တရုတ်ဖိအားရဲ့ သက်ရောက်မှု ကြုံနေရတဲ့ အညာနဲ့ မြေလတ်ဒေသ

RFA Burmese
2024.12.19
တရုတ်ဖိအားရဲ့ သက်ရောက်မှု ကြုံနေရတဲ့ အညာနဲ့ မြေလတ်ဒေသ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သားဖန်းကျေးရွာရှိ နေအိမ်များ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ရစဥ်။
Facebook/ ရွာဇော်ကြီး တော်လှန်အသံ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်မတိုက်ရတော့တဲ့ စစ်ကောင်စီတပ်ဟာ အညာနဲ့ မြေလတ်ဒေသဘက်ကို လှည့်ပြီး စစ်ရေးပြင်ဆင်တာတွေနဲ့ တိုက်ခိုက်တာတွေ ပိုပြီးလုပ်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက ပြောပါတယ်။

တရုတ်အစိုးရရဲ့ ဖိအားကြောင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့် တပ်မတော် (MNDAA) တို့ အပစ်ရပ်ကြေညာခဲ့ပြီးတဲ့နောက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေ လျော့ကျသွားတယ်လို့ TNLA က RFA ကို ပြောဆိုထားပါတယ်။

"အခုတစ်ကြိမ် တရုတ်ဖိအားနဲ့ ပြန်လုပ်လာတဲ့ အချိန်မှာ ကျွန်တော်တို့ မကွေးဘက်အထိ ကူးသွားတော့တာပေါ့"

ဒါကြောင့် တရုတ်ရဲ့ပါဝင်ပတ်သက်မှုတွေက လက်နက်ကိုင်တော်လှန်ရေးအပေါ် သက်ရောက်မှုဖြစ်စေတယ်လို့ အမည်မဖော်လိုတဲ့ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါတယ်။

“စစ်ရေးအခြေနေတွေကိုပြောရင် တရုတ်ရဲ့ စွက်ဖက်မှုက အဓိကပိုကျနေတယ်။ မြောက်ပိုင်းဒေသတွေမှာ အခု TNLA တို့ MNDAA တို့ ဒီအဖွဲ့တွေကို တအားဖိအားပေးတော့ အဲဘက်တွေမှာ လောလောဆယ် လေယာဉ်ကြဲမှုတွေ နည်းနည်းနည်းသွားတယ်။ တိုက်ပွဲဖော်ဆောင်မှုတွေ နည်းသွားတယ်။ သူတို့က မြေပြန့်ကို ပိုပြီးအာရုံစိုက်လာတယ်ဆိုတဲ့ သဘောပေါ့။ မြောက်ပိုင်းက ဟိုဒင်းဖြစ်ထားတော့လေ တရုတ်ဖိအားနဲ့။ တိုက်ဆိုင်မှုလေးတွေပေါ့။ နှစ်ချီရှိပါပြီ ၁၀၂၇ စစ်ဆင်ရေးပြီးတော့တစ်ခါ မြောက်ပိုင်းမှာတစ်ဖွဲ့ ဟိုင်ဂင် သဘောတူညီချက်နဲ့ ရပ်နားလိုက်တဲ့အချိန်မှာ စစ်ကိုင်းကိုဖိတယ်။ အဲဒါပြီးတော့ အခုတစ်ကြိမ် တရုတ်ဖိအားနဲ့ ပြန်လုပ်လာတဲ့ အချိန်မှာ ကျွန်တော်တို့ မကွေးဘက်အထိ ကူးသွားတော့တာပေါ့"

ဒီဇင်ဘာ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ မန္တလေးတိုင်းက မြင်းခြံ၊ ငါန်းဇွန်နဲ့ နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးယောက် အပါအဝင် စုစုပေါင်း ၁၉ ယောက် သေဆုံးပြီး ဆယ်ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်က တွင်းငယ်ရွာကိုလည်း စစ်ကောင်စီတပ်က အင်အားဖြည့်ပြီး ပြန်တိုက်တဲ့အတွက် ဒီဇင်ဘာလ ၄ ရက်နေ့မှာ လက်လွှတ်ခဲ့ရပါတယ်။


