မြေမြှုပ်မိုင်းအန္တရာယ်ကြား ဖြတ်သန်းနေရတဲ့ မြန်မာ ပြည်သူများ

RFA Burmese
2024.12.27
မြေမြှုပ်မိုင်းအန္တရာယ်ကြား ဖြတ်သန်းနေရတဲ့ မြန်မာ ပြည်သူများ ရသေ့တောင်မြို့နယ် စေတီပြင်ရွာမှ မိုင်းနင်းမိပြီး ဒဏ်ရာရသည့် လူနာအား ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့က သယ်ဆောင်လာစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ ၂၀၂၄ ဇန်နဝါရီကနေ စက်တင်ဘာလအထိ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှု ၅၃၇ ခုအတွင်း လူပေါင်း ၁၃၀ သေဆုံးပြီး ၇၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

UNICEF ရဲ့ ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၃ တစ်နှစ်တာအတွင်းမှာ သေဆုံးသူ ၁၈၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၀၅၂ ဦး ရှိခဲ့တာပါ။ အခု ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးသုံးလအတွင်းက အခြေအနေနဲ့ ပတ်သက်လို့ အစီရင်ခံ စာထုတ်ပြန်လာတာ မရှိသေးပေမဲ့ ပြီးခဲ့တဲ့နှစ်လိုပဲ သေဆုံးထိခိုက်မှု အရေအတွက်က မြင့်တက်နေဆဲပဲလို့ လေ့လာသူတွေက ပြောကြပါတယ်။

"မိုင်းလို့ အသံကြားတာနဲ့ကို အသားတွေ တုန်လာတယ်။ အညာရဲ့ တိုက်ပွဲတွေကြားမှာ ခြေထောက်မရှိတော့ဘဲ ပြေးလွှားပုန်းခိုနေရတယ်"

အခုနှစ် ကိုးလတာအတွင်း ရှမ်းပြည်နယ်မှာ သေဆုံးသူ ၂၂ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၉၉ ဦးနဲ့ အများဆုံးစံချိန်တင်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ သေဆုံးမှု ၂၇ ဦးနဲ့ ရခိုင်ပြည်နယ်က သေဆုံးသူ ၂၂ ဦး အထိရှိခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်း အသုံးပြုမှုလျှော့ချရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကရော တော်လှန်ရေးအင်အားစုတွေဘက်ကပါ ကြိုးပမ်းမှုတွေ မတွေ့ခဲ့ရပါဘူး။

မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက် အန္တရာယ်နဲ့ ပြည်သူများ

၂၀၂၄ ခုနှစ်အတွင်း အခြေအနေတွေအရ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်နေတဲ့ မြန်မာနိုင်ငံနယ်မြေ သုံးပုံနှစ်ပုံမှာ ပြည်သူတွေဟာ မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသတွင်း လူသားချင်းစာနာမှု အကူအညီပေးနေသူတွေက RFA ကို ပြောပါတယ်။

ချင်းပြည်နယ်မှာ စစ်တပ်အာဏာမသိမ်းခင်အချိန်အထိ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်း အန္တရာယ်ကနေ အလုံးစုံကင်းဝေးခဲ့ပေမဲ့ အခုလက်ရှိမှာတော့ အများပြည်သူ သွားလာနေတဲ့လမ်းတွေ၊ တောင်ယာတွေနဲ့ နေအိမ်ခြံဝင်းတွေအထိပါ ဒီအန္တရာယ်ကို ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် တိုက်ပွဲတွေရပ်နေလို့ နေအိမ်ပြန်ခွင့်ရမယ်ဆိုရင်တောင် မိုင်းအန္တရာယ်ကြောင့် မပြန်ရဲဘူးလို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ မင်းတပ် ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"မင်းတပ်ကိုသာ လူငယ်တွေက သိမ်းပိုက်နိုင်မယ်။ ပြန်လာကြပါ။ အကုန်လုံး ရှင်းလင်းပြီးပြီဆိုရင်တောင် အကုန်လုံး မိုင်းနဲ့ပတ်သက်ပြီး ရှင်းလင်းပြီးမှသာ ပြန်မှစိတ်ချရမယ်။ ဒေသခံတစ်ယောက် အနေနဲ့ကတော့ အရမ်းစိုးရိမ်မှုရှိတယ်"

