နမ့်ဆန် ဒေသခံနှစ်ဦး မိုင်းနင်းမိ

ကံသာ
2019.12.16
nantsan-mine-622.jpg နမ့်ဆန်မြို့နယ် ကြက်သေကျေးရွာက မိုင်းနင်းမိသူ မအေးငွေကို ၂ဝ၁၉ ဒီဇင်ဘာ ၁၅ ရက်နေ့က ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှာ တွေ့ရစဉ်
ဓာတ်ပုံ - တင်မောင်သိန်း

နမ့်ဆန်မြို့နယ် ကြက်သေရွာမှာ ဒီဇင်ဘာ ၁၄ ရက်နေ့က စစ်ဘေးရှောင်ပြီး နေရပ်ပြန်လာတဲ့ အမျိုးသမီးတစ်ဦး မိုင်းထိမှန်ခဲ့သလို ဇယန်းမန်မိုင်ကျေးရွာက အမျိုးသားတစ်ဦးလည်း မိုင်းထိမှန်ခဲ့ပါတယ်။ ဒီလ ၁၅ ရက်အတွင်း ကျောက်မဲနဲ့ နမ့်ဆန်မြို့နယ်အတွင်း မိုင်းကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့သလို ခုနှစ်ဦးထိခိုက် ဒဏ်ရာရခဲ့ပြီဖြစ်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကြက်သေကျေးရွာမှာ မနေ့က နေ့လယ်သုံးနာရီလောက်မှာ ကျေးရွာက အသက် လေးဆယ်အရွယ် ကလေးသုံးယောက် မိခင် မအေးငွေဆိုသူ မိုင်းနင်မိလို့ ခြေထောက်မှာ ထိခိုက်ဒဏ်ရာရခဲ့တာပါ။ မအေးငွေ မိုင်းနင်းမိတဲ့အကြောင်း ကြက်သေကျေးရွာသား တစ်ဦးက ပြောပါတယ်။

မိုင်းနင်းမိတဲ့ မအေးငွေဟာ ကျေးရွာသားတွေ အကူအညီနဲ့ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။

မည်သည့်အဖွဲအစည်းက ထောင်ထားသည့်မိုင်း ပေါက်ကွဲခြင်း ဖြစ်ကြောင်း မသိရပေ။

ကြက်သေရွာသားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်နေ့က တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ TNLA တို့ တိုက်ပွဲကြောင့် ကျောက်ဖြူလေးရွာကို နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြတာဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ နေရပ်ပြန်သွားကြတာပါ။

နေရပ်ကို ပြန်ရောက်တဲ့အခါ နေအိမ်တချို့က ဖောက်ထွင်းခံထားရပြီး ပစ္စည်းတွေ ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကျေးရွာနေအိမ်မှာရှိတဲ့ စောင်တွေ၊ ဆိုလာပြားတွေ၊ ဘတ္ထရီအိုးတွေ၊ ဆန်တွေ ပျောက်သွားသလို အဝတ်အစား သေတ္တာတွေလည်း မွှေနှောက်ခံထားရတယ်လို့ ပြောပါတယ်။

ဒါ့အပြင်အိုးခွက်ပန်းကန်တွေပါ ဖျက်ဆီးခံထားရတာကြောင့် စစ်ဘေးရှောင်ပြီး နေရပ်ပြန်လာတဲ့ ရွာသားတွေ အတွက် အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ တစ်ရက်တည်းမှာပဲ နမ့်ဆန်မြို့နယ် ဇယန်းမန်မိုင်ကျေးရွာက ကိုလှအောင်ဆိုသူဟာ ဟိုလတ်ကျေးရွာနဲ့ ဟိုနမ့်ကျေးရွာကြားက သူ့ရဲ့လက်ဖက်ခြံကိုသွားတဲ့အချိန် မိုင်းထိခဲ့ပါတယ်။ ကိုလှအောင် ရရှိတဲ့ဒဏ်ရာပြင်းထန်တယ်လို့ နမ့်ဆန်ဒေသခံ ဦးကြားသီက RFA ကို ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့မှာလည်း နမ့်ဆန်မြို့နယ် လွယ်ပျက်ကျေးရွာက အသက် ၄၃ နှစ်အရွယ် ဦးထွန်းတင်ဟာ လွယ်လန်းဘုရားဖူးပြီးပြန်လာချိန်မှာ မိုင်းနင်းမိတာကြောင့် သေဆုံးခဲ့သလို အဲဒီနေ့မှာပဲ ပန်နင်းကျေးရွာသား နှစ်ဦးဟာ မိုင်းနင်းမိလို့ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။ ဒီလ ၁၅ ရက်အတွင်းမှာပဲ နမ့်ဆန်မြို့နယ်မှာ မိုင်းကြောင့် သေဆုံးသူ နှစ်ဦးရှိခဲ့ပြီဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် သြဂုတ်လ နောက်ပိုင်း နမ့်ဆန်နဲ့ ကျောက်မဲမြို့နယ်တွေမှာ မိုင်းကြောင့် ထိခိုက်မှုပိုများလာပြီး မိုင်းထိတဲ့နေရာတွေဟာ ကျေးရွာသားတွေ သွားလာနေတဲ့လမ်းပိုင်းတွေနဲ့ တောင်ယာတွေမှာ အများဆုံး ဖြစ်နေတယ်လို့မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တအာင်း ကျောင်းသားနဲ့ လူငယ်အဖွဲ့ အထွေထွေအတွင်းရေးမှူး လွေးလာရိန်းက ပြောပါတယ်။

