပြီး လွတ်မြောက်နယ်မြေ တစ်နေရာ ရောက်နေတဲ့ ဗိုလ်လေးမိုးညိုက ပြောပါတယ်။
Mi 35 ဟာ ရုရှားနိုင်ငံက ပြည်ပကို အများဆုံး ရောင်းချရတဲ့ ရဟတ်ယာဉ်လည်း ဖြစ်ပါတယ်။ ဝေဟင်က ဝေဟင်ပစ် ပဲ့ထိန်းဒုံး၊ ၂၃ မမ အော်တိုမက်တစ် အမြောက်၊ တင့်ကားဖျက် ပဲ့ထိန်းနဲ့ ပဲ့ထိန်းမဲ့ဒုံးတွေ တပ်ဆင်ထားပါတယ်။
Mi 35 ဟာ နေ့နေ့-ညည လက်နက်ကိုင်တပ်ဖွဲ့ဝင် ရှစ်ယောက်ထိ သယ်ယူပို့ဆောင်ပေးနိုင်တယ်လို့ ရုရှား RT သတင်းက ဖော်ပြပါတယ်။ သူ့ကို တိုက်ခိုက်ရေးမှာ၊ မြေပြင်တိုက်ပွဲမှာ၊ တိုက်ပွဲမှာ ဒဏ်ရာရသူကို သယ်ဆောင်ရာမှာ သုံးနိုင်ပါတယ်။
စက်တစ်လုံး မြင်းကောင်ရေအား ၂၂၀၀ ထိရှိတဲ့ စက်နှစ်လုံးတပ်ရဟတ်ယာဉ်ဖြစ်ပြီး Mi35 ဟာ တနာရီ မိုင် ၁၉၀ ကျော်နှုန်းနဲ့ လေယာဉ်ဆီ အပြည့်ဖြည့်ထားရင် မိုင် ၆၂၀ ကျော် ပျံသန်းနိုင်ပါတယ်။

လေတပ်စခန်းတွေလည်း ဖြန့်ကျက်ထားပြီး အရင်က ၅၀၂ လေတပ်စခန်းလို့ သိခဲ့တာက အခု မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ် ဖြစ်သွားပါတယ်။ အရင်က ၅၀၁ လေတပ်စခန်းက ခု မှော်ဘီလေတပ်စခန်းဌာနချုပ် ဖြစ်ပါတယ်။ အရင်က ၅၀၃ လေတပ်စခန်းက အခု မြစ်ကြီးနားလေတပ်စခန်း ဌာနချုပ်ဖြစ်ပါတယ်။ မိတ္ထီလာ၊တောင်ငူ၊ မြိတ် ၊ မကွေး၊ ပုသိမ်၊ ဟုမ္မလင်းနဲ့ နမ့်စမ် တို့မှာ လေတပ်စခန်း ဌာနချုပ်တွေ ထားရှိပါတယ်။
မင်္ဂလာဒုံနဲ့ မိတ္ထီလာမှာ လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်ရှိပြီး မိတ္ထီလာမှာပဲ မြေပြင်အတတ်သင်လေတပ်စခန်းနဲ့ ရှမ်းတဲ လေကြောင်းအတတ်သင် လေတပ်စခန်း ဌာနချုပ်ရှိပါတယ်။
မြိတ်မှာ လေကြောင်းရန်ကာကွယ်ရေးစခန်းဌာနချုပ်ရှိပြီး လွိုင်လင်၊ သထုံ၊ မှော်ဘီ၊ ကျောက်ဆည် နေပြည်တော်၊ ဆိပ်ဖြူမြို့တွေမှာ လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွေ ရှိနေပါတယ်။
ဒီလို ဖွဲ့စည်းထားတဲ့ မြန်မာလေတပ်မှာ စောစောက ပြောခဲ့တဲ့ ခေတ်မီ ရုရှားတိုက်ရဟတ်ယာဉ်သာမက တခြားတိုက်လေယာဉ်တွေ၊ ထောက်လှမ်းရေးစနစ်တွေရှိပြီး ပြည်တွင်းမှာ စစ်ဆင်ရေးဆင်နွှဲနေတာပဲ ဖြစ်ပါတယ်။