ပြည်ပရောက်မြန်မာလုပ်သားတွေရဲ့ ငွေလွှဲမှု ထိန်းချုပ်ဖို့ စစ်ကောင်စီ ကြိုးပမ်း
2023.09.09

ပြည်ပနိုင်ငံရောက် မြန်မာအလုပ်သမားတွေရတဲ့ အခြေခံလစာငွေရဲ့ ၂၅ ရာခိုင်နှုန်းကို လစဉ် ဒါမှမဟုတ် သုံးလတစ်ကြိမ် စစ်ကောင်စီ သတ်မှတ်ထားတဲ့ ငွေလွှဲလုပ်ငန်းတွေမှာ ဘဏ်စာရင်းဖွင့်ပြီးမှ မိသားစုဆီ ငွေလွှဲပြောင်းပေးပို့ရမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ဒီလဆန်းမှာ သတ်မှတ်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ပြည်ပမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ CB Bank မှာ အထူးဘဏ်အကောင့်ကို မိသားစုဝင်တစ်ဦးဦးနာမည်နဲ့အတူ ဘဏ်အကောင့်ဖွင့်ရမှာ ဖြစ်ပြီး တရားဝင်ဘဏ်စနစ်ကသာ ပေးပို့ရမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။
“ပြည်ပရောက်နေတဲ့ ဒီနိုင်ငံသားတွေဆီကပဲ မရရတဲ့နည်းနဲ့ မရှိတဲ့အပေါက်ကနေ ပိုက်ဆံတစ်ပြားနှစ်ပြားကအစ သူတို့ရအောင် လိုက်ပြီးကြိုးစားတဲ့သဘောပဲ”
ဒီလိုဖိအားပေးတာဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ လုပ်ခလစာကို ဖိနှိပ်အကျပ်ကိုင်ပြီး စစ်ကောင်စီက နိုင်ငံခြားငွေရဖို့ စီစဉ်တာလို့ ထိုင်းနိုင်ငံမှာ နှစ်နှစ်နီးပါးကြာ အလုပ်လုပ်နေတဲ့ ကိုလင်းလင်းက ပြောပါတယ်။
“ သူတို့မှာဒေါ်လာမှမရှိတော့တာ။ တော်လှန်ရေးကနေပြီး အားလုံးကဝိုင်းပြီးလုပ်တဲ့ အားတွေကြောင့်ရော။ နိုင်ငံတကာကပေးတဲ့ pressure ( ဖိအား ) တွေကြောင့်ရော စီးပွားရေးပိတ်ဆို့တာတွေ ထိထိရောက်ရောက် အများကြီးပဲ ဝိုင်းလုပ်ကြတယ်မလား။ အဲဒီ့ဟာတွေက ထိရောက်တဲ့သဘောပေ့ါ။ ထိရောက်တော့ နိုင်ငံခြားငွေရှာနိုင်တဲ့နည်းလမ်းတွေ တဖြည်းဖြည်းနဲ့ မရှိတော့ဘူးလေ။ သူတို့ကိုယ်တိုင် နိုင်ငံခြားငွေရှာမှ မရှာနိုင်တာ။ လူတွေကို နဂိုကတည်းက ကျပ်နေတဲ့ထဲက ပြည်ပရောက်နေတဲ့ ဒီနိုင်ငံသားတွေဆီကပဲ မရရတဲ့နည်းနဲ့ မရှိတဲ့အပေါက်ကနေ ပိုက်ဆံတစ်ပြားနှစ်ပြားကအစ သူတို့ရအောင် လိုက်ပြီးကြိုးစားတဲ့သဘောပဲ။ သူတို့မှာ နိုင်ငံခြားငွေတော်တော်နည်းနေပြီဆိုတာ ပြတာ”
ပြည်ပရောက်မြန်မာအလုပ်သမားတွေရဲ့ လစာဝင်ငွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေအပေါ်မှာ အခြေခံပြီး စစ်ကောင်စီက အခွန်ဆောင်ဖို့ ပိုပြီး ဖိအားပေးလာနိုင်တယ်လို့လည်း ယူဆကြပါတယ်။
“ ဒါက Fair မဖြစ်ဘူးလေ။ စင်ကာပူမှာအစိုးရကိုလည်း အခွန်ဆောင်ရတယ်။ အာဆီယံနိုင်ငံတွေက Double Tax မလိုဘူး။ စင်ကာပူမှာဆောင်ရင် မြန်မာမှာဆောင်စရာမလိုဘူးလေနော်။ အခုမှ စကစက သူတို့ဒေါ်လာတွေမရှိတော့လို့ ဒီလိုမျိုးဝင်ငွေတွေကို ပြန်လိုချင်တာလို့ လုပ်တာ။ ဘာခေါ်မလဲ။ ဓားပြတိုက်တဲ့သဘောပဲပေါ့ ”
စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မဖြူပြောသွားတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ NLD လက်ထက်မှာ အာဆီယံနိုင်ငံသဘောတူညီချက်အတိုင်း နှစ်နိုင်ငံဝင်ငွေခွန်ဆောင်တာကို ဖြေလျော့ပေးခဲ့တာပါ။
စင်ကာပူနိုင်ငံမှာဆယ်နှစ်ကျော်ကြာနေထိုင်အလုပ်လုပ်နေတဲ့ မဖြူရဲ့ လုပ်ခလစာနဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့မိသားစုဝင်တွေဆီမှာ စစ်ကောင်စီ ခန့်အပ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက စာရင်းကောက်ယူသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလလောက်ကစပြီး စင်ကာပူနိုင်ငံက မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့အခါမှာလည်း သူရတဲ့လစာဝင်ငွေ နဲ့ အလုပ်အကိုင် ရာထူးတွေကိုပါ ဖြည့်ပေးရတယ်လို့လည်း ပြောပါတယ်။ အရင်က အဲဒီလို ထည့်ဖော်ပြစရာမလိုဘူးလို့ ပြောကြပါတယ်။
ဒါဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ငွေကြေးစီးဆင်းမှုနဲ့ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို စောင့်ကြည့်ထိန်းချုပ်ဖို့ ကြိုးစားတာလို့လည်း ဝေဖန်ကြပါတယ်။
“စကစက သူတို့ဒေါ်လာတွေမရှိတော့လို့ ဒီလိုမျိုးဝင်ငွေတွေကို ပြန်လိုချင်တာလို့ လုပ်တာ။ ဘာခေါ်မလဲ။ ဓားပြတိုက်တဲ့သဘောပဲပေါ့ ”
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ တရားဝင်ငွေလွှဲထားတဲ့ အထောက်အထား စာရွက်စာတမ်းတွေကို သိမ်းဆည်းထားပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံတဲ့အနေနဲ့ ပစ္စည်းဝယ်ယူတဲ့အခါ အခွန်ကင်းလွတ်ခွင့်ရမယ့် အကျိုးကျေးဇူးတွေ ခံစားခွင့်ရှိမယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီ ထုတ်ပြန်ချက်အတိုင်း မလိုက်နာရင် နောက်တစ်ကြိမ်ပြည်ပထွက်ခွာခွင့် သုံးနှစ် ပိတ်ပင်ခံရမယ်လို့ သတိပေးထားပါတယ်။
ဒီညွှန်ကြားချက်ကြောင့် စိုးရိမ်နေသူတွေထဲမှာ မြန်မာသင်္ဘောသားတွေလည်း ပါဝင်ပါတယ်။
ဒီလို ဝင်ငွေတွေကို သတ်မှတ်ထားတဲ့ နှုန်းအတိုင်းပဲ လဲခွင့်နေရတာဟာ အခုခေတ် ကုန်စျေးနှုန်း ကြီးမြင့်လာတာနဲ့မကိုက်ညီဘဲ စစ်ကောင်စီလက်ထက်မှာ ပိုပြီးခက်ခဲကျပ်တည်းလာတယ်လို့ ကိုရီးယားကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်တဲ့ သင်္ဘောသား ကိုဝေကြီးက ပြောပါတယ်။
“သင်္ဘောသားက ကိုယ့်ဘာသာဒေါ်လာကိုင်ပြီး ရောင်းမှပဲ အပြင်မှာပေါက်တဲ့စျေးပဲရမယ်။ တော်တော်များများက အဲဒီ(စစ်ကောင်စီသတ်မှတ်စျေး) စျေးနဲ့ပဲ ရနေတာ များတယ်။ ဒါပေမဲ့ ပြောလို့လည်းမရဘူး ဖြစ်နေတယ်။ မြန်မာသင်္ဘောသားတွေဘဝက အလုပ်က တော်တော်ရှားနေတာကို။ ရှားတော့ ရတဲ့အလုပ်ကိုတက်လုပ်ရတာဆိုတော့ သူတို့ကို ပြောလို့မရဘူး။ လစာကို သင်္ဘောပေါ်မှာ တောင်းဖို့ဆိုတာလည်း။ သင်္ဘောကုမ္ပဏီတော်တော်များများက စကစက ထိန်းချုပ်ထားတာဆိုတော့ သူတို့ကထုတ်ပေးလို့မရဘူး ဖြစ်နေတယ်။ ဒေါ်လာစျေးက ၃၅၀၀ ပေါက်ပေမယ့် ရတာ ၂၉၄၀ ဒါပေမဲ့ ၂၉၄၀ နဲ့တန်တဲ့ ကုန်စျေးနှုန်းနဲ့ ကျွန်တော်တို့က စားရတာမဟုတ်ဘူး။ ၃၅၀၀ ဆို ကုန်စျေးနှုန်းက ၃၅၀၀ တက်သွားတာ။ ရေခြားမြေခြားမှာ လုပ်နေရတော့ ကိုယ့်လစာအပြည့်အဝကို ရချင်တာပေါ့။ ကုန်စျေးနှုန်းက တက်လာတယ်။ လစာကို ဒီဒေါ်လာစျေးနဲ့ပဲ ဖြတ်ပေးတယ်။ ကျွန်တော်တို့က အခုမှ သင်္ဘောလိုက်တာမဟုတ်ဘူး။ ဟိုးနဂိုကတည်းက သင်္ဘောလိုက်တာ။ အခုလက်ထက်မှ ပိုပြီးဆိုးလာတယ်လို့ပဲ မြင်တယ် ”
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လစာငွေတွေကို စစ်ကောင်စီသတ်မှတ်ထားတဲ့ ငွေလွှဲလုပ်ငန်းတွေကသာ လွှဲပြောင်းဖို့ ဖိအားပေးနေတာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကန့်ကွက်ထားပါတယ်။
စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားချက်ဟာ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနဲ့မညီညွတ်ဘဲ ဥပဒေကျော်လွန်ပြီး အကျပ်ကိုင်ဆောင်ရွက်နေတာလို့လည်း NUG က ဝေဖန်ထောက်ပြထားပါတယ်။