အာဟာရ ချို့တဲ့နေတဲ့ မြန်မာလူထု
2023.07.15

၂၀၁၉ ကထက် ကမ္ဘာ့လူဦးရေ ၁၂၂ သန်းကျော် ပိုပြီး ငတ်မွတ်ခေါင်းပါးအောင် ပြဿနာရပ်ပေါင်းစုံက တွန်းပို့တယ်လို့ ကုလသမဂ္ဂက ဇူလိုင် ၁၂ ရက်က ပြောကြားလိုက်ပါတယ်။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေ၊ FAO ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့နဲ့ IFAD နိုင်ငံတကာ စိုက်ပျိုးရေးဖွံ့ဖြိုးမှုအဖွဲ့ စတဲ့ အဖွဲ့အစည်းငါးဖွဲ့က ပူးတွဲထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြတာပါ။
ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေပြီလို့ ဒီဇင်ဘာ ၃၁ ရက်ကမှ တရုတ်နိုင်ငံက ကြေညာတဲ့ ၂၀၁၉ တုန်းက ကမ္ဘာ့လူဦးရေ ၆၁၃ သန်း ငတ်မွတ်ခဲ့ပြီး ခုနောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ၇၃၅ သန်း ငတ်မွတ်တယ်လို့ ဖော်ပြတာမို့ ၂၀၁၉ ကထက် လူ ၁၂၂ သန်းပိုလို့ ငတ်မွတ်နေပြီလို့ ပြောတာပါ။
မဆလလက်ထက် ၁၉၈၇ က စလို့ ၂၀၂၁ စစ်အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်ထိ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်မြဲဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ လူ ၁၃ ဒသမ ၂ သန်း စားနပ်ရိက္ခာမဖူလုံဘူးလို့ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က စုစုပေါင်း လူဦးရေ ၅၄ သန်းပေါ် အခြေခံပြီး တွက်ချက်ထားပါတယ်။
တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်တာဝန်ခံ ဦးဇော်ရမ်းကတော့ ၁၃ သန်းမက ရှိနိုင်တယ်လို့ ခန့်မှန်းပြီး တောင်းရမ်းစားသောက်နေရသူတွေရှိတယ်လို့ ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါက နာလန်မထူသေးဘဲ ၂၀၂၁ မှာ စစ်အာဏာသိမ်းလိုက်တဲ့ နောက်ဆက်တွဲ နိုင်ငံကမတည်ငြိမ်တဲ့ကြား ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် မြန်မာ့ကျေးလက် တချို့ဒေသတွေမှာ ရွာလုံးကျွတ်မီးရှို့ခံရတဲ့အတွက် စိုက်ပျိုးရေးကဏ္ဍလည်း ထိခိုက်ရပါတယ်။
ငတ်မွတ်ခေါင်းပါးပြီဆိုရင် နောက်ကကပ်ပါလာတာက အာဟာရချို့တဲ့မှုပဲ ဖြစ်ပါတယ်။
ကလေးဘဝကတည်းက အာဟာရမပြည့်ဝရင် ကိုယ်ခန္ဓာလည်း မဖွံ့ဖြိုး၊ ဉာဏ်ရည်လည်း နိမ့်ကျပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ ပတ်သက်ပြီး ဇူလိုင် ၅ ရက်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကလေးတွေ အာဟာရအပြည့်အဝမရတဲ့ အကြောင်း WHO ညွှန်ကြားရေးမှူးချုပ် Dr.Tedros Adhanom Ghebreyesus ထည့်သွင်းပြောကြားသွားတာပါ။
ခု ၂၀၂၃ မှာ အသက် ၅ နှစ်ယောက်ကလေး ဆယ်သန်းကျော်ဟာ အထူးစိုးရိမ်ရလောက်အောင် အာဟာရအလွန်အမင်းချို့တာနဲ့ ရင်ဆိုင်နေရပါတယ်။
မိုးခေါင်ရင် မိုးသည်းထန်တတ်ပြီး ရေလွှမ်းမိုးဖို့ ဖြစ်လာပါတယ်။ အခြေအနေက လွန်လွန်ကဲကဲ ခက်ခဲလွန်းပါတယ်။ ငတ်မွတ်ခေါင်းပါးမှုကလည်း မြင့်မားမြဲမြင့်မားနေမယ်လို့ မျှော်လင့်ရပါတယ်။
ရာသီဥတုပူနွေးရင် မိုးခေါင်တဲ့နေရာခေါင်၊ ရေကြီးတဲ့နေရာကြီးမယ်လို့ ပညာရှင်တွေက ပြောထားတာပါ။
လူဦးရေ ၂ ဒသမ ၄ ဘီလီယံနဲ့ ညီမျှတဲ့ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၂၉ ဒသမ ၆ ရာခိုင်နှုန်းဟာ ထမင်းနပ်မမှန်ကြဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကြုံနေရတာကိုတောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်တာဝန်ခံ ဦးဇော်ရမ်းက
“ထွက်တဲ့ ရိက္ခာနဲ့ ရှိတဲ့ လူဦးရေက မငတ်ဘူး။ လူတွေက ဝယ်မစားနိုင်တာ။ အရင်က တစ်နေ့ သုံးနပ်စားရင်။ ခု နှစ်နပ်၊ ကြာရင် အာဟာရပြဿနာ ဖြစ်မယ် ”
ကုလသမဂ္ဂ အစီရင်ခံစာမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်စားနိုင်စွမ်းက ကမ္ဘာတစ်ဝန်းလုံး ဆိုးဆိုးဝါးဝါးနိုင်လှတယ်လို့ ဖော်ပြပါတယ်။ ၂၀၂၁ မှာ ကမ္ဘာ့လူဦးရေရဲ့ ၄၂ ရာခိုင်နှုန်း ဒါမှမဟုတ် ၃ ဒသမ ၁ ဘီလီယံကျော်ဟာ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် မစားနိုင်ကြဘူးလို့ ဆိုပါတယ်။
လူအတော်များများ ထမင်းတောင်နပ်မှန်အောင် မစားနိုင်တဲ့ မြန်မာပြည်ဟာ ရက်လွန်အစားအစာတွေ၊ ဓာတုဆေးဆိုးထားတဲ့ အစားအသောက်တွေ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသောက်ကုန်တွေတင်သွင်းဖို့ ဈေးကွက်ဖြစ်နေတယ်လို့လည်း တချို့က သုံးသပ်ပါတယ်။