ရှမ်းပြည်နယ်မှာ ၂၀၁၉ သြဂုတ်ကနေ ဒီဇင်ဘာ ၁၄ ရက်နေ့အထိ မိုင်းကြောင့် ထိခိုက်မှုဖြစ်စဉ် ၂၉ ခုမှာ သေဆုံးသူ ခုနှစ်ဦး၊ ဒဏ်ရာရသူ ၂၂ ဦးရှိခဲ့တယ်လို့ ရှမ်းပြည်နယ်လူသားချင်းဆိုင်ရာ အကူအညီပေးရေးအဖွဲ့ စာရင်းတွေအရ သိရပါတယ်။

အဲဒီထဲမှာ တိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် ထိခိုက်မှု ၅၀ ရှိခဲ့ပြီး သေဆုံးသူ ၁၉ ဦးနဲ့ ဒဏ်ရာရသူ ၃၁ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်ပွားတဲ့ဒေသတွေဟာ ရှမ်းပြည်နယ် မြောက်ပိုင်းက ကျောက်မဲ၊ နမ့်ဆန်၊ ကွတ်ခိုင်နဲ့ မူဆယ်ဒေသတွေဖြစ် တယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အရပ်သားတွေ မိုင်းအများဆုံးထိတဲ့ ကျောက်မဲနဲ့ နမ့်ဆန်ဒေသတွေဟာ တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့တွေ မကြာခဏတိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေပါ။

ကွတ်ခိုင်နဲ့ မူဆယ်ဒေသတွေမှာတော့ တပ်မတော်နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့၊ ကိုးကန့်အဖွဲ့၊ ကချင်လွတ်မြောက်ရေးအဖွဲ့စတဲ့ လက်နက်ကိုင်အဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ ဒေသတွေလည်း ဖြစ်ပါတယ်။

ကာလကြာရှည် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခု ထဲက ကိုးခုမှာ မြေမြှုပ်မိုင်းတွေ အနှံ့အပြားရှိနေတာကြောင့် အဲဒီဒေသတွေရဲ့ လူမှုစီးပွား တိုးတက်ဖွံ့ဖြိုးရေး အကြီးအကျယ် ထိခိုက်နေရတယ်လို့ ဥရောပကော်မရှင်က ၂၀၁၈ ဧပြီလဆန်းပိုင်း ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (ဂျီနီဗာ) ရဲ့ အာရှ၊ ပစိဖိတ်၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါက်တာ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ်ကလည်း  မြန်မာနိုင်ငံမှာ
၁၉ နှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် လူပေါင်း ၄၀၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မနှစ်က ပြောခဲ့ဖူးပါတယ်။

မိုင်းဒဏ်သင့်သူ အများစုက တောခုတ်၊ တောတိုးနဲ့ အသက်မွေးဝမ်းကြောင်းပြုနေရတဲ့သူတွေဖြစ်ပြီး ဒုတိယအများဆုံးက တောင်ယာလုပ်ငန်းကို လုပ်ကိုင်တဲ့သူတွေဖြစ်တယ်လို့ သိရကြောင်း အဲဒီအဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။