ကချင်ပါတီတွေ ပေါင်းစည်းမှုနဲ့ ၂၀၂၀ ရွေးကောက်ပွဲအလားအလာ
2019.07.30

စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး၊ ပြည်နယ်အတွင်း ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ရေးနဲ့ ဒီမိုကရေစီ အပြည့်အဝရရှိရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့အတူ ဒေသခံတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ ဘာသာရေးအဖွဲ့တွေရဲ့ တောင်းဆိုချက်တွေကြောင့် ကချင်ပါတီတွေ ပေါင်းစည်းပြီး ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ဖြစ်လာတာလို့ ဆိုပါတယ်။
ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီနဲ့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ သုံးခု ပူးပေါင်းလိုက်တဲ့အတွက် ပါတီအင်အားများလာသလို ဒေသခံတွေရဲ့ ယုံကြည်မှုပိုတိုးလာပြီး ပါတီဝင်အသစ်တွေ ထပ်တိုးလာတာတွေ ရှတယ်လို့လည်း ဒေသခံတွေက ပြောနေကြပါတယ်။
ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးအင်လျန်ဆန်းအောင်က KSPP အာဏာရလာမယ်ဆိုရင် ပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ လက်ရှိထက်ပိုအဆင်ပြေချောမွေ့နိုင်မယ်လို့ မြင်မိကြောင်း ပြောပါတယ်။
“နဂိုကတော့ ဒေသခံပါတီတွေက ခိုင်ခိုင်မာမာ အားကောင်းကောင်းနဲ့ဟာ တစ်ခုမှ မရှိဘူးလေ။ ဒါက အားကောင်းတဲ့ ပါတီတစ်ခုဖြစ်လာမယ်လို့ မျှော်လင့်ရတာပေါ့။ နေရာကောင်းကောင်းရလာရင် ဒေသငြိမ်း ချမ်းရေးအတွက် အများကြီး အထောက်အကူဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ NLD ဆိုရင်လည်း ပြည်နယ် အစိုးရတွေ၊ လွှတ်တော်တွေမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဘာမှပြောခွင့်မရှိသလိုဖြစ်နေတယ်။ ဒေသခံပါတီနဲ့ ဆိုရင် ငြိမ်းချမ်းရေးအတွက် သူနည်းသူ့ဟန်နဲ့ အတိုင်းအတာတစ်ခုထိတော့ အားစိုက်လုပ်နိုင်မယ်လို့ ကျနော်မျှော် လင့်ပါတယ်လေ။”
ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ ကချင်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ က ကိုယ်စားလှယ်အများစုအနိုင်ရခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမတိုင်ချင် ကချင်တိုင်းရင်းသား ပါတီတွေ စုပေါင်းလိုက်နိုင်တဲ့အတွက် လာမယ့်ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်ရဲ့ ရွေးကောက်ပွဲရလဒ်ဟာ အပြောင်းအလဲတွေ ဖြစ်သွားနိုင်ပါသလား။
ကချင်ပြည်နယ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာ ပြောတာက
“ယုံကြည်ချက်အပြည့်ရှိပါတယ်။ ပြည်သူတွေက ပြောဆိုနေတဲ့ အသံတွေလည်း ကျနော်တို့ နားထောင်ကြည့်ပါတယ်။ ဒီတခေါက်တော့ ဒေသပါတီတွေအလှည့်ရောက်လာပြီ။ ပါတီ ကြီးတွေ အလှည့်ပေးခဲ့တဲ့ အချိန်ပေးခဲ့ပါပြီ။ ဒါပေမဲ့ ပြည်နယ် အကျိုးအတွက် ဒီလောက်လည်း သယ်ပိုးနိုင်တာ မတွေ့ရဘူး။ ဒါကြောင့် ကိုယ့်သားသမီးတွေဖြစ်တဲ့ ဒေသပါတီတွေကိုပဲ တာဝန်ပေးတာအကောင်းဆုံးဖြစ်မယ်လို့ ပြောတဲ့သူတွေလည်း ရှိတယ်။ လူထုကလည်း သူ့စကားတည်မှာပါ။”
ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ရဲ့ အဓိက ပြိုင်ဖက်ပါတီတွေက အင်အားကြီးပါတီတွေဖြစ်တဲ့ NLD နဲ့ USDP ဖြစ်တယ်ဆိုတာကို KSPP ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဒေသခံတွေက လက်ခံထားကြပါတယ်။
မြစ်ကြီးနားဒေသခံ ကချင်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ဦးဇော်ဂျတ်က ကချင်ပါတီတွေ ပေါင်းစည်းလိုက်တာကို ကြိုဆိုတယ်လို့ ပြောပါတယ်။
