ရခိုင်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ အပြန်အလှန်ဖမ်းဆီးနေ

ရခိုင်ပြည်နယ်က စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး မြို့နယ်တွေမှာ စစ်ကောင်စီတပ်သားတွေကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးနေသလို စစ်တပ်ဘက်က လည်း AA နဲ့ ဆက်စပ်တယ်လို့ သံသယရှိတဲ့ အရပ်သားတွေကို လိုက်လံဖမ်းဆီးနေပါတယ်။ ဒီအခြေအနေတွေကြောင့် ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာ ဇွန်လ ၂၃ ရက်နေ့ မနေ့ နေ့လယ်က ဗိုလ်အဆင့်ရှိတဲ့ ရေတပ်အရာရှိတစ်ဦးနဲ့ တပ်သားတစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးလိုက်တဲ့ နောက် ဒီကနေ့ ဇွန် ၂၄ ရက်အထိ မြို့အဝင်အထွက် လမ်းတွေကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးနေပါတယ်။
စစ်တွေမြို့ကနေ ရခိုင်ပြည်နယ်အတွင်းက မြို့အသီးသီးကို ပြေးဆွဲနေတဲ့ ရွှေပြည်တန် ရေကြောင်းလိုင်း အပါအဝင် ရေကြောင်းခရီးစဉ်တချို့ကိုလည်း ဇွန်လ ၂၄ ရက်နေ့ကစလို့ စစ်တပ်က ပိတ်ပင်လိုက်ပါတယ်။
စစ်တွေမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ အနောက်စံပြ၊ မြောက်စံပြ၊ မင်းဂံရပ်ကွက်တွေ၊ အခြားမြို့ ပေါ်ရပ်ကွက်အချို့နဲ့ ဟိုတယ်၊ တည်းခိုခန်းအချို့ကိုလည်း လက်ရှိမှာ ဝင်ရောက် စစ်ဆေးနေပါတယ်။
မနေ့ညက စစ်တွေ မြို့ပေါ်မှာ သေနတ်ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့သလို အရပ်သား ခုနစ်ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မင်းဂံအကွက် (၉) မှာ မနေ့ညနေက စစ်သား ၃၀ လောက်က အသက် ၄၆ နှစ်အရွယ် ဦးဦးစံမောင် အပါအဝင် အရပ်သား သုံးဦးကို ဖမ်းဆီးခဲ့ပါတယ်။ အခုချိန်အထိ ဖမ်းဆီး ခံရသူတွေနဲ့ မိသားစုဝင်တွေ အဆက်အသွယ်မရ ဖြစ်နေတယ်လို့ ဦးဦးစံမောင်ရဲ့သားဖြစ်သူ ကိုမျိုးကျော်လှိုင်က ပြောပါတယ်။
"သူတို့က အိမ်ကိုဝင်စစ်တယ်။ စစ်တဲ့အခါ ကျနော့်အဖေက အိမ်ရှေ့ထွက်ပြီးတော့ ဘယ်သူမှမရှိဘူးလို့ ဝင်ပြောတာပေါ့နော်။ အဲဒီမှာ သူတို့က ဘာမှမပြောဘဲနဲ့ ဒီကောင့် ကို ဖမ်းဆိုပြီး ဖမ်းသွားတယ်။ ကျနော်တို့ဘက်မှာတော့ ကျနော့်အဖေရယ်၊ ကောင်လေး နှစ်ယောက်ရယ် အဖမ်းခံလိုက်ရတယ်။ အဆက်အသွယ်ကတော့ မရဘူး။ ကျနော်တို့ လည်း မနက်ပိုင်းကတည်းက လိုက်ရှာနေတာပဲ။ ဒါပေမဲ့ သူတို့က အဆက်အသွယ် မရှိဘူး ပြောပါတယ်"
ဒီကနေ့မနက်ပိုင်းမှာလည်း စစ်တွေမြို့ပေါ် တည်းခိုခန်းတစ်ခုက လူငယ်သုံးဦးနဲ့ ဟိုတယ် မှာ တည်းခိုနေတဲ့ တောင်ကုတ်လူငယ် ကိုစိုးသီဟတို့လည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
နောက်ထပ်လည်း အရပ်သားတွေ ဆက်လက်ဖမ်းဆီးခံရတဲ့အကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ခြင်း မရှိသေးပါဘူး။
