ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ အပြန်အလှန် ဖမ်းဆီးနေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်က ဆောက်လုပ်ရေးပစ္စည်းတွေ လာဝယ်တဲ့ စစ်ကောင်စီ တပ်သားတစ်ယောက်ကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခဲ့ ပါတယ်။
အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်က မြို့ပေါ်ကနေရာအနှံ့မှာ စစ်ဆေးတာတွေ တင်းကျပ်ခဲ့ပြီး ဇွန်လ ၁၈ ရက် ဒီမနက်အထိ သုံးရက်အတွင်း ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံ အရပ်သား နှစ်ဆယ်ခန့်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၁၈ ရက် ဒီနေ့မနက် ပုဏ္ဏားကျွန်းမြို့ပေါ် မြို့မဈေးအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ လောက်က လမ်းသွားလမ်းလာတွေကို စစ်ဆေးနေပြီး ဘေးတွဲဆိုင်ကယ်နဲ့ ကယ်ရီမောင်းနှင်သူ ဆယ်ယောက်ခန့်ကို ဖမ်းဆီးထားသလို စျေးအတွင်းမှာလည်း စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မနက်ကတော့ ဈေးထဲမှာ လိုက်စစ်မှုတော့ရှိတယ်။ ဖမ်းတာ မဖမ်းတာတော့ သေချာ မသိဘူး ဘာဖြစ်လို့လဲဆို ကျနော်နဲ့က ဝေးတာကိုး။ မြို့ပေါ်မှာ စစ်ဆေးတာရှိတယ် ဆိုတော့ လူတွေက ကြောက်လန့်တကြားနဲ့ အကုန်လုံး ကိုယ့်အိမ်ကို ပြန်သွားတာ ပေါ့နော်။ တံခါးပိတ်ပြီး ကိုယ့်အိမ်ကိုယ်နေ။ လူတွေက သူတို့နဲ့ မဆက်ဆံချင်ဘူးလေ။ ယူနီဖောင်းနဲ့ အင်အား ၆၀၊ ၇၀ လောက်ရှိမယ်။ သူတို့ ဈေးထဲဝင်တာ"
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်က ခြေမြန်တပ်ရင်း ခမရ - ၅၅၀ တပ်ရင်းက စစ်ကောင်စီတပ်သား တစ်ဦး အဖမ်းခံရပြီး နောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေရာအနှံ့စစ်ဆေးနေခဲ့လို့ မြို့မဈေးနဲ့ စာသင်ကျောင်းတွေကိုလည်း ယာယီပိတ်ထားခဲ့ရသလို ဒေသခံတွေလည်း လုံခြုံရေးကို စိုးရိမ်မှုနေကြတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဇွန်လ ၁၇ ရက် မနေ့ကလည်း ဈေးနဲ့ အနီးတစ်ဝိုက်မှာ မှတ်ပုံတင်နဲ့ အိမ်ထောင်စု စာရင်းတွေ လိုက်လံစစ်ဆေးခဲ့ပြီး အထောက်အထားမပြနိုင်သူ တွေကို ဖမ်းဆီးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ပုဏ္ဏားကျွန်းမြို့ခံ နောက်တစ်ယောက်က ပြောပါတယ်။
"ဟိုနေ့ကတုန်းက ဈေးမှာတော့ ဘေးတွဲဆိုင်ကယ်တွေ၊ ဆိုင်ကယ်သမားတွေကို စစ်ကြောင်းနဲ့ မှတ်ပုံတင်တွေဘာတွေ လိုက်စစ်နေတယ်ကြားတယ်။ ဈေးနားက ဘုရားမှာ ကတ်ပြားနဲ့ မှတ်ပုံတင်တွေ လိုက်စစ်တယ်။ အဲဒါတွေပါမှပဲ မပါရင် အိမ်ကို ဖုန်းဆက်ပြီး ယူခိုင်းလိုက်၊ မှတ်ပုံတင်နဲ့ အိမ်ထောင်စု ကတ်ပြားပါမှ အိမ်ပြန်ခွင့် ပေးတယ်။ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ကတ်ပြားမပါရင် ခေါ်ထားတယ်"
ဒီလို ဖမ်းဆီးခံရတဲ့ အရပ်သားအရေအတွက် အတိအကျနဲ့ အခြေအနေအသေးစိတ်ကိုတော့ မြေပြင်အခြေအနေတွေအရ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို ဒီနေ့မနက် စစ်ကောင်စီတပ်ရဲ့ အဖမ်းခံခဲ့ရသူတွေရဲ့ အခြေအနေကိုလည်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်ကလည်း ကျောက်တော်မြို့နယ်မှာ စစ်ကောင်စီတပ်သား နှစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားခဲ့သလို ဇွန် ၁၇ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ တိမ်ညိုရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦး ကို AA က ဖမ်းဆီးခဲ့ပါတယ်။
