ကျောက်မဲ နွားကားပစ်ခတ်ခံရမှုမှာ တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ


2019.11.02
kyaukme-cow-car-attack-622.jpg ၂၀၁၉၊ နိုဝင်ဘာ ၂ ရက်နေ့က ကျောက်မဲမြို့နယ်မှာ ပစ်ခတ်ခံရတဲ့ နွားတွေ တင်ဆောင်လာတဲ့ ကားတစ်စီးကို တွေ့ရစဉ်
Photo: Htut Khaung

နွားတွေ တင်ဆောင်လာပြီး တရုတ်-မြန်မာနယ်စပ်ဘက်ကို ဦးတည်သွားနေတဲ့ ကားတစ်စီး ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ဒီမနက် ပစ်ခတ်ခံရတဲ့အတွက် ဒရိုင်ဘာ သေဆုံးပြီး၊ ကားပေါ်က နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မန္တလေးမြို့ကလာတဲ့ နွားတင်ကားဟာ ကျောက်မဲနဲ့ လားရှိုးမြို့အကြားက ချောင်းချောက်ရွာနားမှာ မနက် ၈ နာရီကျော်လောက်က တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းနဲ့ ဒဏ်ရာရရှိတဲ့ ယာဉ်အကူလုပ်သား နှစ်ဦးကို ကျောက်မဲပြည်သူ့ဆေးရုံ ပို့ဆောင်ပေးခဲ့တယ်လို့ အဖြူရောင်ကမ်းလက်များ လူငယ်ပရဟိတအဖွဲ့က ကိုဝင်းဇေယျာထွန်းက ပြောပါတယ်။

"သေဆုံးသွားသူနဲ့ ဒဏ်ရာရရှိသူ နှစ်ဦးက ကျောက်မဲဆေးရုံမှာပါပဲဗျ၊ သေဆုံးသူကို ရင်ခွဲရုံမှာ ထားထားပြီးတော့ ၊ ဒဏ်ရာရရှိသူတွေကို ခွဲစိတ်ဆောင်နဲ့ အရိုးဆောင်မှာ ထားထားပါတယ်။ အားလုံး သုံးယောက်ပါ"

ဒီနေ့ ပစ်ခတ်မှုဟာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ပစ်တယ်၊ ဘာကြောင့်ပစ်တယ်ဆိုတာ မသိရဘူးလို့ ကျောက်မဲမြို့ ဒေသခံ ဦးတင်မောင်သိန်း က ပြောပါတယ်။

"ပစ်တာ လက်နက်ကိုင် အဖွဲ့အစည်းတွေဆိုတာ သိနေကြပေမယ့်၊ မြင်တဲ့သူက ပြောရဲမှာ မဟုတ်သလို၊ မြင်ဖို့လည်း ခက်ပါလိမ့်မယ်"

အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပုဒ်မ ၃၀၂၊ ၃၀၇၊ ၄၂၉ ပေါ့ဆမှု၊ လူသတ်မှု ပုဒ်မတွေနဲ့ ရဲစခန်းက တရားလိုလုပ်ပြီး အမှုဖွင့်ထားကြောင်း ကျောက်မဲမြို့နယ် ရဲစခန်းက တာဝန်မှူးက RFA ကို ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားရာ ကျောက်မဲမြို့ဝန်းကျင်ဟာ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ RCSS/SSA နဲ့ တအာင်းပလောင်တပ်ဖွဲ့ TNLA အဖွဲ့တို့ လှုပ်ရှားတဲ့နေရာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) အဖွဲ့တွေလည်း ကျွဲနွား တရုတ်ပြည် တင်ပို့တဲ့ မန္တလေး- မူဆယ်လမ်းကြောင်းမှာ လှုပ်ရှားနေကြတာပါ။

ကျွဲ၊ နွား တင်ဆောင်လာတဲ့ကားတွေ ငွေကြေး ကောက်ခံတဲ့ လက်နက်ကိုင် အဖွဲ့တွေရှိကြောင်း၊ ငွေမပေးတဲ့ကား ပစ်ခတ်ခံရနိုင်ကြောင်း ဒေသခံတွေက ပြောကြပါတယ်။

