ရခိုင်မှာ မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ် အသိပညာပေးမှု ပိုမိုလုပ်ဆောင်ဖို့ မျှော်လင့်
2021.03.15

စစ်ရေးပဋိပက္ခတွေ ပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မပေါက်ကွဲသေးတဲ့ မိုင်းနဲ့ စစ်ကျန် လက်နက် ပစ္စည်းတွေရဲ့ အန္တရာယ် အသိပညာပေးမှုတွေနဲ့ ရှင်းလင်းတာတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ လိုအပ် နေတယ်လို့ ဒေသခံတွေက ထောက်ပြကြပါတယ်။
ရက္ခိုင့်တပ်တော် (AA)နဲ့ တပ်မတော်တို့အကြား နှစ်နှစ်နီးပါးကြာ စစ်ပွဲတွေပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေနိုင်တဲ့ စစ်လက်နက်တွေရဲ့အန္တရာယ်နဲ့ပတ်သက်လို့ အသိပညာ ပေးတာတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ထောက်ပြကြပါတယ်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က အမေရိကန်ရဲ့ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေး ကူညီ ထောက်ပံ့ရေးအဖွဲ့ USAID ရဲ့အကူအညီနဲ့ စစ်ရေးပြင်းထန်ခဲ့တဲ့ မြို့နယ် ခြောက်ခုမှာ အသိပညာပေး သင်တန်းတွေ ပေးနေပါပြီ။ တစ်မြို့နယ်ကို လူ ၁၀၀ စီနဲ့ ၆ မြို့နယ်က ကိုယ်စားလှယ် ၆၀၀ လောက်ကို ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီလကနေ အခု မတ်လကုန်အထိ မိုင်းအသိပညာပေး သင်တန်းတွေပေးနေပါတယ်။
ဒါပေမဲ့ အခုထက် ပိုမိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုနေသေးတယ်လို့ REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက RFA ကို ပြောပါတယ်။
"စီမံကိန်းကာလလုပ်နေရင်းနဲ့ပေါ့နော် ကျွန်တော်တို့မှာ စောင့်ကြည့်လေ့လာမှုတွေ လုပ်ပါတယ်။ အဲလို လုပ်တဲ့အခါမှာ ဒီသင်တန်းကို ပေးထားပြီးသား မြို့နယ်တွေမှာလည်းပဲ မိုင်းထိတာတို့၊ စစ်ကျန်လက်နက် ပစ္စည်းတွေ ပေါက်ကွဲတာတို့ ကြုံတာပေါ့နော်။ အဲလိုကြုံလို့ ဒါကို ပြန်ဆန်းစစ်ကြည့်လိုက်တဲ့အခါမှာ ကျွန်တော်တို့ သင်တန်းပေးတာတွေက မလုံလောက်သေးဘူးဆိုတာကို ပြနေပါတယ်။ ကျွန်တော်တို့ ပေးနိုင်တဲ့ပမာဏက တကယ်လိုအပ်တဲ့ပမာဏထက် နည်းနေတာကို တွေ့ရတယ်။"
ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စတဲ့မြို့နယ် ခြောက်ခုက ဒေသခံတွေကို သင်တန်းပေးခဲ့တာပါ။ သူတို့တွေကနေတစ်ဆင့် ကျေးရွာတွေကို ဆင့်ပွား အသိပညာပေးတဲ့ အစီအစဉ်နဲ့လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
REC ကပို့ချတဲ့ အသိပညာပေးသင်တန်းကို မနေ့ကစပြီး တက်ရောက်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကံဦးကျေးရွာ က ဦးရွှေမောင်က သူ့အနေနဲ့ ဒါဟာ ပထမဆုံးအကြိမ် တက်ဖူးတဲ့ မိုင်း အသိပညာ ပေးသင်တန်းဖြစ်တယ်လို့ ပြောပါတယ်။
"ဒီသင်တန်းမရှိခင်က ကျွန်တော်တို့ရွာမှာ ဒီလိုအသိပညာပေးတာတွေ မရှိပါဘူး။ အခုလိုသင်တန်း လာတက်တော့မှပဲ အကျယ်တဝင့် သိရတာ။ အခု ဒီသင်တန်းမှာ တက်ထားတာတွေကိုလည်း သင်တန်းဆရာက ပြောတဲ့အတိုင်း ကိုယ့်ရပ်ရွာမှာ ပြန်လည်ပို့ချဖို့ စိတ်ကူးထားပါတယ်။"
ပုဏ္ဏားကျွန်းမြို့နယ် နတ်တောင်ကျေးရွာက မနွဲ့နွဲ့စိုး ကလည်း သူတို့ဒေသမှာ မိုင်းအန္တရာယ်ကို ဒေသခံတွေအားလုံး စိုးရိမ်နေကြရတယ်လို့ပြောပါတယ်။
"ပြီးခဲ့တဲ့ မိုးတွင်းမှာ လယ်ယာမလုပ်နိုင်ခဲ့တဲ့သူတွေလည်း အများကြီးရှိခဲ့ပါတယ်။ အသက်ဆုံးရှုံးခဲ့ရသူတွေ လည်း ရှိခဲ့တယ်။ တပ်ကနေခဲ့တဲ့နေရာတွေမှာ လုပ်ကိုင်စားသောက်ဖို့ အခုထိ မသွားရဲကြဘဲ ဖြစ်နေ ကြတယ်။"