ဆက်နွှယ်သော သတင်းများ

အညာဒေသကို စစ်ကောင်စီတပ် ထိုးစစ်ပြင်းထန်လာ

NUG ရဲ့ ပဲခူးတိုင်းစစ်ရေးစီမံချက်နဲ့ ပြင်းထန်လာတဲ့တိုက်ပွဲများ

မြင်းခြံနဲ့ မတ္တရာမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ


ဒါဟာ စစ်ကောင်စီတပ်က ဗမာအများစုရှိနေတဲ့ အညာဒေသကို ပြန်ထိမ်းချုပ်ဖို့ ထိုးစစ်ဆင်နေတာလို့ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါ တယ်။

“ရှမ်းမြောက်ဆိုရင်လည်း နောင်ချို၊ တောင်ခမ်းဘက်အထိ ဖောက်နေတာပေါ့နော်။ နောက်ပြီး ကချင်ဘက်ကလည်း စစ်ကိုင်းနား ပင်လည်ဘူးတို့ဘာတို့လည်း ဆင်းလာတာရှိတယ်။ ရခိုင်ဘက်က အမ်း-ပဒါန်း မကွေးဘက်အထိ ဖြစ်လာပြီပေါ့။ အဲလိုဆိုတော့ သူက (စစ်ကောင်စီ) အညာ‌က သူရဲ့ ဗမာနယ်မြေပေါ့နော်။ အဲဒီဘက် သူကာဖို့အတွက် ထိုးစစ်ဆင်နေတဲ့ သဘောရှိတာပါ”

မကွေးတိုင်းမှာလည်း ဒီဇင်ဘာလ ၁ ရက်နေ့စပြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်ထဲက ရွာပေါင်း ၁၀ ရွာကျော်ကို စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်ပြီး အိမ်တွေကို မီးရှို့ခဲ့တာကြောင့် ဒေသခံ နှစ်ထောင်ကျော်လည်း ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ နိုဝင်ဘာလထဲမှာလည်း ရေစကြိုနဲ့ ပခုက္ကူကြားက သဲတောနဲ့ ကျောက်လှေခါးရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့ တွေက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ နှစ်ပေါင်း နှစ်ဆယ်လောက် အသုံးမပြုခဲ့တဲ့ ပခုက္ကူလေယာဉ်ကွင်းကို နေ့ရော၊ ညပါ ပြင်ဆင်နေတဲ့အတွက် ဒါဟာ လေကြောင်းတိုက်ခိုက်မှုမှာ အသုံးပြုဖို့ဖြစ်နိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ CDM စစ်ဗိုလ်တွေက သုံးသပ်ကြပါတယ်။

