မြန်မာသတင်းမီဒီယာတွေ ဆက်လက်ဖိနှိပ်ခံနေရ

2023.05.03
မြန်မာသတင်းမီဒီယာတွေ ဆက်လက်ဖိနှိပ်ခံနေရ ရန်ကုန်မြို့၊ မြေနီကုန်းတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စစ်အာဏာဆန့်ကျင်ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးပစ်ဖောက်ပြီး ဖမ်းဆီးချိန် သတင်းသမားများအား တွေ့ရစဉ်။
Photo: RFA

မေလ ၃ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရပ်စ်က "စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ ဒီမိုကရေစီနဲ့တရားမျှတမှုအတွက် အခြေခံအုတ်မြစ် တစ်ခုဖြစ်တယ်" လို့ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းချိန်ကစလို့ သတင်းထောက် ၁၅၆ ယောက် အဖမ်းခံခဲ့ရပြီး အဲဒီထဲက ၁၀၅ ယောက်ပြန်လွတ်ခဲ့ပေမယ့်၊ အယောက် ၅၀ ကျော်ကတော့ အကျဉ်းချခံနေရဆဲဖြစ်ပါတယ်။ ဓာတ်ပုံ သတင်းထောက်တစ်ဦးဖြစ်သူ ကိုစိုးနိုင်ကတော့ စစ်ကြောရေးမှာ သေဆုံးခဲ့ရပါတယ်။ အဖမ်းမခံရတဲ့ သတင်းသမားတွေလည်း စစ်အာဏာသိမ်းကတည်းက ပုန်းလျှိုးကွယ်လျှိုးနဲ့ပဲ အလုပ်လုပ်နေခဲ့ရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေဟာ အဆိုးဘက်ကို ဆက်ပြီး ဦးတည်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သတင်းစာဆရာတစ်ဦးက RFA ကို ပြောပါတယ်။

"နံပါတ်တစ်ကတော့ သတင်းဌာနတွေ လွတ်လပ်စွာရယူခွင့်ဟာမျိုးတွေ၊ သတင်းဌာနတွေ ရပ်တည်ရေးလိုဟာမျိုးတွေ၊ နောက်တစ်ခုကတော့ သတင်းသမားတွေ အန္တရာယ်ကျရောက်မှုပေါ့နော်။ အဲဒီရှုထောင့်တွေကကြည့်ရင်တော့ အားလုံးက တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်နေတဲ့သဘောမျိုး တွေ့ရတယ်"

စစ်တပ်ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်တဲ့သတင်းမျိုးတွေကို ရေးသားဖော်ပြတယ်ဆိုရင် လှုံ့ဆော်တယ်ဆိုပြီး ပုဒ်မ-၅၀၅ (က) နဲ့အရေးယူနေသလို လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မေးမြန်းတယ်ဆိုရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ အရေးယူနေတာ တွေ့ရတယ်လို့ သူကပြောပါတယ်။

သတင်းထောက်တွေကိုယ့်နာမည်ကိုယ်မဖော်ပြရဲဘဲ တင်ဆက်နေရတဲ့ အခြေအနေကို ကြည့်ရုံနဲ့ ဘယ်လောက်ဆိုးဝါးနေလဲဆိုတာ သိနိုင်တယ်လို့ Delta News Agency ရဲ့အယ်ဒီတာချုပ် ကိုစိုးရက ပြောပါတယ်။

"သတင်းတွေမှာ ကိုယ့်နာမည်ကိုမဖော်ပြဘဲနဲ့ ကိုယ့်ရဲ့ Identity ကို မဖော်ပြဘဲနဲ့ သတင်းတွေ တင်ဆက်နေရတဲ့ အခြေအနေကိုက အဆိုးဝါးဆုံးဖြစ်နေတယ်ဆိုတာကို ပြတာပဲ။ လူတွေက ကိုယ်မြင်တဲ့အခြေအနေတွေ၊ ကိုယ့်ရဲ့ယုံကြည်ရာတွေကို ထုတ်ပြောဖို့နေနေသာသာ ဖေ့စ်ဘွတ်မှာ ပရိုဖိုင်လေးချိန်းထားတာကို ဖုန်းစစ်လို့ မိရင်တောင်မှပဲ ဖမ်းဆီးခံရနိုင်တယ်။ ထောင်ချခံရနိုင်တယ်။ နောက်ဆုံး အသက် သေတဲ့အထိ ဒီကောင်တွေ နှိပ်စက်တာခံရနိုင်တယ်လေ"