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ စစ်ပွဲတွေရပ်တန့်ခဲ့ပြီးနောက် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ စစ်တပ်ဘက်ကလည်း မိုင်းရှင်းလင်းတာတွေ လုပ်ဆောင်နေပါတယ်။
ဒါပေမဲ့ အခုလို မိုင်းရှင်းလင်းတာဟာ ကားလမ်းမကြီးတွေရဲ့ ဝဲယာနေရာတွေမှာသာဖြစ်တာကြောင့် တပ်မတော်က စခန်းချခဲ့တဲ့နေရာတွေမှာပါ မိုင်းရှင်းဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာက ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးကျော်ဇောလှက တပ်က စခန်းချခဲ့တဲ့ နေရာတွေမှာ မိုင်းရှင်းတာတွေလုပ်ဖို့ မျှော်လင့်ခဲ့ပေမယ့် အမှန်တကယ်မှာ ကားလမ်းတွေမှာသာ လုပ်သွားတာကို တွေ့ရတယ်လို့ ပြောပါတယ်။
"တပ်က မိုင်းရှင်းတာကို လုပ်တော့လုပ်သွားပါတယ်။ ကားလမ်းဝဲယာကိုပဲ လုပ်သွားပါတယ်။ နောက်ပြီး ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာလည်း လုပ်သွားတယ်။ ကျွန်တော်တို့လုပ်စေချင်တာကတော့ သူတို့စခန်းချနေခဲ့တဲ့နေရာတွေမှာ လုပ်စေချင်တယ်။ ဒါပေမဲ့အဲဒီနေရာတွေမှာ လုပ်မသွားကြဘူး။"
အခုဆိုရင် ကျေးရွာတွေနဲ့ မလှမ်းမကမ်းနေရာတွေက တပ်မတော်က စခန်းချခဲ့တဲ့နေရာတွေမှာ မိုင်းအန္တရာယ်ကို စိုးရိမ်လို့ ရွာသွားတွေ ဘယ်သူမှ မသွားရဲကြဘူးလို့ ဦးကျော်ဇော်လှက ပြောပါတယ်။
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီး မင်းသန်းကတော့ သူတို့လည်း အသိပညာပေးတာတွေ ကို လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
"တို့က ICRC အဖွဲ့နဲ့ အဲဒါတွေလုပ်နေတာရှိတယ်။ ICRC နဲ့နေပြီးတော့ ခဲယမ်းနဲ့ပတ်သက်လို့ မကွဲဗုံးသီး တို့၊ မိုင်းနဲ့ပတ်သက်တဲ့ အသိပညာပေးတာတွေကို သက်ဆိုင်ရာစခန်းတွေအလိုက် လုပ်နေတာရှိတယ်။ တပ်အနေနဲ့ကတော့ ရွာကိုရောက်တဲ့အခါ မိုင်းရှင်းလင်းတဲ့အခါ တစ်ခါတည်းရှင်းပြတာပေါ့။"
ဒေသခံတွေ လုပ်ကိုင်စားသောက်တဲ့နေရာတွေမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေတွေ့ရင် ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကနေ တစ်ဆင့် သက်ဆိုင်ရာကို ရှင်းလင်းပေးဖို့ အကူအညီတောင်းနိုင်သလို၊ အခက်အခဲ ရှိရင် သူ့ကိုပါ ဆက်သွယ်အကူအညီတောင်းနိုင်တယ်လို့ ဗိုလ်မှူးကြီး မင်းသန်းက ပြောပါတယ်။ မိုင်းရှင်းတာ ကို ကားလမ်းဝဲယာတွေမှာသာ မဟုတ်ဘဲ ရွာအနီးဝန်းကျင်တွေမှာပါ ဆက်လုပ်ဖို့စီစဉ်နေတယ် လို့လည်း သူကပြောပါတယ်။
ပြီးခဲ့တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း မိုင်းကြောင့် လူ ၄၀ သေဆုံးပြီးတော့ ၇၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အချိန် နှစ်နှစ်ကျော်ကာလအတွင်း သေဆုံးသူ ၃၁၁ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၇၁၈ ဦးရှိခဲ့ပါတယ်။ အဲဒီအထဲမှာ မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကို မသိနားမလည်လို့ ထုကြည့်ရာကနေ ပေါက်ကွဲလို့ သေဆုံး၊ ဒဏ်ရာရသူတွေလည်း အများအပြားပါဝင်ပါတယ်။
အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာ လျှော့ချနိုင်ဖို့ မိုင်းအန္တရာယ်အသိပညာပေးမှုတွေနဲ့ အခြား အကူအညီတွေကို အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကပါ ပိုမိုလုပ်ဆောင်ကြဖို့ကိုလည်း ဒေသခံတွေက မျှော်လင့်နေကြပါတယ်။