တိုက်ခိုက်မှုတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်ရဲ့ ပထမဆုံး တရုတ်ခရီးစဉ်ကနေ ပြန်လာပြီးတဲ့နောက်မှာ ပိုပြီးသိသာလာခဲ့ပါတယ်။ တရုတ်ပြည်က ပြန်လာတဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နောက်ပိုင်းကစပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေးဘက်က ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေဘက်ကို လေကြောင်းတိုက်ခိုက်တာနဲ့ စစ်ကြောင်းထိုးတာတွေကို ပိုပြီးလုပ်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး မြင်းခြံ-တောင်သာ လမ်းပိုင်းက ကာကွယ်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေဘက်တွေကို စစ်ကောင်စီတပ်က မြေပြင်ရော ဝေဟင်ကပါ အပြင်းအထန် တိုက်ခိုက်လာတာကြောင့် လက်လွှတ်ခဲ့ရတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အစပ် မကွေးတိုင်းထဲမှာရှိတဲ့ မင်းတုန်းမြို့နယ် ရွာသစ်၊ ကြို့ဝ၊ မြောက်ပြင်ရွာတွေကိုလည်း နိုဝင်ဘာလ ၁၈ ရက်နေ့ကစပြီး လေကြောင်းတိုက်ခိုက်တာနဲ့ စစ်ကြောင်းထိုးတာတွေရှိခဲ့ပြီး၊ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ရွာသစ်ရွာကအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အစပ် ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းတစ်လျှောက်က အိမ်နှစ်ရာကျော်ကိုလည်း နိုဝင်ဘာလ ၂၇ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းထဲက ပုလဲမြို့ကိုလည်း နိုဝင်ဘာလ ၁၁ ရက်နေ့စပြီး ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) အပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ပြန်တိုက်လို့ တစ်ပတ်အတွင်းမှာပဲ ပြန်လက်လွှတ်ခဲ့ရပါတယ်။ လက်ရှိမှာလည်း ပုလဲမြို့ပေါ်မှာ စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်နေတယ်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒါကြောင့် အညာဒေသမှာ မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ဖို့အတွက် စစ်ရေးအရ စုဖွဲ့ဖို့နဲ့ လက်နက်ခဲယမ်း လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“အစ်ကိုတို့က မြို့သိမ်းတာက လွယ်တယ်။ မြို့ထိန်းဖို့ရာ အရမ်းခက်တယ်။ ကုန်ကျစရိတ် များတယ်။ အဲမှာ လုံလောက်တဲ့ ပြင်ဆင်မှု ဗျူဟာတွေ အများကြီး သုံးရမယ်။ ကုန်ကျမှာဖြစ်တဲ့အတွက် အခုဆို ပုလဲမြို့ကို သိမ်းလိုက်တယ်။ သူတို့က လေယာဉ်နဲ့ လာပြီးအင်အားချတယ်။ အဲဒီ လေယာဉ်နဲ့ချတဲ့ အင်အားကို တို့က မကပ်နိုင်အောင်လို့ တောက်လျှောက်ကပ်တိုက်နိုင်ဖို့လိုတယ်။ အဲဒါဘာလဲ မတိုက်နိုင်ခဲ့ဘူး။ မတိုက်နိုင်ခဲ့တာက နံပါတ်တစ် စည်းရုံးရေးတစ်ခုသွားလိုမယ်။ နံပါတ်နှစ် အဲဒီမှာ ကုန်ကျစရိတ်တွေလိုမယ်။ ဒါကြောင့် မတိုက်ခိုက်နိုင်ခဲ့တာ"

အညာဒေသမှာ NUG က သိမ်းထားတဲ့ နယ်မြေတချို့ကိုလည်း ပြန်ပြီးလက်လွှတ်ခဲ့ရပါတယ်။

အညာဒေသမှာ တန်ပြန်ထိုးစစ်ဆင်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ပုလဲဒေသခံများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဥ်။ (Facebook/ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ပုလဲဒေသခံများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဥ်။ (Facebook/ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

အညာဒေသမှာ အောင်မြင်ဖို့အတွက် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

"လိုအပ်ချက်တွေ ရှိနေသေးတယ် ပြောရမှာပဲ။ လိုအပ်ချက်ဆိုတာက စစ်မဟာဗျူဟာအရရော၊ စစ်လက်နက်ပစ္စည်းရော နောက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုရော။ ချုပ်ပြောရရင်တော့ ညီညွတ်တဲ့ တပ်ပေါင်းစု အင်အားတစ်ရပ်ကို အညာမှာ မထူထောင်နိုင်တဲ့အတွက် ကျွန်တော်တို့ လက်နက်ခဲယမ်း၊ မီးကျောက် လိုအပ်ချက် ကြီးမားတဲ့ ဒေသမှာ တိုက်ပွဲအရှိန်အဟုန်တွေကျလာတယ်လို့ ကျွန်တော်က သုံးသပ်ပါတယ်"

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးနဲ့ အတူ မန္တလေးတိုင်းထဲက မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာမြို့ အရှေ့ခြမ်းနဲ့ မြင်းခြံ-တောင်သာ၊ မြင်းခြံ-နွားထိုးကြီး၊ မြင်းခြံ-ငါန်းဇွန် လမ်းပိုင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်နိုင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲမှာလည်း ပင်လည်ဘူးမြို့ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းယူခဲ့ပြီး၊ အင်းတော်မြို့ကိုပါ သိမ်းယူနိုင်ဖို့ ဒီဇင်ဘာလ ၁၂ ရက်နေ့ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒါကြောင့် တရုတ်ရဲ့ဖိအားနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်ရပ်ထားတဲ့ စစ်ကောင်စီဟာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းမှာ စစ်ရေးအရှိန်တိုးမြှင့်နေတာတွေ့ရတဲ့အတွက် ဒီဆောင်ရွက်ချက်ဟာလည်း တရုတ်ဖိအားရဲ့ သက်ရောက်မှုလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။