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က သူ့ရဲ့ အစ်မနဲ့ တူဖြစ်သူဟာ မင်းတပ်မြို့ကနေ အိမ်ကိုပြန်သွားရာကနေ အိမ်အဝင်ဝမှာ ထောင်ထားတဲ့ မိုင်းကိုနင်းမိလို့ အသက်ဆုံးရှုံးခဲ့ရတာကြောင့် ဒီဖြစ်ရပ်က သူ့ကို အမြဲခြောက်လှန့်နေတယ်လို့ သူက ပြောပါတယ်။

ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာအနီးတွင် စစ်ကောင်စီမှ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့က တွေ့ရစဥ်။ (RFA Photo)
ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာအနီးတွင် စစ်ကောင်စီမှ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့က တွေ့ရစဥ်။ (RFA Photo)

အလားတူ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက တောင်ယာကိုသွားရင်း မြေမြှုပ်မိုင်းနင်းမိပြီး ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က မဝေမာဦး (အမည်လွှဲ) ကလည်း ၂၀၂၄ ခုနှစ်ဟာ သူ့ဘဝအတွက် ဆုံးရှုံးမှု အကြီးမားဆုံးနှစ်ဖြစ်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

"လူက လုံးဝကို ကြောက်သွားတာ။ မိုင်းလို့ အသံကြားတာနဲ့ကို အသားတွေ တုန်လာတယ်။ အညာရဲ့ တိုက်ပွဲတွေကြားမှာ ခြေထောက်မရှိတော့ဘဲ ပြေးလွှားပုန်းခိုနေရတယ်"

စစ်ကောင်စီတပ်က နေရာအစုံမှာ မြေမြှုပ်မိုင်းထောင်လာတာကြောင့် တောင်ယာတွေကိုတောင် ရဲရဲတင်းတင်း မသွားရဲတော့ဘူးလို့ ဆိုကြပါတယ်။

မြေမြှုပ်မိုင်းနင်းမိသူတွေဟာ အသက်မသေဆုံးရင်တောင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြတ်တောက်လိုက်ရတာကြောင့် ဒုက္ခိတဘဝနဲ့ ဆက်လက်ရှင်သန်နေကြရပါတယ်။

မြေမြှုပ်မိုင်းကို ဘယ်သူတွေ အဓိကထောင်သလဲ

မြန်မာနိုင်ငံမှာ မိုင်းကို စစ်ကောင်စီတပ်ရော လက်နက်ကိုင်အင်အားစုတွေကပါ အသုံးပြုကြတာပါ။ စစ်ကောင်စီ တပ်ဘက်ကတော့ စက်ရုံထုတ်မိုင်းအမျိုးမျိုးကို အသုံးပြုကြပြီး တော်လှန်ရေး အင်အားစုတွေဘက်ကတော့ လက်လုပ်မိုင်းတွေကို အများဆုံးအသုံးပြုလေ့ရှိကြတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

အဲဒီအထဲမှာ စစ်ကောင်စီတပ်ဘက်က အသုံးပြုတဲ့မိုင်းတွေကတော့ ပြည်သူတွေအတွက် အန္တရာယ် အများဆုံးဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ရဲ့ ပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။