မန္တလေးမြို့ကနေ တရုတ်ပြည်ကို ကျွဲနွားတင်ပို့နေတဲ့ ကုမ္ပဏီ တစ်ထောင်ကျော် ရှိကြောင်း၊ ကုမ္ပဏီတစ်ခုဟာ သုံးလ တစ်ကြိမ် ကျွဲနွား အကောင်ရေ တစ်ရာ တင်ပို့တယ်လို့ သိရပါတယ်။

တစ်ကြိမ်တင်ပို့ရင် လမ်းတစ်လျှောက် လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဆက်ကြေး သိန်း ၆ဝ နီးပါး ပေးရတယ်၊ ငွေအပေးအယူအတွက် လုပ်ပေးတဲ့ကြားကနေ ချိတ်ဆက်ပေးသူရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျွဲနွားတင်ပို့နေသူတစ်ဦးက ပြောပါတယ်။

ပေးရင်မပစ်ဘူး မပေးရင် ပစ်တယ် ဒါပဲသိရတယ်

"ပေးရင်မပစ်ဘူး မပေးရင် ပစ်တယ် ဒါပဲသိရတယ်။ ကျွန်တော်တို့လည်း ကိုယ်တိုင်မရှင်းဘူး အေးဂျင့်နဲ့ ရှင်းတယ် ။ တောဘက်ကို ၃၅ သိန်းရယ် ကွတ်ခိုင်ကို ၂၂ သိန်းရယ် ၅၇ သိန်း အားလုံးဆိုရင်တော့ တောဘက်ဆိုတာ တောက အဖွဲ့အစည်းပေါင်းစုံပေါ့"

ကြားခံဆက်သွယ်ပေးတဲ့သူကို ဝန်ဆောင်ခ ငါးသိန်းပေးရသေးတယ်လို့ ပြောပါတယ်။

ဒီမနက် ပစ်ခတ်မှုဟာ ငွေမရတဲ့အဖွဲ့ရဲ့ လက်ချက်ဖြစ်နိုင်တယ်၊ ဆက်ကြေး အချိန်မီမရောက်တာဟာ ကုမ္ပဏီနဲ့ သက်ဆိုင်နိုင်သလို ကြားခံဆောင်ရွက်ပေးသူ သို့မဟုတ် သေဆုံးသူ ကားသမားက ဆက်ကြေး မပေးဖြစ်ခဲ့တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ကုန်သည်တချို့က ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဒုဗိုလ်မှူးကြီး စိုင်းဦးကတော့ သူတို့အနေနဲ့ အရပ်သား ထိခိုက်အောင် မလုပ်ဘူးလို့ ပြောပါတယ်။

"ပစ်ခတ်တယ်ဆိုတာ မဟုတ်ရပါဘူး ကျွန်တော်တို့ဆီမှာ တပ်ကလည်း ဥပဒေတွေရှိပါတယ်၊ အရပ်သား ပြည်သူတွေကို ထိခိုက်နစ်နာစေတဲ့အလုပ်မျိုး မလုပ်ပါဘူး။ လမ်းမကြီးတွေပေါ်မှာ ကျွန်တော်တို့ နေတာ လှုပ်ရှားတာတော့ မရှိဘူး"

တအာင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို RFA က ဖုန်းနဲ့မေးမြန်းဖို့ ဒီနေ့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

၂၀၁၈ ခုနှစ်အတွင်း ကျွဲ၊ နွားတွေ တင်ဆောင်လာပြီး တရုတ်နိုင်ငံပို့မယ့်ကားတွေကို ကျောက်မဲမြို့နယ်ထဲ အရောက်မှာ ပစ်ခတ်မှု ၁၀ ကြိမ် ဝန်းကျင် ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီအမှုတွေမှာ  ရှစ်ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူကလည်း ၁၀ ဦး ဝန်းကျင်အထိ ရှိခဲ့ပါတယ်။

ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာကိုတော့ တိတိကျကျ ပြောဆိုနိုင်တာမရှိသလို ကျူးလွန်တဲ့ အဖွဲ့အစည်းတွေ ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နဲ့ တပ်မတော်တို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ကစပြီး ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်းမှာတော့ ကျွဲ၊ နွားတင်ကားတွေ ပစ်မှတ်ထားမခံခဲ့ရဘဲ ဒီနေ့မှာမှ ပစ်ခတ်တဲ့သတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။