စစ်ကောင်စီကို တော်လှန်တဲ့တိုက်ပွဲတွေ နှစ်ဆတိုးလာ

2021.10.08
စစ်ကောင်စီကို တော်လှန်တဲ့တိုက်ပွဲတွေ နှစ်ဆတိုးလာ ပြည်သူ့ကာကွယ်ရေးတပ် လွိုင်ကော် PDF တပ်ဖွဲ့ဝင်တစ်ချို့ကို တွေ့ရစဉ်
Photo: PDF Loikaw

မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပြည်သူ့ခုခံတော်လှန်တိုက်ပွဲပေါင်း ၁၃၂ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ ပြည်သူ့ခုခံတော်လှန်တိုက်ပွဲပေါင်း ၅၇ ကြိမ် အထိဖြစ်ပွားခဲ့တာကြောင့် စက်တင်ဘာလမှာ တိုက်ပွဲပေါင်း တစ်ဆကျော်တိုးလာတာပါ။ တိုက်ပွဲတွေဟာ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ကြောင်းလည်း NUG ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်နဂါးကတော့ စစ်ကောင်စီရဲ့ ဖိနှိပ်ဖြိုခွင်းမှု တွေကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်မှုတွေများလာလို့ အခုလို တိုက်ခိုက်မှုတွေ များနေတာလို့ ပြောပါတယ်။

“လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ရတော့မယ်လို့ သိသာထင်ရှားတဲ့ ဖိနှိပ်ဖြိုခွင်းမှုတွေ လုပ်လာက တည်းက စစ်ကိုင်းတိုင်းက လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီးတော့ ကြမ်းကြမ်းတမ်းတမ်းနဲ့ ပြင်းပြင်း ထန်ထန် တိုက်ပွဲဝင်ခဲ့ကြတယ်။ အဲလိုဝင်တာနဲ့အမျှ စစ်ကြောင်းတွေ ထပ်ဆင့်ထိုးပြီး နှိမ်နင်းတာတွေ လုပ်လာတယ်။ ဘယ်လိုပဲလုပ်လုပ် အခုအချိန်ထိတော့ မအောင်မြင်သေးဘူး။ တူမီးကိုင်တိုက်တယ်ဆိုပေ မယ့် စာရိတ္တနဲ့ အရည်ချင်းပါမပြည့်ဝတဲ့ စစ်အုပ်စုကို သူတို့ လက်နက်အကောင်းစားတွေကိုင်လာလည်း အသာစီးရအောင် တိုက်လာနိုင်တဲ့အနေအထားပါ”

စစ်ကိုင်းတိုင်းဟာ မြန်မာနိုင်ငံမှာ အကျယ်ပြန့်ဆုံး တိုင်းတစ်ခုဖြစ်ပြီး တောတောင်ရေမြေ သဘာဝ ထူထပ် တာ၊ ကချင်လွတ်မြောက်ရေးတပ် (KIA) ရဲ့ အကူအညီတွေရတာကြောင့် စစ်ကိုင်းတိုင်းက PDF တွေဟာ စစ်ကောင်စီကို တခြားနေရာတွေထက်ပိုပြီး တော်လှန်တိုက်ခိုက်နိုင်ခဲ့ကြတာလို့ လေ့လာသူတွေက ပြောပါတယ်။

"ဗမာပြည်ရဲ့ လူမျိုးပေါင်းစုံ နွေဦးတော်လှန်ရေးဟာ မကြာခင်အောင်ပွဲခံလိမ့်မယ်လို့ ယူဆပါတယ်”

အောက်တိုဘာလ ၇ ရက် မနေ့ညနေကလည်း စစ်ကိုင်းတိုင်း ကလေးမြို့ နည်းပညာ တက္ကသိုလ်အနီး လမ်းဘေးဝဲယာမှာ စစ်ကောင်စီတပ်သားတွေ မိုင်းရှာနေတုန်း ကလေး PDF က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လေးဦး မိုင်းထိမှန်သေဆုံး ခဲ့တယ်လို့လည်း ဆိုပါတယ်။

မနေ့ညနေ ၅ နာရီခွဲလောက်မှာလည်း စစ်ကား ၅ စီး ပါတဲ့ စစ်ကောင်စီယာဉ်တန်းကို ကလေးမြို့ တောင်ပိုင်း ထောက်ကြန့်နဲ့ သာယာကုန်းရွာကြားအရောက်မှာ ကလေး PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ရှေ့ဆုံးက စစ် ကားတစ်စီး ထိမှန်ပြီး စစ်သား ရှစ်ဦး သေဆုံးခဲ့တယ်လို့ ကလေး PDF က ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ မနေ့ကထုတ်ပြန်ချက်အရ စက်တင်ဘာလ ၇ ရက်နေ့ နိုင်ငံတစ်ဝန်း စစ်ကောင်စီကို တော်လှန်ဖို့ကြေညာခဲ့ချိန်ကနေ အောက်တိုဘာလ ၆ ရက်နေ့အထိ တစ်လတာအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၁၅၆၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၅၅၂ ဦး အထိရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းတော့ အဲဒီထုတ်ပြန်ချက်ကို လက်မခံပါဘူး။