“သူတို့ကောင်းကောင်းလေး အတွေ့အကြုံရခဲ့တယ်လို့ ကျနော်မြင်တယ်။ ဒီလိုမျိုးဖြစ်သင့်တာ ကြာလှပါပြီ။ အဲဒီတော့ ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ကြိုဆိုပါတယ်။ NLD ကလည်း လူကိုမကြည့်နဲ့ ပါတီကိုပဲ ကြည့်ပါလို့ ပြောတဲ့စကားမှာ ကျနော်တို့ လူထုကလည်း Change ဖြစ်ရင်ပြီးရောဆိုပြီးမှ မျက်စိမှိတ်ပြီး သူတို့ကို မဲပေးလိုက်တယ်။ မဲပေးလိုက်တော့ နိုင်သွားတဲ့အခါကျတော့ ကျနော်တို့ ပြည်သူလူထုတွေ လိုလားတဲ့ အတိုင်းအတာ ရာခိုင်နှုန်းက အင်မတန်နည်းနေတယ်။ အခက်အခဲကြားထဲက တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ အစိုးရဖြစ်စေချင်တယ်။ တိုင်းရင်းသားဒေသမှာကော ပြည်မမှာကော NLD အနေနဲ့ ဒီတစ်ခေါက်တော့ နည်းနည်းတော့ ရုန်းရမယ့် အနေအထားရှိတယ်။”
အပြောင်းအလဲကောင်းကို ဖော်ဆောင်ဖို့ နိုင်ငံရေးပါတီတွေဘက်က အရည့်အချင်းပြည့်မှီတဲ့ ကိုယ်စား လှယ်လောင်းတွေကိုသာ စိစစ်ရွေးချယ်ပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်စေလိုကြောင်း ဒေသခံတွေက အကြံပြုကြပါတယ်။
တိုင်းရင်းသားပါတီတွေကတော့ ပြည်နယ်အစိုးရဖွဲ့နိုင်ရေးအတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မ ၂၆၁ (ခ)ကို ပြင်ဆင်နိုင်ဖို့ လိုလားနေကြပါတယ်။
ပုဒ်မ ၂၆၁ (ခ) အရ နိုင်ငံတော်သမ္မတကသာ ပြည်နယ်နဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကို တိုက်ရိုက် ခန့်အပ်ခွင့်ရှိတာဖြစ်ပြီး တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်အများစု အနိုင်ရပါတီကသာ ဝန်ကြီးချုပ်ကို ရွေးကောက်တင်မြှောက်နိုင်အောင် ဖွဲ့စည်းပုံကို ပြင်ဆင်လိုတာ ဖြစ်ပါတယ်။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲအပြီး ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေရဲ့ အလားအလာ ဘယ်လိုရှိနိုင်ပါသလဲ။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး PACE အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် က
“သေချာတာကတော့ တိုင်းရင်းသားပါတီတွေအနေနဲ့ တနိုင်ငံလုံး အဆင့် ပြည်ထောင်စုအဆင့် ပါတီကြီးတွေကို ယှဉ်ပြိုင်ဖို့အတွက် သူတို့ဘာသာ စုစည်းတဲ့ နည်းဗျူဟာကို သုံးလာကြတယ်။ ပြည် နယ်တွေမှာတော့ ယှဉ်ပြိုင်မှုတွေ ပိုကြီးမယ်။ ဥပမာ မွန်ပါတီတို့ ကချင်ပါတီတို့ဆို လက်ရှိအာဏာရ ပါတီတွေကို ယှဉ်ဖို့ကြိုးစား လာပါတယ်။”
လက်ရှိမှာတော့ ကချင်ပြည်နယ်လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ၅၃ ဦးရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်အများဆုံး အနိုင်ရထားပါတယ်။
NLD ကိုယ်စားလှယ် ၂၆ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၁၃ ဦး၊ ြ့ကံခိုင်ဖွံ့ဖြိုးရေးပါတီက ခုနှစ်ဦး၊ ကချင်ပြည် နယ်ဒီမိုကရေစီပါတီက သုံးဦး၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက နှစ်ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီတွေက တစ်ဦးစီ အနိုင်ရထားတာ ဖြစ်ပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာတော့ KSPP၊ NLD နဲ့ USDP ပါတီတို့ဟာ ကချင်ပြည်နယ်မှာ အများစု အနိုင်ရရှိရေးအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် အနေအထားဖြစ်နေတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။
(RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြသည်)