ကောလင်း လေကြောင်းတိုက်ခိုက်မှု ကိုယ်ဝန်သည်အပါအဝင် အရပ်သားလေးဦး သေဆုံး

2022.08.24
ကောလင်း လေကြောင်းတိုက်ခိုက်မှု ကိုယ်ဝန်သည်အပါအဝင် အရပ်သားလေးဦး သေဆုံး ကောလင်းမြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာမှာ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့က စစ်ကောင်စီ၏ တိုက်လေယာဉ်ကြဲခဲ့သည့် ဗုံးကို တွေ့ရစဥ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်းအထက်ပိုင်း ကန့်ဘလူနဲ့ ကောလင်းမြို့နယ်အစပ်မှာ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေအကြား ဩဂုတ်လ ၂၃ ရက် မနေ့က တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် ည ၁၁ နာရီကျော်အချိန်လောက်မှာ စစ်ကောင်စီ တပ်က ဂျက်တိုက်လေယာဉ်သုံးစင်းနဲ့ ကောလင်း မြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာဘက်ကို လာရောက်ပစ်ခတ်ခဲ့လို့ အရပ်သားလေးဦး သေဆုံး ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ခြောက်နှစ်ကျော်အရွယ် မောင်ပြည့်စုံ၊ ကိုမိုးအောင်၊ ကိုဇင်မျိုးထွန်းနဲ့ ကိုယ်ဝန် ကိုးလ လွယ်ထားတဲ့ မဖြူဇာဝင်းတို့ ဇနီးမောင်နှံဖြစ်ပြီး ရွာထဲက နေအိမ်ထဲမှာပဲ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံး ခဲ့ကြရတာလို့ ဒေသခံတွေက ပြော ပါတယ်။

မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အထိအခိုက်ရှိတာကြောင့် ညအချိန် ဂျက်တိုက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ကောလင်းဒေသခံ တစ်ဦးက ပြောပါတယ်။

“ည ၁၁ နာရီ ၂၀ မိနစ်မှာပေါ့နော် တိုက်လေယာဉ် သုံးစင်းနဲ့ ဗုံးလာကြဲတယ်။ ပြည်သူ လေးယောက် သေဆုံးသွားတယ်။ ဒီကောင်တွေဘက်က ၄၀ ကျော်ကျတယ်။ ပြီးရင် အရာရှိ သုံးယောက်ဖမ်းမိတယ်ပေါ့နော်၊ လက်နက်မျိုးစုံ သိမ်းရ တယ်ပေါ့။ အဲဒါကြောင့် မနိုင်တဲ့အဆုံးမှာ လေယာဉ်နဲ့ ဗုံးလာကြဲတာဗျ။ လေယာဉ်နဲ့ ဗုံးကြဲခံရလို့ ကျသွားတဲ့ အထဲ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်လည်းပါတယ်ဗျ”

မနေ့က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာနဲ့ ဂျက်တိုက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်တဲ့ နေရာဟာ သီးခြားစီဖြစ်ပြီး သစ်ဆိမ့်ကုန်းရွာဘက်မှာ တိုက်ပွဲဖြစ်တာမရှိခဲ့ဘူးလို့ ကန့်ဘလူ ခရိုင် တပ်ရင်း (၂) က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ရောင်နီက ပြောပါတယ်။

“မနေ့က တိုက်ပွဲဖြစ်တဲ့နေရာတွေက အဝေးကြီးပဲ။ ၂၂ ရက်နေ့မှာ ဒီကောင်တွေက ချပ်သင်းကနေ ထွက်လာပြီးမှ ကန့်ဘလူမြို့နယ်ထဲက ညောင်ကုန်းကိုမီးရှို့တယ်ဗျ။ ကျနော်တို့ ၂၃ ရက်နေ့မှာ ဒီကောင်တွေ ထွက်လာမယ့် သတင်းရပြီးတော့ မစ်ရှင်ပလန် တွေဆွဲတယ်။ အဲဒါပြီးတော့ လက်ခုတ်ပင်နဲ့ အောင်ချမ်းသာကြားမှာရှိတဲ့ ပြည်သူတွေ ကို ခဏလေးရှောင်ခိုင်းထားတယ်ဗျ ။ အဲမှာ ကျနော်တို့ ပြောက်ကျား ကြားဖြတ် တိုက်ခိုက်ခဲ့တာပါဗျ။ မနေ့တုန်းက တိုက်ပွဲတော်တော်ပြင်းထန်တယ်ဗျ။ ၆၀ မမ တွေရော ကျနော်တို့ သုံးရတယ်။ ၄၀ မမ တွေလည်းသုံးရတယ်။ သူတို့ ဘက်ကလည်း ၆၀ မမ၊ ၈၀ မမ တွေနဲ့လည်းပစ်တယ်ဗျ”