"လူတွေက ကိုယ်မြင်တဲ့အခြေအနေတွေ၊ ကိုယ့်ရဲ့ယုံကြည်ရာတွေကို ထုတ်ပြောဖို့နေနေသာသာ ဖေ့စ်ဘွတ်မှာ ပရိုဖိုင်လေးချိန်းထားတာကို ဖုန်းစစ်လို့မိရင်တောင်မှပဲ ဖမ်းဆီးခံရနိုင်တယ်"

အဲဒီလို ဖေ့စ်ဘွတ်မှာ ကိုယ့်ခံစားချက်ကိုထုတ်ဖော်လို့ မကြာသေးခင်ကမှ အဖမ်းခံလိုက်ရတဲ့ သတင်းစာဆရာကတော့ ဦးကျော်မင်းဆွေ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ Mizzima သတင်းဌာနရဲ့ သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းက

"ဥပမာပေါ့ဗျာ။ ကန့်ဘလူ ပဇီကြီးမှာ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်တဲ့အခါကျတော့ အရပ်သားတွေ သေတော့၊ ကန့်ဘလူဇာတိဖွား၊ သတင်းစာဆရာတစ်ယောက်ဖြစ်တဲ့ ဦးကျော်မင်းဆွေက မနေနိုင်ဘူး။ သူကနေပြီးတော့ Facebook မှာ ဝမ်းနည်းကြောင်း ပြောမိတာ ၅၀၅ နဲ့ ဖမ်းပြီးတော့ တရားစွဲဖို့လုပ်တယ်"

အလွတ်သတင်းထောက်တစ်ယောက်ဖြစ်တဲ့ မထက်ထက်ခိုင်ဟာ ပုဒ်မ-၅ဝ၅ (က) အတွက် အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ်အပြင် မတရားအသင်းဆက်သွယ်မှုပုဒ်မ-၁၇ (၁) နဲ့ပါ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရပါတယ်။ မထက်ထက်ခိုင်ဟာ သူ့အလုပ်သူလုပ်တာဖြစ်လို့ မှန်တဲ့အကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"မြန်မာနိုင်ငံမှာကျတော့ စာနယ်ဇင်းလွတ်လပ်ခွင့်ဆိတ်သုဉ်းလာတာက ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းကပေါ့နော်။ ပြည်တွင်းမှာနေတဲ့ သတင်းထောက်တွေဆိုရင်လည်း ကိုယ်ဘာလုပ်ပါတယ်ဆိုတာမျိုးကို သူတို့ မပြောရဲကြတော့ဘူးပေါ့နော်။ ဒီလိုပဲ နေနေရတဲ့ အခွင့်အရေးတွေ ပျောက်ဆုံးသွားတဲ့ကာလပေါ့နော်။ မမဆိုလို့ရှိရင်လည်း မှန်တယ်။ သူ့အလုပ်သူ လုပ်တာပဲ။ အခုထိ လ ၂၀ ကျော်ဆိုတော့ အခုထိရှိနေတုန်းပဲ။ ဘယ်အချိန်အထိ အဲဒီထဲမှာနေနေရမလဲဆိုတာ ညီမတို့လည်း မသိနိုင်ဘူးပေါ့နော်"

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ကိုယ့်အလုပ်ကိုယ်လုပ်လုပ်နေတဲ့ သတင်းသမားတွေကို ဖမ်းဆီးတာမရှိဘူးလို့ RFA ကို ၂၀၂၂ ခုနှစ်၊ မေလက ပြောဆိုခဲ့ပါတယ်။