ဒီလိုမျိုး ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ထိပ်တိုက် တွေ့လာတာဟာ စစ်ပွဲတွေ ပြန်ဖြစ်လာမယ့် အလားအလာဖြစ်တယ်လို့ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
"အဆင်ပြေနေတဲ့ ကာလကတော့ အပြန်အလှန် သုံ့ပန်းတွေ၊ အကျဉ်းသမားတွေ လဲလှယ်တာရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါကလည်း အကန့်အသတ်နဲ့ပါပဲ။ အရေးကြီးတဲ့ AA က ပုဂ္ဂိုလ်တွေကျတော့ ပြန်မလွှတ်ပါဘူး။ အဲဒီတော့ ဘယ်လိုမှ အဆင်ပြေသွားစရာ အကြောင်းမရှိပါဘူး။ AA ကလည်း အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေ လုပ်လာတယ်။ တစ်ဖက်က စစ်ကောင်စီကလည်း သူ့ရဲ့စစ်အင်အားတွေ ဖြည့်တင်းတာ လုပ်နေတယ်။ အဲဒီနှစ်ခုက မုချ သေချာပေါက် ရခိုင်ငြိမ်းချမ်းရေးကို ပြိုကွဲပျက်စီးစေမှာ ဖြစ်တယ်လို့ ကျနော်ကတော့ မျှော်မှန်းကြည့်ပါတယ်ခင်ဗျ"
စစ်ကောင်စီနဲ့ AA ကြားမှာ အုပ်ချုပ်ရေး၊ တရားဥပဒေ စိုးမိုးရေး လွှမ်းမိုးနိုင်ဖို့ အပြိုင်အဆိုင် လုပ်ဆောင်မှုတွေ တွေ့နေရပြီး ဒါတွေက ပဋိပက္ခတွေကို မြင့်တက်လာစေတယ်လို့ သူက ဆက်ပြောပါတယ်။
"AA ကလည်း အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေ လုပ်လာတယ်။ တစ်ဖက်က စစ်ကောင်စီကလည်း သူ့ရဲ့စစ်အင်အားတွေ ဖြည့်တင်းတာ လုပ်နေတယ်"
အခုလို စစ်ကောင်စီဘက်က အရပ်သားတွေ ဖမ်းဆီးတဲ့ ဖြစ်စဉ်တွေနဲ့ AA က စစ်ကောင်စီ တပ်သားတွေကို ဖမ်းဆီးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မတွေ့ရ သေးပါဘူး။
စစ်ကောင်စီဘက်က ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်သူတွေကို လိုက်လံဖမ်းဆီးနေတာ ကြောင့် စစ်ကောင်စီ တပ်သားတွေကို ပြန်လည်ဖမ်းဆီးရတာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက် AA ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောရင်းဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ AA နဲ့ ဆက်စပ်သူတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် စစ်ကောင်စီတပ်သား တွေကို ပြန်လွှတ်ပေးမယ်လို့လည်း ဦးခိုင်သုခက ပြောထားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ရပ်ရွာတွေမှာ စစ်ဆေးတာ၊ ဖမ်းဆီးတာတွေ တိုးချဲ့လုပ်နေလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကို ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့။ အာရုံနောက်နေပြီ။ ငြိမ်းချမ်းရေး ဘာညာ သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး။ မင်းနေတဲ့နေရာထိ တက်ကြိတ်ပလိုက်မှာနော်” လို့ ပြီးခဲ့တဲ့ မေလ ၆ ရက်မှာ တွစ်တာလူမှုကွန်ရက်က သတိပေးစာ ရေးလိုက်တာဟာလည်း ဒေသတွင်း စစ်မျက်နှာ ပြန်ဖွင့်လာနိုင်တဲ့ အခြေအနေလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို သူ ကိုယ်တိုင်တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် တက်ရောက်မယ့် အဖွဲ့တွေ ပြီးခဲ့တဲ့ မေလ ၉ ရက် နောက်ဆုံးထားစာရင်းပေးဖို့ ပြောထားခဲ့ပေမယ့် AA အဖွဲ့ ကတော့ အဲဒီဖိတ်ခေါ်ချက်ကို ယုံဖို့ခက်တယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။