စစ်အာဏာသိမ်းပြီးနောက် ပြည်သူတွေရဲ့ လူ့အခွင့်အရေး ဆိတ်သုဉ်း

2021.12.10
စစ်အာဏာသိမ်းပြီးနောက် ပြည်သူတွေရဲ့ လူ့အခွင့်အရေး ဆိတ်သုဉ်း ကချင်ပြည်နယ်မှာ ၂၀၂၁ ဒီဇင်ဘာ ၇ ရက်နေ့က CDM ဝန်ထမ်းတချို့ ဆန္ဒပြစဉ်
Photo: CJ

ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ထားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အရင်ကတည်းက အပြည့်အဝမရသေးတဲ့ လူ့အခွင့်အရေး အခြေအနေ တွေဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကစလို့ လုံးဝဆိတ်သုဉ်းသွားတယ်လို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးသမားတွေက ပြောပါတယ်။

အရင် စစ်အစိုးရအဆက်ဆက် လက်ထက်ကတည်းက အားနည်းချက်ရှိခဲ့တဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေဟာ လက်ရှိ စစ်ကောင်စီ လက်ထက်မှာတော့ လုံးဝပျက်သုဉ်းသွားပြီလို့ လူ့အခွင့်အရေး ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“၇၃ နှစ်ပြည့်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ လူ့အခွင့်အရေး အမျိုးအစားကို အပုဒ် ၃၀ ဖော်ပြထားပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေအရ အဲအပုဒ် ၃၀ စလုံး မချိုးဖောက် တာ မရှိပါဘူး။ အာဏာသိမ်းတာကအစ လူသတ်တာအဆုံး အပြစ်မရှိတဲ့ သူတွေကို ဖမ်းဆီးအရေးယူ တာတွေ၊ နေအိမ်တွေ ပျက်စီးတာတွေ အကုန်လုံး အကျုံးဝင်တယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေ က လူ့အခွင့်အရေးမှန်သမျှ ဆိတ်သုဉ်းနေတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ အရင်အစိုးရတွေက အားနည်းချက် တွေ မရှိဘူးလား။ ရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ အာဏာသိမ်းဖို့ ကြိုးစားကတည်းက အရင်က ရှိပြီးသား လူ့အခွင့်အရေးလည်း အားလုံးဆုံးရှုံးသွားပြီ"

လူ့အခွင့်အရေးဆိုတာ လူသားတစ်ယောက်ရဲ့ မွေးဖွားချိန်ကနေ သေဆုံးချိန်အထိ ရရှိခံစားရမယ့် မွေးရာပါ အခြေခံ အခွင့်အရေးဖြစ်ပါတယ်။

လူသားတစ်ယောက်ရဲ့ မွေးရာပါ အခွင့်အရေးမှာ လွတ်လပ်စွာ အသက်ရှင်နေထိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ဥပဒေအရ တန်းတူညီမျှခွင့်၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေ၊ မိမိ ကိုယ်ပိုင်ယဉ်ကျေးမှုတွေမှာ လွတ်လပ်စွာ ပါဝင်ခွင့်၊ အစားအစာရရှိခွင့်၊ အလုပ်ကိုင်နဲ့ ပညာသင်ကြားခွင့်တွေ ပါဝင်ပါတယ်။

အစိုးရအပါအဝင် တစ်စုံတစ်ယောက်ရဲ့ အကြမ်းဖက်မှုကို ကြောက်စရာမလိုဘဲ လုံခြုံစိတ်ချရတာ၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အခြေခံလူမှုဘဝတွေအတွက် တောင့်တစရာမလိုဘဲ ပြည့်ပြည့်စုံစုံ ရရှိနေတာ တွေက လူ့အခွင့် အရေးတွေဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ မန္တလေးတိုင်း၊ မိုးကုတ်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးစိုးဌေး ကို စစ်တပ်က ဖမ်းလို့ မမိတာကြောင့် ဇနီးဒေါ်ကြည်ကြည်ခိုင်နဲ့အတူ အသက် ၅ နှစ်အရွယ် သမီးအငယ်ဆုံး မစုထက်ဝိုင်း၊ သမီးကြီး မသိမ့်စန္ဒာစိုး၊ သား ကိုဥက္ကာစိုးတို့ ဖမ်းဆီးခံခဲ့ရပါတယ်။ အခုချိန်မှာ သမီးနှစ်ယောက်နဲ့ ဇနီးဖြစ်သူ ပြန်လွတ်လာပေမဲ့ သား ကိုဥက္ကာစိုးကတော့ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရပါတယ်။

ဖမ်းချင်တဲ့သူကို မမိလို့ မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးထောင်ချတာဟာ ကမ္ဘာမှာ မြန်မာ တစ်နိုင်ငံပဲ ရှိလိမ့်မယ်လို့ အခုချိန်ထိ ထွက်ပြေးတိမ်းရှောင် နေရဆဲဖြစ်တဲ့ နိုင်ငံရေးလှုပ်ရှားသူ ဦးစိုးဌေးက မှတ်ချက် ပေးပါတယ်။