"လေယာဉ်နဲ့ ဗုံးကြဲခံရလို့ ကျသွားတဲ့ အထဲ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်လည်းပါတယ်"

မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီတပ် ခမရ ၃၆၅ က သုံးပွင့်ဗိုလ်ကြီး နှစ်ဦးနဲ့ တစ်ပွင့် ဗိုလ်လေး တစ်ဦးကို ဖမ်းဆီးရမိခဲ့သလို လက်နက်အများအပြားလည်း သိမ်းဆည်းရမိ ခဲ့တယ်လို့ ဗိုလ်ရောင်နီက ပြောပါတယ်။ ဒီတိုက်ပွဲမှာ PDF တွေဘက်ကလည်း နှစ်ယောက် ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်ကတော့ သေဆုံးသူ အယောက် ၄၀ ခန့် ရှိနိုင်တယ် လို့လည်း သူက ပြောပါတယ်။

ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ မနေ့က တိုက်ပွဲအခြေအနေနဲ့ ပြည်သူတွေ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ အောက်ခြေက သတင်းအချက်အလက် တောင်းခံနေဆဲဖြစ်ပြီး လတ်တလော သတင်းအတိအကျ မရသေးဘူးလို့ ပြောပါတယ်။

ကန့်ဘလူနဲ့ ကောလင်းမြို့နယ်စပ် တိုက်ပွဲမှာ PDF က သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို တွေ့ရစဥ် (Photo: CJ)
ကန့်ဘလူနဲ့ ကောလင်းမြို့နယ်စပ် တိုက်ပွဲမှာ PDF က သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို တွေ့ရစဥ် (Photo: CJ)

မနေ့ကတိုက်ပွဲတွေကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့လည်း ကန့်ဘလူမြို့နယ် NLD စစ်ကိုင်းတိုင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က ပြောပါတယ်။

“လောလောဆယ်ကတော့ ကန့်ဘလူမြို့နယ်က နဂိုကတည်းကမှ စစ်ကြောင်းတွေက အလျဉ်းသင့်သလို ဝင်ပြီးတော့ မီးရှို့တာတွေရှိတာပေါ့နော်၊ သူတို့ တမင်ရည်ရွယ်ချက် ရှိရှိ မီးရှို့တာတွေလည်းရှိတယ်။ အဲတော့ ကျေးရွာပေါင်း ၃၀ ကျော်လောက် မီးရှို့ခံ ရပြီးတော့ ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူက တစ်သောင်းခွဲ၊ နှစ်သောင်းကြားမှာ ရှိမယ်လို့ အဲလောက်တော့ရှိမယ်လို့ ကျနော် ခန့်မှန်းတယ်။ ကောလင်းဘက်မှာကတော့ မနေ့ညက ဖြစ်တဲ့တိုက်ပွဲကြောင့် အဲဒီဘက်က အောင်ချမ်းသာတို့၊ သစ်ဆိမ့်ကုန်းတို့ စတဲ့ ရွာတွေက အခုလောလောဆယ်မှာတော့ အကုန်ထွက်ပြေးနေရတယ်”

ကောလင်းမြို့နယ်မှာ စစ်ကောင်စီက မိုဘိုင်းအင်တာနက်တွေကို ဖြတ်တောက်ထားသလို မနေ့ညကစလို့ ဖုန်းလိုင်းတွေပါ ဆက်သွယ်ရခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာနဲ့ အင်းတော်မြို့နယ်တွေမှာလည်း အခုရက်ပိုင်း ဒေသခံ PDF အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရ တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။