မနေ့ညနေ ၉ နာရီဝန်းကျင်မှာ မင်းဂံရပ်ကွက်ကနေ တည်းခိုခန်းတစ်ခုကို ပြန်တဲ့လမ်းမှာ အစစ်ဆေးမခံလို့ စစ်သားတွေရဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ ကာယကံရှင်တစ်ဦးက RFA ကို ပြောပါတယ်။
"ကျနော်နဲ့ ကျနော့်သူငယ်ချင်းတစ်ယောက်ကတစ်စီး၊ ကျနော့်သူငယ်ချင်း သုံးယောက် ကတစ်စီး တည်းခိုခန်းကို ပြန်ကြတယ်။ အဲဒီမှာ လမ်းမှာ စစ်သားတွေက တားတယ်။ ဟေ့ကောင် မင်းတို့တွေရပ်လို့ ပြောတယ်။ သူတို့က မရပ်ဘူး။ မရပ်တော့ ပစ်ပစ်ဆိုပြီး ပြောတယ်။ ပစ် ပစ်ဆိုပြီးတော့ လေး၊ ငါးချက်လောက်ပစ်တယ်။ ကျနော်ကတော့ ဆိုင်ကယ်ရလိုက်တယ်။ ကျနော့်သူငယ်ချင်းတွေကတော့ ဆိုင်ကယ်ထားပြီး ပြေးသွားတယ်"
ဒါပေမဲ့ လွတ်မြောက်ခဲ့သလို ကျည်ထိမှန်ဒဏ်ရာရခဲ့တာ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
မြောက်ဦးမြို့မှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က စရဖ သုံးဦးကို AA က ဖမ်းဆီးခဲ့ တာကြောင့် ဇွန်လ ၂၂ ရက်နေ့မှာ စစ်တပ်က အရပ်သား နှစ်ဆယ်ကျော်ကို ပြန်လည် ဖမ်းဆီးခဲ့တယ်လို့ မြောက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။
"ကျနော်တို့သိသလောက်က ဖမ်းဆီးခံရတဲ့သူတချို့က အဲဒီနေ့မှာပဲ ပြန်လွတ်တာ ရှိတယ်။ တချို့ အခုထိ ပြန်မလွတ်သေးဘူး။ စုံစမ်းကြည့်ရသလောက်ကတော့ အဲဒီနေ့က ခြောက်ယောက်လောက် ပြန်လွတ်လာတယ်လို့ ကြားတယ်။ ကျနော် ထင်တာကတော့ ၁၀ ယောက်ကျော်လောက်တော့ ကျန်ဦးမယ်ထင်တယ်"
ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့တွေမှာလည်း ဇွန်လ ၁၆ ရက်နေ့ကနေ ၂၂ရက်နေ့အထိ စစ်သားတစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦးကို AA က ဖမ်းဆီးခဲ့တာကြောင့် မြို့ခံ ၃၀ ဝန်းကျင်ကို စစ်တပ်က ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဖမ်းဆီးခံထား ရတဲ့အထဲက အမျိုးသမီး လေးဦး ပြန်လွတ်လာပေမယ့် ကျန်တဲ့သူတွေကို စစ်တပ်က ဆက်လက်ဖမ်းဆီးထားဆဲလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စတဲ့မြို့နယ်တွေမှာ စစ်သား၊ ရဲနဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ ဝင် (စရဖ) စုစုပေါင်းဆယ်ဦးကျော်ကို AA က ဖမ်းဆီးခဲ့တာကြောင့် စစ်တပ်ကလည်း အရပ်သား ၅၀ ဦးထက်မနည်းကို ပြန်လည်ဖမ်းဆီး ထားပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ မေလ ၁၉ ရက်မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက AA ကို အခုလို ခြိမ်းခြောက်သတိပေး ပြောဆိုခဲ့ပါတယ်။
"ဒီအချိန်မှာ ကျနော်တို့လုပ်နေတာက၊ ထိန်းသိမ်းနေတာက ရခိုင်ပြည်သူလူထု ဒုက္ခ မရောက်စေချင်လို့ ထိန်းသိမ်းနေတာမျိုးပဲဖြစ်ပါတယ်။ ထပ်ပြောပါမယ်။ ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာ ဖြစ်ပါတယ်။ စိတ်ရှည်သည်းခံပြီးတော့ ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေးအတွက် ကျနော်တို့ လုပ်နေတာဖြစ်ပါတယ်။ အဲဒီအတွက် အခုဖြစ်နေတာတွေနဲ့ ပတ်သက်ပြီးတော့ ပြဿနာဖြစ်လာရင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့လို့ပဲ ကျနော် ပြောချင်ပါတယ်"
AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ AA တပ်ဖွဲ့ဝင်တွေကို စစ်တပ်က ဖမ်းဆီးတာ ကြောင့် လက်တုံ့ပြန် ဖမ်းဆီးတာလို့ ဇွန်လ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
"ဘာကြောင့်ဖမ်းရလဲဆိုရင် မြန်မာစစ်တပ်ဟာ ကျနော်တို့ ULA/AA တပ်ဖွဲ့ဝင် နေအိမ်တွေကို ညဉ့်အချိန်တွေမှာ ဝင်ရောက်ဖမ်းဆီးတာတွေ ရှိပါတယ်။ အရင်လနဲ့ ဒီလမှာ ကျနော်တို့ တပ်ဖွဲ့ဝင်တချို့ကို စစ်တပ်က ဖမ်းဆီးထားတာရှိတယ်။ အဲဒါကြောင့် ကျနော်တို့ကလည်း သူတို့တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရတာဖြစ်ပါတယ်။ သူတို့ဘက်က ဒီအတိုင်းလုပ်ရင် ကျနော်တို့ကလည်း အဲဒီအတိုင်း တုံ့ပြန်သွားရမှာ ဖြစ်ပါတယ်"
စစ်တပ်က ဖမ်းဆီးထားတဲ့ AA တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးရင် AA အနေနဲ့လည်း သူတို့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးမယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ စစ်တပ်ဘက်က ဖမ်းဆီးထားတဲ့ အရေအတွက်နဲ့ AA ဘက်က ဖမ်းဆီးထားတဲ့အရေအတွက်ကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။
"သူတို့ဘက်က ဒီအတိုင်းလုပ်ရင် ကျနော်တို့ကလည်း အဲဒီအတိုင်း တုံ့ပြန်သွားရမှာ ဖြစ်ပါတယ်"
ဒီလိုအခြေအနေတွေကြောင့် ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်လာဖို့ နီးစပ် လာပြီလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက သုံးသပ်ပါတယ်။
"ရှေ့ဆက်ပြီးတော့ ဘယ်လောက်ဖမ်းကြမလဲ၊ ဘယ်လောက်ထိ အနှောင့်အယှက် ဖြစ်လာမလဲဆိုတာမှာပဲ အများကြီးမူတည်ပါတယ်။ ရေဆုံးမြေဆုံးလိုက်ပြီးတော့ ဖမ်းကြမယ်ဆိုရင်တော့ တစ်ယောက်စ နှစ်ယောက်စ ဖမ်းတာကနေပြီးတော့ အုပ်စုလိုက် ဖမ်းတာဆီးတာတွေ ဖြစ်လာနိုင်တာပေါ့။ အဲဒီလို လုပ်ရပ်တွေ များများ စားစား ဖြစ်လာပြီဆိုရင် နိုင်တဲ့နေရာတွေကို နှစ်ဖက်လုံးက တိုက်ကြတော့မှာပဲ။ ဆိုတော့ တိုက်ပွဲတွေဖြစ်လာဖို့က ပိုပြီးနီးစပ်လာတဲ့သဘောမျိုးတော့ မြင်ရတာပေါ့"
တိုက်ပွဲတွေ ပြန်မဖြစ်အောင် စစ်တပ်နဲ့ AA အကြား ဆွေးနွေးအဖြေရှာသင့်တယ်လို့လည်း ထောက်ပြပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာတော့ နှစ်ဖက်တပ်တွေအကြား အပြန်အလှန်နားလည်မှုနဲ့ တိုက်ပွဲတွေ ရပ်စဲခဲ့တာပါ။
လက်ရှိမှာ နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာမှုတွေ၊ အပြန်အလှန်ဖမ်းဆီးနေမှုတွေ ရှိလာတာကြောင့် တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ် နေကြပါတယ်။