“ဆိုင်ဆိုင် မဆိုင်ဆိုင် မိသားစုတင်မဟုတ်ဘဲနဲ့ အမျိုးတွေပါပေါ့နော်၊ တောက်လျှောက်နှိပ်ကွပ်တဲ့သဘော ပေါ့။ ဓားစာခံအဖြစ် ဖမ်းရုံနဲ့ မလုံလောက်ဘူး။ သူတို့ကို ဆန့်ကျင်တဲ့ သူတွေအပေါ်မှာ ရက်ရက်စက်စက် လုပ်ပြတယ်ဆိုတဲ့ ပုံစံမျိုုး ကျနော်ကတော့ ဒီလိုပဲမြင်တယ်။ ကျနော် လေ့လာမိသလောက် ဒီဘက်ခေတ်မှာ ဆိုရင် ဟွန်ဆန်တို့ ရုရှားသမ္မတ ပူတင်တို့ကစပြီးတော့ အဲလိုမျိုး ကိုယ်လိုချင်တဲ့သူမရလို့ လုပ်တာမျိုး မရှိဘူး။ မကြားဖူးဘူးပေါ့။ ဒါဟာ မင်းအောင်လှိုင်က နှလုံးသားမရှိတဲ့ လူ့တိရစ္ဆာန်ဖြစ်လို့ ကျူးလွန်တာ၊ ကျနော်တို့ တစ်နိုင်ငံမှာပဲရှိတယ်လို့ ပြောလို့ရတာပေါ့"

အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး စတဲ့ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ မဏ္ဍိုင်တွေကို စစ်တပ်က သိမ်းပိုက်သွားတာကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ မှန်ကန်မျှတတဲ့ တရားစီရင်ရေး မရှိတော့ဘူးလို့ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။

"ကျနော် ကမ္ဘာကြီးကိုလည်း တောင်းဆိုချင်တယ်။ ဒီလိုလက်ပိုက်ပြီး ကြည့်မနေပါနဲ့။ အခြေအနေက ပိုဆိုးလာနိုင်ပါတယ်"

စစ်အာဏာရှင်ကို ဆန့်ကျင်မှုပြင်းထန်တဲ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း စတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့မတ်လအတွင်း စစ်အုပ်ချုပ်ရေး ကြေညာခဲ့ ပါတယ်။ RFA က သီးခြားကောက်ယူထားတဲ့ စာရင်းတွေအရ အဲဒီမြို့နယ်တွေက စစ်အာဏာရှင် ဆန့်ကျင်ရေး မှာ ပါဝင်တဲ့ အရပ်သား ပြည်သူ ၈၅ ယောက်ကို စစ်ခုံရုံးကနေ တိုက်ရိုက်သေဒဏ် ချမှတ်ထားပါတယ်။

အဲဒီထဲမှာ ကိုယ်မကျူးလွန်တဲ့ ပြစ်မှုအတွက် ခုခံချေပခွင့် မရဘဲ မျက်ကွယ်သေဒဏ် ချမှတ်ခံလိုက်ရတဲ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်က ကိုပြည့်ဖြိုးကျော်နဲ့ ဒေါ်နီနီအောင်တို့ သားအမိနှစ်ဦးလည်း ပါဝင်ပါတယ်။

ဒီအမိန့်ကြောင့် အခုချိန်ထိ မိခင်နဲ့အတူ ဘေးလွတ်ရာမှာ ရှောင်တိမ်းနေရဆဲဖြစ်တဲ့ ကိုပြည့်ဖြိုးကျော်က စစ်အာဏာရှင်အောက်က လွတ်မြောက်မှ ကိုယ့်အိမ်ကိုယ်ရာ ပြန်လာရမယ့် အခြေအနေဖြစ်နေပြီလို့ RFA ကို ပြောပါတယ်။

"ဖြေရှင်းလို့ရရင် ဖြေရှင်းချင်တယ်ပေါ့။ CRPH တို့ ဘာတို့ကို တိုင်ဖို့ဆိုတာကလည်း ဘယ်ဆီရှိနေမှန်း မသိတာကို လှမ်းတိုင်ရတာဆိုတော့လည်း အဆင်မပြေဘူး။ အဲဒါကြောင့်လည်း မတိုင်ဖြစ်ဘူး။ စစ်အာဏာရှင် လက်အောက်က လွတ်တော့မှ ပြန်လို့ရမှာလေ။ မဟုတ်ရင် ဒီအတိုင်းဆို မလွယ်ကူဘူး"