"ကျွန်တော်တို့ ကိုယ့်ကိုကိုယ် ခုခံပိုင်ခွင့်အနေနဲ့ကတော့ သုံးတာတော့ရှိတယ်။ သို့သော် သုံးတဲ့နေရာမှာ ပရမ်းပတာလိုမျိုးတော့ ဘယ်တော့မှ မလုပ်ဘူး။ ဥပမာ- သုံးတယ်ဆိုရင်လည်း ဘယ်နေရာမှာ သုံးတယ်ဆိုတာ၊ အန္တရာယ်ကင်းအောင် အသိပေးတယ်။ လူထုတွေကိုလည်း မိုင်းနဲ့ပတ်သက်တဲ့ အန္တရာယ်တွေရှိတယ်ဆိုတာ ဆယ်နှစ်တောင်မကတော့ဘူး။ နှစ်နှစ်ဆယ်နီးပါး ရှိနေပြီ။ မိုင်းအမျိုးအစားကလည်း စက်ရုံကထွက်တဲ့ မိုင်းတွေမဟုတ်တော့ အချိန်ကာလအားဖြင့် အကန့်အသတ်ရှိပြီး သူ့ဘာသာပျက်ပြယ်သွားတယ်။ စစ်ကောင်စီသုံးတဲ့ မိုင်းတွေကတော့ လက်လုပ်မိုင်းတွေ မဟုတ်ဘဲ စက်ရုံကထွက်တဲ့ မိုင်းတွေဖြစ်တယ်။ တော်တော် အန္တရာယ်ကြီးတယ်။ ဘယ်တော့မှလည်း မပျက်ဘူး"

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဟာ မိုင်းတွေကို စနစ်တကျ ထောင်တာမျိုး မရှိတော့ဘဲ သူတို့ရဲ့ တပ်စခန်းတွေအပြင် ဒေသခံတွေရဲ့ စိုက်ခင်းနဲ့ မလွတ်ကင်းရာဒေသတွေမှာ မြှုပ်နှံလာကြတယ်လို့ ဆိုပါတယ်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွေမှာ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူတွေ လေးဆယ်နီးပါးရှိခဲ့တယ်လို့လည်း ပဒိုစောတောနီးက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က အသုံးပြုတဲ့ မိုင်းအမျိုးအစား သုံးမျိုးထက်မနည်းရှိပြီး အဲဒီအထဲမှာ လူသတ်မိုင်းလို့ တင်စားကြတဲ့ ပေါက်ကွဲအားပြင်းထန်တဲ့ M14 နဲ့ M2 မိုင်းအမျိုးအစားတွေကို အများဆုံး အသုံးပြုလေ့ရှိကြတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

မိုင်းရှင်းလင်းရေးအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ

မြန်မာစစ်တပ်ဟာ အာဏာမသိမ်းခင်က တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ လှုပ်ရှားရာဒေသတွေမှာသာ မြေမြှုပ်မိုင်းကို အသုံးပြုခဲ့ပေမဲ့ နည်းပါးခဲ့တယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ သူတို့ရဲ့ ခုခံကာကွယ်ပိုင်ခွင့်ကို အကြောင်းပြပြီး နေရာအနှံ့မှာ ပေါက်ကွဲအားပြင်းထန်တဲ့ စစ်ဆင်ရေးမိုင်း အများအပြားကို စစ်ရေးလှုပ်ရှားတဲ့ ဒေသတွေမှာ အသုံးပြုလာခဲ့ကြတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ် တစ်ခုတည်းမှာ စစ်အာဏာသိမ်း လေးနှစ်နီးပါးအတွင်း စစ်ဆင်ရေးမိုင်းအလုံးရေ နှစ်ရာကျော်အထိ အသုံးပြုခဲ့သလို လူနေအိမ်တွေနဲ့ ဘုရားကျောင်းတွေအနီးမှာပါ မိုင်းထောင်တာတွေ လုပ်ခဲ့ကြတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောကြပါတယ်။

မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းတချို့အား တွေ့ရစဉ်။ (Josh Michael Photo)
မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းတချို့အား တွေ့ရစဉ်။ (Josh Michael Photo)

မိုင်းကိုရှင်းလင်းဖို့အတွက်ကတော့ အသုံးပြုခဲ့သူတွေမှာ တာဝန်ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ စီမံအရာရှိ ဆလိုင်းမာန်ဟရဲလျန်က ထောက်ပြပါတယ်။