သတင်းစာဆရာ ဦးကျော်မင်းဆွေအား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် ပြုလုပ်သည့် RFA စကားဝိုင်းအစီအစဉ်တွင် တွေ့ရစဉ်။ (Photo: RFA)
သတင်းစာဆရာ ဦးကျော်မင်းဆွေအား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် ပြုလုပ်သည့် RFA စကားဝိုင်းအစီအစဉ်တွင် တွေ့ရစဉ်။ (Photo: RFA)

မြန်မာနိုင်ငံမှာ တရားမဝင်မီဒီယာအဖြစ်ကြေညာထားတဲ့ သတင်းဌာနတွေကလွဲရင် နိုင်ငံခြား သတင်းမီဒီယာတွေရော၊ နိုင်ငံခြား သတင်းမီဒီယာတွေက ဌာန ကိုယ်စားလှယ်တွေပါ လွတ်လွတ်လပ်လပ်ရှိနေပြီး သတင်းရေးနေတာပဲလို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဖူးပါတယ်။

သတင်းမီဒီယာသမားတွေ ဖမ်းဆီးအရေးယူခံရတဲ့ဖြစ်ရပ်တွေကိုကြည့်တဲ့အခါ ဥပဒေနဲ့မညီတာ တွေ့ရတယ်လို့ ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။

"သတင်းမီဒီယာသမားတွေကို သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်နေတာသိပါလျက်နဲ့ ဖမ်းဆီးတယ်။ တချို့ဆိုရင် ကြမ်းကြမ်းတမ်းတမ်း ကားနဲ့တိုက်ပြီး ဖမ်းဆီးခံရတယ်၊ အရေးယူတယ်၊ တရားစွဲတယ်ဆိုတာသည် ပြောမယ်ဆိုရင်တော့ ဥပဒေအနေနဲ့ ကြည့်မယ်ဆိုရင် ဒါသည် ဥပဒေနဲ့အညီမဟုတ်ဘူးလို့ ကျွန်တော်ဒီတိုင်းပဲ မြင်ပါတယ်"

သတင်းသမားတွေသုံးတဲ့ လက်ကိုင်ဖုန်းတွေ၊ ဗီဒီယိုကင်မရာတွေ၊ ကွန်ပျူတာ လက်ပ်တော့တွေ သိမ်းဆည်းခွင့်မရှိသလို၊ သတင်းအတွက်ရည်ရွယ်ပြီး၊ ရိုက်ယူ အသံဖမ်းထားတဲ့ မှတ်တမ်းဖိုင်တွေကို ဖျက်ဆီးခွင့်မရှိဘူးဆိုတာ ဥပဒေမှာ အတိအလင်းပြဌာန်းထားတယ်လို့ ရှေ့နေတွေက RFA ကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ကာလမှာ လိုင်စင်ပိတ်သိမ်းခံရတဲ့ သတင်းဌာန ၁၃ ခုကတော့ Myanmar Now၊ DVB ၊ ခေတ်သစ်၊ 7 Days၊ Mizzima၊ မြစ်ကြီးနားဂျာနယ်၊ 74 မီဒီယာ၊ တာချီလိတ် သတင်းအေဂျင်စီ၊ Delta News Agency၊ ဇေယျာတိုင်း(မ်) သတင်းအေဂျင်စီ၊ ကမာရွတ်သတင်းဌာန၊ ကန္တရဝတီတိုင်း(မ်)၊ ဧရာဝတီသတင်းဌာနတို့ ဖြစ်ပါတယ်။

RSF ခေါ် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ရဲ့ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် အဆင့်သတ်မှတ်ချက် ၁၈၀ မှာ မြန်မာနိုင်ငံရဲ့စာနယ်ဇင်းလွတ်လပ်ခွင့်က ၁၇၆ မှာရှိနေတာတွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။