ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီ သေဒဏ်စီရင်ခွင့်မရှိကြောင်း ဥပဒေပညာရှင်တွေ ပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.07.26
ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီ သေဒဏ်စီရင်ခွင့်မရှိကြောင်း ဥပဒေပညာရှင်တွေ ပြော ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
Photo: RFA

စစ်ကောင်စီဟာ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ထောင်တွင်းတရားရုံးမှာ လျှို့ဝှက်စစ်ဆေးပြီး တရားစီရင်လိုက်တာဟာ နိုင်ငံတကာဥပဒေတွေအရ တရားမဝင်သလို မြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေတွေကိုလည်း ချိုးဖောက်ရာရောက်တယ်လို့ လုံခြုံရေးအတွက် အမည်မဖော်လိုသူ ရာဇဝတ်မှု နဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူ တရားလွှတ်တော်ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံတရားရုံးချုပ်ရဲ့ မြန်မာနိုင်ငံတရားစီရင်ထုံးဥပဒေအရ၊ ၁၉၆၆ ခုနှစ်ကတည်းက မောင်ရွှေ (ခေါ်) မောင်ရှေနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆိုတဲ့ အမှုမှာ “တရားစီရင်ရာတွင် အမှန်ကို ဆုံးဖြတ်ရုံသာမကပဲ ထိုသို့ အမှန်တရားကို စီရင်ကြောင်း အများမြင်စေရာသည်" ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ထည့်သွင်းခဲ့ပြီး တရားရုံး စစ်ဆေးစီရင်မှုတွေမှာ လွတ်လပ်ပြီး တရားမျှတမှုရှိကြောင်း အများပြည်သူသိအောင် ပြသဖို့ တာဝန်ရှိတဲ့အကြောင်း၊ စစ်ကောင်စီရဲ့အများပြည်သူ ဝင်ထွက်ခွင့်မရှိတဲ့ ထောင်တွင်းတရားရုံးနဲ့ စီရင်မှုတွေဟာ တရားမျှတမှုမရှိကြောင်း အဲဒီရှေ့နေက RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ တရားစီရင်စစ်ဆေးမှုမှာ လွတ်လပ်ပွင့်လင်းမှု မရှိတဲ့အပြင် စီရင်ချက်ချမှတ်ပြီးတဲ့အခါမှာလည်း အယူခံအဆင့်ဆင့် တင်ခွင့်ရှိတဲ့အကြောင်း၊ သေဒဏ်စီရင်ရာမှာလည်း ဥပဒေအရဆိုရင် နိုင်ငံတော်သမ္မတဖြစ်သူက အတည်ပြုပေးပြီးမှသာ စီရင်ခွင့်ရှိတဲ့အကြောင်း၊ လက်ရှိ အချိန်မှာ အရေးပေါ်အခြေအနေ ဖြစ်နေပြီး နိုင်ငံတော်သမ္မတမရှိတဲ့အတွက် သေဒဏ်ကို အမှန်တကယ်စီရင်ဖို့ မသင့်တဲ့အကြောင်းလည်း အဲဒီအမည်မဖော်လိုသူ ရှေ့နေက RFA ကို ပြောပါတယ်။

"နိုင်ငံရေးအရ အမြင်မတူတဲ့ သူတွေကို ရာဇဝတ်မှု ဥပဒေနဲ့ အရေးယူခွင့်မရှိပါဘူး"

