မဲဆောက်မြို့ နောင်ဘွားဘုန်းကြီးကျောင်းကထိန်ပွဲမှာ ဟားငါးကောင်အငြိမ့် ဖျော်ဖြေ
2023.11.27

ထိုင်းနိုင်ငံ မဲဆောက်မြို့ နောင်ဘွားရွာက ဘုန်းကြီးကျောင်းမှာ နိုဝင်ဘာလ ၂၆ ရက်က ကထိန်အလှူပွဲ ကျင်းပခဲ့ရာ ထိုင်းနိုင်ငံသားတွေနဲ့အတူ မဲဆောက်မြို့ရောက် မြန်မာနိုင်ငံသားတွေလည်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
မဲဆောက်မြို့ နောင်ဘွားရွာက ဝပ်နောင်ဘွားဘူရဖါဘုန်းကြီးကျောင်းမှာ နိုဝင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းကတည်းက စတုဒီသာကျွေးပြီး ညပိုင်းမှာတော့ ဟားငါးကောင် အငြိမ့်အဖွဲ့က ဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့သုံးနှစ်က ကိုဗစ်ကပ်ရောဂါကြောင့် အခုလိုလူစုလူဝေးနဲ့ စည်စည်ကားကားကျင်းပခွင့်မရခဲ့လို့ ဒီနှစ်မှာတော့ ကထိန်ပွဲနဲ့အတူ နောင်ဘွားဘုန်းကြီးကျောင်းဝင်းထဲက ပြည်တော်အေးစေတီ ဘုရားပွဲကိုလည်း တစ်ပါတည်း ကျင်းပတာဖြစ်ပါတယ်။
" သူများနိုင်ငံထဲမှာနေရတာ ကျွန်မတို့မြန်မာပြည်သားတွေရဲ့ စည်းလုံးညီညွတ်မှု ကရင်၊ မြန်မာ အကုန်လုံး စည်းလုံးညီညွတ်မှုရှိလို့ ပီတိဖြစ်မိပါတယ်၊ နောက်ထပ် ဒီထက်မက ဖြစ်စေချင်တယ်၊ ကိုယ့်နိုင်ငံမှာ ကိုယ်လုပ်ရရင်ပိုတောင် ပျော်ဖို့ကောင်းတယ်၊ ကျွန်မတို့သူများနိုင်ငံထဲမှာ ရွှေ့ပြောင်းလုပ်သားအဖြစ်နဲ့ တောင် အင်မတန်မှစည်းလုံးညီညွတ်မှုရှိပါတယ်၊ မြန်မာ၊ ကရင်၊ မွန် အကုန်လုံးပေါ့နော်၊ ကျွန်မနိုင်ငံရေး မလုပ်ဘူးဆိုပေမယ့် အမျိုးသားရေးစိတ်ရှိတယ်၊ ကျွန်မနိုင်ငံရေးသမားတော့မဟုတ်ပါဘူး အမျိုးသားရေး စိတ်တော့အပြည့်အဝရှိတယ်၊ ကိုယ့်လူမျိုးကိုယ်ချစ်ရမယ်၊ ကိုယ့်နိုင်ငံကိုယ်တော့ချစ်ရမယ်။’’
နော်ပစီဖောဟာ ကရင်ပြည်နယ်ဇာတိဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကတည်းက မဲဆောက်မြို့ကို ရွှေ့ ပြောင်းအလုပ်သမားအဖြစ်နဲ့ အခြေချနေထိုင်သူဖြစ်ပါတယ်။
မဲဆောက်မြို့ကို အကြောင်းအမျိုးမျိုးနဲ့ရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ကထိန်ပွဲမှာ ပါဝင်လှူဒါန်းကြလိုပဲ ဟားငါး ကောင် အငြိမ့်ဖျော်ဖြေပွဲမှာဆိုရင်လည်း မြန်မာနိုင်ငံသား တစ်ထောင်ကျော်လောက်အထိ လာရောက်အားပေးကြတာကို တွေ့ရပါတယ်။
"ပထမကတော့ ဘုရားပွဲက နှစ်တိုင်းပဲလုပ်တော့ အရင်ကဇာတ်ကြီးတွေပေါ့ကွယ်၊ ဇာတ်တွေငှားတယ် သုံးညအထိပေါ့၊ အခု ကိုဗစ်ဖြစ်တဲ့အချိန်ကျတော့ ရပ်ထားလိုက်ရတယ်ပေါ့၊ ဒီနှစ်မှ ပြန်စတယ်ပေါ့၊ ကျောင်း သားတွေ ပြန်ပျော်ကြတယ်ပေါ့၊ အရင်က မတွေ့ရတာတွေ အခုပြန်တွေ့ရတယ်၊ ပျော်တယ်ပေါ့။’’
ဒေါ်မြိုင်ကတော့ မွန်လူမျိုးဖြစ်ပြီး မဲဆောက်မြို့မှာလာရောက်အခြေချနေထိုင်လာတာ နှစ်ပေါင်း ၃၀ ကျော်ပြီဖြစ်လို့ မြို့ခံလိုဖြစ်နေပြီလို့ပြောပါတယ်။
ကထိန်ပွဲမှာ လှူဒါန်းခွင့်ရတာ၊ စတုဒီသာကျွေးရာမှာ မြန်မာအစားအစာတွေ စားခွင့်ရတာအပြင် အခုလို ကွင်းပြင်ထဲ အငြိမ့်ပွဲကြည့်ခွင့်ရတာက ကိုယ့်မြန်မာပြည်ထဲ ပြန်ရောက်သလိုခံစားရတယ်လို့လည်း ပြောကြပါတယ်။
ဟားငါးကောင်အငြိမ့်အဖွဲ့ဟာ နောင်ဘွားဘုန်းကြီးကျောင်းကထိန်ပွဲနဲ့ ပြည်တော်အေးစေတီ ဘုရား ပွဲတော်အတွက် အခမဲ့ လာရောက်ဖျော်ဖြေပေးတာလို့လည်း သိရပါတယ်။