ချင်း၊ ကယား၊ ကချင်ပြည်နယ်တွေနဲ့ စစ်ကိုင်တိုင်း မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပေမယ့် NUG က ထုတ်ပြန်သလောက် စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှု မရှိဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"စစ်ကိုင်တိုင်းမြောက်ဘက်ပိုင်းနဲ့ ချင်းပြည်နယ်ဘက်မှာတော့ တိုက်ပွဲတွေရှိနေဆဲဖြစ်တယ်။ ကချင် ပြည်နယ်ထဲမှာတော့ ကေအိုင်အေနဲ့ တိုက်ပွဲ တချို့နေရာတွေမှာ ရှိတယ်။ အများအားဖြင့်ကတော့ ကေအိုင်အေနဲ့ တိုက်ပွဲရော PDF တွေနဲ့ တိုက်ပွဲရော စစ်ကိုင်တိုင်းမြောက်ဘက်ပိုင်းမှာ နည်းနည်းရှိ နေတယ်။ ကယားပြည်နယ်ကတော့ နည်းနည်းလျော့နည်းသွားတဲ့ သဘောတော့ရှိပါတယ်။ သူတို့ ပြောတဲ့အတိုင်းသာ သေဆုံးမှုရှိနေရင် အုပ်ချုပ်မယ့်သူတောင်မှ ရှိမှာမဟုတ်တော့ဘူး"

ဗုံးခွဲတိုက်ခိုက်မှုတွေဟာ NUG က ခုခံစစ်ကြေညာခဲ့တဲ့ စက်တင်ဘာ ၇ ရက်မှာ အမြင့်ဆုံးဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု ခုနစ်ကြိမ်ရှိခဲ့တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

စက်တင်ဘာလလယ်ပိုင်းမှာတော့ ဗုံးခွဲတိုက်ခိုက်မှုတွေ လျော့နည်းလာပေမယ့် အောက်တိုဘာလဆန်းမှာ ပြန်ပြီးမြင့်တက်လာတယ်လို့လည်း သူက ပြောပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်ရှိနေဦးမယ်လို့လည်း သူက ခန့်မှန်းပါတယ်။

laikaw-pdf.jpg
(ပြည်သူ့ကာကွယ်ရေးတပ် လွိုင်ကော် PDF တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ် - Photo: PDF Loikaw)

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူတွေဟာ ရရာလက်နက်နဲ့ ခုခံတိုက်ပွဲ ဆင်နွဲ လာခဲ့တာဟာ အခုဆိုရင် ၈ လကျော်ကြာလာခဲ့ပါပြီ။ ဒီကာလအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ PDF အဖွဲ့အစည်းပေါင်း ၃၄၀ ကျော်အထိရှိလာတယ်လို့ စစ်ရေးလေ့လာနေသူတွေ က ပြောပါတယ်။ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ တိုက်ခိုက်မှုတွေက ဆက်လက်ပြင်းထန်နေဦး မယ်လို့ ခန့်မှန်းပါတယ်။

“အခုက ကိုယ်ထူကိုယ်ထ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ရေး စစ်ပွဲဆင်နွဲရတဲ့အတွက် အဆက်အစပ်နဲ့ လက်နက်ခဲယမ်းမီးကျောက် အကူအညီတွေ လိုအပ်နေတယ်။ အဲဒီဟာတွေကို တိုက်ရင်းပြည့်စုံအောင် လုပ်နေရတဲ့ အခြေအနေအောက်မှာ စောင့်နေရတာပေါ့။ အဲဒီအချိန်ကလည်း သိကြာမယ် မထင်ပါဘူး။ အဲဒါကြောင့် ဗမာပြည်ရဲ့ လူမျိုးပေါင်းစုံ နွေဦးတော်လှန်ရေးဟာ မကြာခင်အောင်ပွဲခံလိမ့်မယ်လို့ ယူဆပါတယ်”

တစ်နိုင်ငံလုံးမှာ ပြည်သူလူထုရဲ့ ခုခံစစ်ပွဲတွေ တိုးလာနေသလို ရှေ့ဆက်ပြီးတော့လည်း တိုက်ပွဲနယ်ပယ်တွေ ပိုကျယ်ပြန့်လာနိုင်တယ်လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မတ်လကစပြီး ရိုးရာတူမီးသေနတ်နဲ့ တော်လှန်မှုကို စစ်ကိုင်းတိုင်း ကလေးမြို့က စတင်ခဲ့တာပါ။

နောက်ပိုင်းမှာ တိုက်ပွဲတွေ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာပြီး ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကယားပြည်နယ်အထိ ကျယ်ပြန့်လာခဲ့ပါတယ်။ အရပ်သားအစိုးရဆီက အာဏာကိုရယူထားတဲ့ စစ်တပ်ကို ပြည်သူလူထုက လက်နက်ကိုင်တော်လှန် တိုက်ခိုက်နေပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းက တော့ လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းမယ့်အစား တွေ့ဆုံဆွေးနွေးမှုနည်းလမ်းကိုလုပ်ဖို့ ပြောနေပါတယ်။

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေကလည်း တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း ကနေ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့ တွန်းအားပေးနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။