စစ်တပ်က စိတ်တိုင်းကျ ရေးဆွဲပြီး ပြဋ္ဌာန်းထားတဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာတောင် နိုင်ငံသားတွေရဲ့အသက်ရှင်ခွင့် ကို အာမခံချက်ပေးထားတာရှိပြီး၊ အခုလို တရားမျှတမှုမရှိတဲ့ ထောင်တွင်းတရားရုံးကနေ ချထားတဲ့ စီရင်ချက်ကို အမှန်တကယ်စီရင်လိုက်တာဟာ ဒီအခွင့်အရေးကို ချိုးဖောက်ရာလည်း ရောက်တယ်လို့ သူက ပြောပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေရဲ့ အခန်း ၁၄ ပုဒ်မ ၅၄ မှာ ကျူးလွန်သူဟာ ‘လူတစ်ဦး တစ်ယောက်ကို ဖြစ်စေ၊ အများကို ဖြစ်စေ သေစေလျှင် သို့မဟုတ် အပြင်းအထန် နာကျင်စေလျှင် ထိုသူ့ကို ထောင်ဒဏ် ဆယ်နှစ်ကနေ တစ်သက်အထိ၊ သို့မဟုတ် သေဒဏ် ဖြစ်စေ ချမှတ်ရမည်’ လို့ ပါရှိကြောင်း၊ ဒီအမှုမှာ စစ်ကောင်စီဟာ ထောင်ဒဏ် ၁၀ နှစ်သာ ချလို့ရပေမယ့် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်ချမှတ်လိုက်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှာ အာရှရေးရာတာဝန်ခံအဖြစ် အလုပ်လုပ်ခဲ့တဲ့ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ဥပဒေကျွမ်းကျင်သူ Brad Adams က တရားစီရင်စစ်ဆေးမှုတိုင်းမှာ လိုက်နာရမယ့် နိုင်ငံတကာ စံချိန်စံနှုန်းတွေရှိတဲ့အကြောင်း အခုလို ပြောပါတယ်။

“ကမ္ဘာ့နိုင်ငံအားလုံးက လက်ခံကျင့်သုံးနေတဲ့ International covenant civil and political rights အရ ဆိုရင် ဖမ်းဆီးအရေးယူခံရသူဘက်က ခုခံကာကွယ်ခွင့် ရှိရမှာဖြစ်ပါတယ်။ ဒီလိုခုခံကာကွယ်နိုင်ဖို့ ပြင်ဆင်နိုင်ဖို့ လုံလောက်တဲ့အချိန်နဲ့ အကြံညဏ်ရယူဖို့ လိုအပ်တဲ့အရင်းအမြစ်တွေ ရှိရပါမယ်။ စွပ်စွဲခံရသူဘက်က သူ့ကို ကိုယ်စားပြုမယ့် ရှေ့နေကို စိတ်ကြိုက်ရွေးချယ်ခွင့် ရှိရပါမယ်။ အဲဒီရှေ့နေနဲ့ လွတ်လွတ်လပ်လပ် ဆက်သွယ်ပြောဆိုပြီး တိုင်ပင်ခွင့်တွေ ရှိရပါမယ်။ ဒါ့အပြင် လူအများရှေ့မှာ စီရင်ဆုံးဖြတ်တဲ့ တရားစီရင်မှု ဖြစ်ရပါမယ်။ စွပ်စွဲခံရသူရဲ့ လုံခြုံရေးအတွက် အာမခံချက် မပေးနိုင်တဲ့ အခြေအနေမျိုးကလွဲရင် လျှို့ဝှက်စစ်ဆေးတာကို နိုင်ငံတကာဥပဒေအရ ခွင့်မပြုပါဘူး။ ဒီအမှုမှာ စစ်တပ်အာဏာပိုင်တွေက စွပ်စွဲခံရသူနှစ်ဦးရဲ့ လုံခြုံရေးအတွက် အကာအကွယ်ပေးနိုင်တဲ့ အခြေအနေရှိတဲ့အတွက် လျှို့ဝှက်စစ်ဆေးဖို့ မလိုပါဘူး။ တရားရုံးစစ်ဆေးမှု အတွင်းမှာ တင်လာတဲ့ မျက်မြင်သက်သေတွေ၊ အထောက်အထားတွေကို အပြန်အလှန် မေးမြန်းထုတ် စစ်ဆေးခွင့်ရှိရပါမယ်။ နောက်ဆုံးအနေနဲ့ စီရင်ချက်ချပြီးတဲ့အချိန်မှာတောင် လွတ်လပ်ပြီးမျှတတဲ့ တရားရုံးမှာ ထပ်ပြီး စစ်ဆေးဖို့ အယူခံဝင်ခွင့် ရှိပါတယ်။ မြန်မာနိုင်ငံက တရားရုံးအားလုံးဟာ လွတ်လပ်ပြီး မျှတတဲ့ တရားရုံးလို့ မဆိုနိုင်ပါဘူး။ မျှတတဲ့ တရားစီရင်မှုဖြစ်ဖို့ အဲဒီလိုအပ်ချက်တွေအားလုံး ပြည့်စုံဖို့ လိုပါတယ်။ အဲဒီအထဲက တစ်ခုခု ချိုးဖောက်ခံခဲ့ရတာနဲ့ တရားမျှတမှုရှိတဲ့စစ်ဆေးမှု မဟုတ်ကြောင်း သတ်မှတ်ပြီး၊ ချထားတဲ့ အပြစ်ဒဏ်ဟာ တရားမဝင်ပါဘူး။ တရားမဝင်တဲ့အတွက် ဒီအပြစ်ဒဏ်ကို အမှန်တကယ် စီရင်ခွင့်လည်း မရှိပါဘူး။”