"မြေမြှုပ်မိုင်းကို အသုံးပြုနေတဲ့ စစ်ကောင်စီမှာ တာဝန်ရှိတယ်။ ပြီးရင်တော့ ဘယ်နေရာတွေမှာ ချန်ခဲ့လဲ။ ဘယ်နေရာတွေမှာ မြှုပ်ထားလဲဆိုတာကို ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးဖို့လိုတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ပြည်သူလူထုကို ချပြဖို့လိုတယ်။ အဲဒီလိုချပြမှပဲ ကျွန်တော်တို့ရဲ့ လုံခြုံရေအတွက် ကောင်းမှာဖြစ်တယ်။ မြေမြှုပ်မိုင်း အသုံးပြုတဲ့ စစ်ကောင်စီပေါ့နော်။ သူတို့ရဲ့ မြေမြှုပ်မိုင်းထောင်ထားတဲ့ နေရာကို ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း တိတိကျကျနဲ့ ပြောပေးဖိုနဲ့ ချပြဖို့လိုတယ်"

စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် လူ ၃၆ ဦး သေဆုံးပြီး ၆၆ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။


ဆက်နွှယ်သောသတင်းများ

ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ မြန်မာနိုင်ငံက အများဆုံးဖြစ်လာ

မြန်မာမှာ မသန်စွမ်းသူ ခြောက်သန်းကျော် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရ

ဖခင်ဖြစ်သူ မြေမြှုပ်မိုင်းနင်းမိလို့ စိတ်ထိခိုက်နေတဲ့ မိသားစု


ချင်းပြည်နယ်အတွင်းမှာ တိုက်ပွဲအကြွင်းအကျန် စစ်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူတွေ များလာတာက စိုးရိမ်စရာအခြေအနေ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ် အသိပညာပေးမှုတွေ လိုအပ်နေဆဲ

မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းကြောင့် ထိခိုက်မှုကနေ လျှော့ချနိုင်ဖို့ လူထုအသိပညာပေးမှုတွေကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက ပြုလုပ်နေတဲ့ သတင်းတွေကိုတွေ့ရပေမဲ့ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်တာတွေ မတွေ့ရပါဘူး။

မိုင်းအန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါမှာ အခြေခံအဆင့်ကစပြီး ဖြေရှင်းတက်အောင် ဆောင်ရန်၊ ရှောင်ရန်တွေကို အသိပညာပေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးရဲ့ ပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။

"တော်လှန်ရေးကာလအတွင်းမှာရော တော်လှန်ရေးကာလ အလွန်မှာရော ကျွန်တော်တို့အနေနဲ့ ပြည်သူလူထုကို ပညာပေးတဲ့ လုပ်ငန်းတွေလည်း မြေမြှုပ်မိုင်းအန္တရာယ် ကင်းရှင်းဖို့အတွက် အသိပညာပေးတာရှိတယ်။ လက်ကမ်းစာစောင် ပေးတာရှိတယ်။ ဆွေးနွေးပွဲတွေ လုပ်ပေးတာရှိတယ်"

မိုင်းအန္တရာယ် အသိပညာပေးမှုတွေကို အညာနဲ့ မြေလတ်ဒေသတွေအပြင် အခြားနေရာတွေမှာပါ လုပ်ဆောင်နေပေမဲ့ ပြည်သူလူထုအားလုံးကို မလွှမ်းခြုံနိုင်သေးဘူးလို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

မြေမြှုပ်မိုင်း အသုံးပြုမှုရပ်တန့်ရေး အလှမ်းဝေးနေဆဲ

မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ လာအို၊ ဗီယက်နမ်၊ စင်္ကာပူတို့ဟာ မိုင်းအသုံးပြုမှု တားမြစ်မှုဆိုင်ရာ သဘောတူညီချက် (Mine Ban Treaty) မှာ ပါဝင်လက်မှတ်ရေးထိုးထားတာ မရှိပါဘူး။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ မြေမြှုပ်မိုင်းတွေကို စည်းလွတ်ဘောင်လွတ် ဆက်အသုံးပြုနေနိုင်တယ်လို့ မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက သုံးသပ်ပါတယ်။

