ဗန်းမော် တိုက်ပွဲပြင်းထန်၊ အရပ်သား သေဆုံးမှုရှိလာ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်ပြင်းထန်နေပြီး အရပ်သားတချို့လည်း သေဆုံးမှုတွေရှိလာတယ်လို့ ဒေသခံတွေက RFA ကို ဒီဇင်ဘာလ ၈ ရက် ဒီနေ့ ပြောပါတယ်။
"ဗန်းမော်မြို့တွင်း နေရာတော်တော်များများကိုလည်း ကချင်လွတ်မြောက်ရေး တပ်မတော်က စိမ့်၀င်ပြီး ခြေကုပ်ယူထားတဲ့ အနေအထားကိုလည်း မြင်ရပါတယ်"
ဒီရက်ပိုင်းမှာပဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ခွန်သာနဲ့ ကန်တော်ရပ်ကွက်မှာ အရပ်သားတချို့ ထိခိုက်၊ သေဆုံးမှုရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဗန်းမော်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"အကုန် ထွက်ပြေးကုန်ပြီပေါ့နော်၊ ဗန်းမော်မှာလေ။ ဟိုရက်ကတော့ လမ်းတွေ အကုန်ပိတ်ထားတယ်၊ အခုက မော်တော်လမ်းက ဖွင့်ပေးတော့ အခုက လူတွေက အဲဒီလမ်းက ပြေးကြတာပေါ့။ ဟိုနေ့ကတော့ အယောက် ၃၀ ခန့်ထိတယ်လို့ ပြောတယ်။ ဒေသခံတွေ ထိတာလေ၊ သေတာတွေလည်း ရှိတာလေ။ ဒါပေမဲ့ အတိအကျတော့ မသိရဘူးပေါ့။ သေတာတွေတော့ ရှိတာပေါ့၊ လက်နက်ထိပြီး ဗိုက်ပွင့်ပြီး ပွဲချင်းပြီး သေတာရှိတယ်။ လက်နက်ထိပြီး သေတာတွေရှိတယ်"
ဆက်နွှယ်သော သတင်းများ
ဗန်းမော်နဲ့မံစီဒေသခံ တစ်သိန်းကျော် တိုက်ပွဲကြားပိတ်မိနေ
ဗန်းမော်နဲ့ မံစီမြို့ကို KIA တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေ
ကချင်မှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေ
လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၀ ကျော်အထိ ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပေမဲ့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒီဇင်ဘာလ ၇ ရက် မနေ့က KIA ပူးပေါင်းတပ်တွေ မြို့ထဲကနေရာတချို့မှာ ဝင်ရောက်တပ်စွဲထားပြီး စစ်ကောင်စီရဲ့ ရဲစခန်း၊ ထွေအုပ်ရုံး၊ ကန်ဦးကျောင်းအနီးနဲ့ လေယာဉ်ကွင်း၀န်းကျင် အပါအဝင် စကခ (၂၁) အနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ဗန်းမော်မြို့နဲ့ အနီးဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဗန်းမော်မြို့ အခြေအနေကိုသိတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မြို့ထဲမှာ အပစ်အခတ်တွေကတော့ များတယ်။ လက်နက်ကြီးတွေကလည်း တော်တော်လေးပစ်တယ်။ မြို့ထဲမှာတော့ လက်နက်ကြီး ကျတဲ့နေရာတွေ တချို့နေရာတွေတော့ရှိတယ်။ ဘယ်လောက် အထိအခိုက်ရှိတယ်ဆိုတာ အတိအကျတော့ မသိရဘူးပေါ့။ မြို့ထဲ ခွန်သာဘက်၊ တက်ကလေးဘက်ကိုလည်း လက်နက်ကြီးတွေကျတယ်။ လေယာဉ်တွေကတော့ အမြဲတမ်းပျံနေတယ်၊ ဒါပေမဲ့ မြို့ထဲကိုတော့ လေယာဉ်ကြဲတာ၊ ပစ်တာမျိုးတော့ မရှိသေးဘူး။ လေယာဉ်ကြဲတာကတော့ ဟိုဘက် သုံးမိုင်၊ လေးမိုင် ဘက်ကို တော်တော်လေးကိုကြဲတယ်။ တိုက်ပွဲပြင်းထန်တာကတော့ သုံးမိုင်၊ လေးမိုင် ဘက်ကို တော်တော်လေး ပြင်းထန်နေတယ်။ စဖြစ်တာလည်း အဲဒီကနေ စဖြစ်တာကိုး"
KIA နဲ့ပူးပေါင်းတပ်တွေက ဒီဇင်ဘာလ ၄ ရက်နေ့ကစလို့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အခြေစိုက်ရာ ဗန်းမော်မြို့မှာ စကခ - ၂၁ လက်အောက်ခံတပ်စခန်း ရှစ်ခုနဲ့ မံစီမြိုမှာရှိတဲ့ တပ်စခန်း နှစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
ဗန်းမော်မြို့ဟာ စစ်ကောင်စီတပ်အတွက် အရေးပါတဲ့ မြို့ဖြစ်ပြီး စစ်ကိုင်းတိုင်းအတွက် စစ်ရေးအရ အရေးကြီး ၀င်ပေါက်တစ်ခု ဖြစ်တယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။
"KIA အနေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်က သေချာပြင်ဆင်ပြီး တိုက်လာတဲ့ ထိုးစစ်တစ်ခုလို့ မြင်တယ်ဗျ။ အခုလက်ရှိ အနေအထားမှာဆိုရင် မံစီဘက်က လက်ကျန်တပ်ရင်းတွေကို တိုက်နေသလို ဒီဗန်းမော်မြို့တွင်း နေရာတော်တော်များများကိုလည်း ကချင်လွတ်မြောက်ရေး တပ်မတော်က စိမ့်၀င်ပြီး ခြေကုပ်ယူထားတဲ့ အနေအထားကိုလည်း မြင်ရပါတယ်"
လူဦးရေ တစ်သိန်းကျော်ရှိတဲ့ ဗန်းမော်မြို့မှာ တိုက်ပွဲကြောင့် ဒေသခံတွေဟာ မိုးညင်း၊ မိုးကောင်းနဲ့ မြစ်ကြီးနားမြို့ တွေအပြင် ဧရာ၀တီမြစ်တစ်ဘက်ကမ်းကို စက်လှေနဲ့ကူးပြီး မန္တလေးမြို့ဘက် တိမ်းရှောင်နေကြရပါတယ်။
ဒါနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေတာ မရှိပါဘူး။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၁၃ မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားပါတယ်။