ဇူလိုင်လ ၂၆ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သေဒဏ်စီရင်ခံလိုက်ရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူနှစ်ဦးဟာ ခုခံကာကွယ်ခွင့်တွေ ရရှိခဲ့ပြီး၊ မျက်မြင်သက်သေနဲ့ သက်သေအထောက်အထား အပြည့်အစုံအပေါ် အခြေပြုပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားပါတယ်။

ဒါပေမဲ့လည်း စစ်ကောင်စီအာဏာပိုင်တွေဘက်က လျှို့ဝှက်စစ်ဆေးမှုအတွင်းမှာ ခုခံကာကွယ်ပိုင်ခွင့် ရှိတယ်လို့ ပြောတာဟာ လိမ်ညာမှုသာ ဖြစ်တယ်လို့ နိုင်ငံတကာဥပဒေကျွမ်းကျင်သူ Brad Adams က RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီက ရာဇသတ်ကြီးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးဥပဒေ၊ နိုင်လွတ်လုံဥပဒေတွေ နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေကို သူတို့ လိုသလို ပြင်ဆင်ခဲ့ပါတယ်။

စစ်ကောင်စီဟာ ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်တို့ နှစ်ဦးကို သူတို့ လိုသလိုပြင်ဆင်လိုက်တဲ့ ဥပဒေတွေအရ သေဒဏ်ချမှတ်လိုက်တာ ဖြစ်တဲ့အပြင်၊ သူတို့ကို စီရင်စစ်ဆေးမှုတွေကလည်း သေဒဏ်လို ကြီးလေးတဲ့အပြစ်ဒဏ်တွေ စီရင်မှုအတွက် လုံလောက်တဲ့ စံချိန်စံနှုန်းကို မပြည့်မှီဘူးလို့ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ ဥပဒေကျွမ်းကျင်သူ Brad Adams က ပြောပါတယ်။

“နိုင်ငံတစ်နိုင်ငံမှာ ဥပဒေကို ပြင်ဆင်တဲ့အဖွဲ့အစည်းဟာ အဲဒီနိုင်ငံရဲ့အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုခံထားရတဲ့ အဖွဲ့အစည်း ဖြစ်ဖို့ လိုပါတယ်။ အခုအချိန်အထိ စစ်ကောင်စီကို ဘယ်နိုင်ငံကမှ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထားတာ မရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့ ဥပဒေတွေကို သူတို့လိုသလို ပြင်ဆင်ခဲ့တာတွေဟာ တရားမဝင်ပါဘူး။ ဒါ့အပြင် သူတို့စွဲဆိုတဲ့ မှုခင်းတွေကလည်း ဥပဒေတွေ ပြင်ဆင်ပြီး နောက်ပိုင်းမှ ကျူးလွန်တာ ဖြစ်ရပါမယ်။ အရင်ကအမှုတွေကို အသစ်ပြင်လိုက်တဲ့ ဥပဒေနဲ့ အရေးယူလို့ မရပါဘူး။ ဒါ့အပြင် နိုင်ငံရေးအရ အမြင်မတူတဲ့ သူတွေကို ရာဇဝတ်မှု ဥပဒေနဲ့ အရေးယူခွင့်မရှိပါဘူး။ နောက်ဆုံးအနေနဲ့ကတော့ သေဒဏ်ချမှတ်တဲ့အမှုဆိုရင် ဘယ်လိုအမှုမျိုးကိုမဆို အလွန်တိကျသေချာတဲ့ စံနှုန်းတွေနဲ့ အမှားမရှိအောင် အချိန်ယူပြီး စစ်ဆေးရမှာ ဖြစ်ပါတယ်။ ဒီအမှုမှာ လျှို့ဝှက် စစ်ဆေးခဲ့တာရယ်၊ စွပ်စွဲခံရသူတွေဘက်က ခုခံ ကာကွယ်ပိုင်ခွင့်မရှိတာရယ် နှစ်ချက်နဲ့တင် သေဒဏ်စီရင်ချက်ချဖို့ လုံလောက်တဲ့ စံနှုန်း မပြည့်မှီဘူးလို့ ပြောနိုင်ပါတယ်”