"စစ်တပ်က ကျွန်တော်တို့ သိသလောက်ကတော့ ပြည်သူတွေကို သတ်ဖြတ်တဲ့နေရာမှာ စည်းလွတ်ဘောင်လွတ် သတ်ဖြတ်နေတာပဲလေ။ မြေမြှုပ်မိုင်းတင် မဟုတ်ဘူး၊ လေယာဉ်ပေါ်ကလည်း ဗုံးကြဲနေတာပဲလေ။ အမြှောက်တွေလည်း လူကြားထဲ ပစ်ထည့်နေတာပဲ။ သူတို့ဘက်က Anti Person Mine တွေ သုံးတယ်ဆိုတာက ဘယ်လိုမှ ထူးဆန်းတဲ့အရာ မဟုတ်ဘူး။ သူတို့ဘက်က အကုန်လုပ်နိုင်တယ်လို့ ကျွန်တော်တို့မြင်တယ်"

တစ်ချိန်က ကမ္ဘာကျော်တဲ့ စစ်ပွဲတွေဖြစ်ခဲ့တဲ့ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ စစ်ကျန်လက်နက် မိုင်းတွေကို နိုင်ငံတကာအကူအညီနဲ့ ရှာဖွေဖယ်ရှားနေပေမဲ့ မြန်မာနိုင်ငံမှာတော့ မိုင်းတွေပိုအသုံးပြုလာပြီး လူသေဆုံးမှုတွေလည်း မြင့်တက်နေတာပါ။

ချင်းပြည်နယ် မင်းတပ်မြို့မှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်က မိုင်းနင်းမိသည့် လူနာများအား ဆေးရုံသို့ပို့ဆောင်ရန် သယ်ဆောင်နေသည်ကို တွေ့ရစဉ်။ (မင်းတပ်မြို့ ပရဟိတအဖွဲ့ ဓာတ်ပုံ)
ချင်းပြည်နယ် မင်းတပ်မြို့မှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်က မိုင်းနင်းမိသည့် လူနာများအား ဆေးရုံသို့ပို့ဆောင်ရန် သယ်ဆောင်နေသည်ကို တွေ့ရစဉ်။ (မင်းတပ်မြို့ ပရဟိတအဖွဲ့ ဓာတ်ပုံ)

နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေး လှုပ်ရှားမှုအဖွဲ့ (ICBL) ရဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကမ္ဘာတစ်ဝန်းမှာ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူပေါင်း ခြောက်ထောင်ခန့် ( ၅၇၅၇ ဦး) ရှိခဲ့ပြီး အဲဒီအထဲက ၁၀၀၃ ဦးဟာ မြန်မာနိုင်ငံက ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာ၊ ရုရှားနဲ့ နိုင်ငံတချို့ဟာ မြေမြှုပ်မိုင်းတွေကို ဆက်လက်အသုံးပြုနေပြီး မြေမြှုပ်မိုင်း အသုံးပြုမှုကို တားမြစ်ထားတဲ့ နိုင်ငံတကာ သဘောတူညီချက်ကို လိုက်နာဖို့ အရေးပေါ် လိုအပ်နေတယ်လို့လည်း ICBL အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကိုလံဘီယာ၊ မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ပါလက်စတိုင်းတို့မှာလည်း အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းတွေကို ဆက်လက်အသုံးပြုနေကြတယ်လို့လည်း ဖော်ပြတယ်။

မြန်မာနိုင်ငံက မြေမြှုပ်မိုင်း အသုံးပြုမှုတွေနဲ့ ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က အကြိမ်ကြိမ်ဖုန်းခေါ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။