မြန်မာနိုင်ငံမှာ ၂၀၂၀ နှစ်ဆန်းပိုင်းကစလို့ ကိုဗစ်ကူးစက်မှုဒဏ်ကို အကြိမ်ကြိမ်ခံခဲ့ရပေမယ့် ဆရာဝန်တွေဟာ လွတ်လွတ်လပ်လပ် ဆေးကုသခွင့် မရကြပါဘူး။ ရောဂါကူးစက်သေဆုံးမှု အပြင်းထန်ဆုံး ဇူလှိုင်နဲ့ ဩဂုတ် လတွေမှာ နိုင်ငံရေးလှုပ်ရှားသူတွေကို ကူညီတယ်ဆိုတဲ့ သံသယနဲ့ ဆေးကုသပေးနေတဲ့ CDM ဆရာဝန်တွေ ဖမ်းဆီးခံခဲ့ရပါတယ်။

police-arrested-civilian
(ရန်ကုန်မြို့မှာ မတ်လ ၁၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးစဉ် ) Photo: CJ

မန္တလေးဆေးဘက်ဆိုင်ရာ မိသားစုအဖွဲ့ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်း ၁၀ လကျော်အတွင်း မန္တလေး တိုင်းမှာ CDM နဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ ဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ အသတ်ခံရတာ ၂၉ ယောက်ရှိ သွားပါပြီ။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းတွေအရ စစ် အာဏာသိမ်း ၁၀ လကျော်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆရာဝန်၊ သူနာပြု အပါအဝင် ကျန်းမာရေး ဝန်ထမ်း ၇၉ ယောက် အဖမ်းခံထားရပါတယ်။

ဒါဟာ စစ်ကောင်စီက CDM မှာ ရှေ့ဆုံးကပါဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အငြိုးထားပြီး ဆေးကုသခွင့် ချိုးဖောက်တာဖြစ်တယ်လို့ မန္တလေးမြို့ CDM ဆရာဝန်တစ်ယောက်က ပြောပါတယ်။

“ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းဆိုရင် ပိုပြီးတော့ကို ဖိနှိပ်ချင်တဲ့ သဘောရှိတာပေါ့နော်။ ဒေါက်တာ ဇော်ဝေစိုးကိုပဲ အငြိုးထားပြီး လုပ်နေသလား မပြောတတ်ဘူး။ တစ်ခုရှိတာက စီဒီအမ် လုပ် တုန်းကလည်း ကျန်းမာရေးဝန်ထမ်းတွေ ရှေ့ဆုံးက တက်တက်ကြွကြွ ပါဝင်ခဲ့တာဆိုတော့လေ အဲအပေါ် မှာ အငြိုးထားတာ။ လူ့အခွင့်အရေးဆိုတာက မြန်မာပြည်မှာ လုံးဝကို ဆိတ်သုဉ်းသွားပြီပေါ့နော်။ လူ့အခွင့် အရေးအပြင် တရားဥပဒေစိုးမိုးရေး လုံးဝမရှိတော့ဘူး။ ဒီလို ရမ်းကားချင်တိုင်း ရမ်းကားနေတာကို ကျနော် ကမ္ဘာကြီးကိုလည်း တောင်းဆိုချင်တယ်။ ဒီလိုလက်ပိုက်ပြီး ကြည့်မနေပါနဲ့။ အခြေအနေက ပိုဆိုးလာနိုင် ပါတယ်။ ဒါတွေကို အချိန်မီ တားဆီးပေးကြပါလို့ ပြောချင်ပါတယ်"

RFA ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်လို့ အသတ် ခံရသူ စုစုပေါင်း ၁၂၆၃ ယောက်၊ အဲဒီထဲကမှ စစ်ကြောရေးမှာ နှိပ်စက်ညှဥ်းပန်းရင်း လက်လွန် သေဆုံးသူ ၈၇ ယောက် ရှိနေပါပြီ။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ စာရင်းအရ ဒီဇင်ဘာ ၈ ရက် အထိ စစ်အာဏာသိမ်း ၁၀ လကျော်အတွင်း အဖမ်းခံထားရသူ စုစုပေါင်းက ၇,၈၈၁ ယောက် ရှိပါတယ်။

အာဏာသိမ်း စစ်ကောင်စီ လက်ထက်မှာ လူ့အခွင့်အရေး လုံးဝဆိတ်သုဉ်း သွားတယ်ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက် တစ်စုံတစ်ရာ သိနိုင်ဖို့အတွက် စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ရဲနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှု၊ မီးရှို့သတ်ဖြတ်မှု၊ အပြစ်မဲ့အရပ်သားတွေရဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်း လုယူမှုစတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သက်သေအထောက် အထား ခိုင်လုံစွာ စာရင်း အတိအကျ ပြုစုထားပြီး နိုင်ငံတကာ တရားရုံးတွေမှာ တရားစွဲနိုင်ဖို့ ကြိုးပမ်း နေတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။