"စွပ်စွဲခံရသူရဲ့ လုံခြုံရေးအတွက် အာမခံချက် မပေးနိုင်တဲ့ အခြေအနေမျိုးကလွဲရင် လျှို့ဝှက်စစ်ဆေးတာကို နိုင်ငံတကာဥပဒေအရ ခွင့်မပြုပါဘူး"

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်နောက်ပိုင်း သေဒဏ်ကို အမှန်တကယ်စီရင်မှု မရှိတော့တဲ့အပြင်၊ အကျဉ်းထောင်လက်စွဲဥပဒေအရ ဆိုရင် သေဒဏ်စီရင် ရာမှာ မျက်မြင်သက်သေတွေ ရှေ့မှာ စီရင်ကွပ်မျက်ရမှာ ဖြစ်ပြီး၊ သက်ဆိုင်ရာမိသားစုဝင်တွေထဲက အမျိုးသားတွေကို လာရောက် ကြည့်ရှုခွင့် ပေးရမယ်လို့ ပြဒါန်းထားတာပါတယ်။ သေဒဏ် စီရင်ပြီးတဲ့အခါမှာလည်း ရုပ်အလောင်းကို မိသားစုဝင်တွေထံကို ပြန်ပေးရမှာဖြစ်တယ်လို့ ဥပဒေမှာ ပါရှိပါတယ်။ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ အမှုမှာ ဒီဥပဒေပြဋ္ဌာန်းချက်တွေကို တစ်ခုမှ လိုက်နာခဲ့တာ မတွေ့ရဘူးလို့ အမည်မဖော်လိုသူ တရားလွှတ်တော်ရှေ့နေက RFA ကို ပြောပါတယ်။

ဒီမိုကရေစီအရေးလှုပ်ရှားသူ နှစ်ဦးဖြစ်တဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ နှစ်ဦးကို ထောင်တွင်းတရားရုံးမှာ လျှို့ဝှက်စီရင်ခဲ့တာ ဖြစ်တဲ့အတွက်၊ သူတို့နှစ်ဦးဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေရဲ့ ပုဒ်မတွေကို ဘယ်လို ပုံစံနဲ့ ချိုးဖောက်ခဲ့တာဖြစ်တဲ့အကြောင်း၊ တရားရုံးမှာတင်သွင်းခဲ့တဲ့ မျက်မြင်သက်သေနဲ့ အထောက်အထားတွေက ဘာတွေဖြစ်တယ်ဆိုတာနဲ့ သူတို့ဘက်က ခုခံကာကွယ်ဖြေရှင်းချက်တွေ ဘယ်လိုရှိခဲ့သလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသလို စစ်ကောင်စီဘက်ကလည်း အသေးစိတ်ထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီမိုကရေစီအရေးလှုပ်ရှားသူ နှစ်ဦးဖြစ်တဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ဟာ သူတို့ရဲ့အခြေခံလွတ်လပ်ခွင့်တွေကို ကျင့်သုံးခဲ့တဲ့အတွက် စစ်ကောင်စီကနေ သေဒဏ်စီရင်လိုက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဇူလိုင်လ ၂၅ ရက်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။