KNU နယ်မြေအတွင်း တိုက်ပွဲကြောင့် အရပ်သား ၅၀၀၀ ကျော် ထွက်ပြေးနေရ

RFA Burmese
2023.02.06
KNU နယ်မြေအတွင်း တိုက်ပွဲကြောင့် အရပ်သား ၅၀၀၀ ကျော် ထွက်ပြေးနေရ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ နေ့က တွေ့ရစဉ်။
KNU

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူပေါင်းတပ်တွေ အကြား တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ မုန်းမြို့က လူဦးရေ ၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုက ဖေဖော်ဝါရီ ၅ ရက် မနေ့က ထုတ်ပြန်ပါတယ်။

မုန်းမြို့က မြင်သာယာ၊ ဝဲကြီး၊ ညောင်ပင်ဆိပ် ကျေးရွာတွေက ဒေသခံ ၂၄၀၀ ကျော်၊ လပတ်နဲ့ မရမ်းစိမ်လေး ကျေးရွာက ဒေသခံ ၁၉၀၀ ကျော်နဲ့ ဗမာမျက်ရဲ ကျေးရွာက ဒေသခံ ၁၀၀၀ ကျော်၊ စုစုပေါင်း ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေကြရသလို လက်နက်ကြီးကြောင့် ပြည်သူ ငါးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ထွက်ပြေး နေရသူတွေက ပြောပါတယ်။

“လက်နက်ကြီးထုတာတော့ လက်တွေ့ပဲကြုံတွေ့ရတယ်။ လက်နက်ငယ်တွေလည်းပစ်။ အဲမှာ ကလေးငယ်တွေကလည်း ပြေး။ ရွာထဲ မသိဘဲနဲ့ ထုချတဲ့အချိန်မှာပြေးရတာပေါ့"

ခမရ-၃၅၁ နဲ့ ခလရ - ၆၀ က အင်အား ၆၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ဖေဖော်ဝါရီ ၄ ရက်နေ့ မနက် ၅ နာရီက ဝဲကြီးကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ကျေးရွာတွေထဲကို ဝင်ရောက် လာတာကြောင့် မြင်သာယာ၊ ဝဲကြီးနဲ့ ညောင်ပင်ဆိပ် ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုန်းမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီစစ်တောင်းမြစ်တစ်ဖက်ကမ်းဘေးက ဝဲကြီးရွာနဲ့ အဲဒီနားရွာ ပတ်ဝန်းကျင်မှာ ဖြစ်ကြတာ။ အဲဒီမှာ ဟိုဘက် ဒီဘက်ဖြစ်ကြတော့ ဇီးခုံက အရပ်သားတွေထိကုန်တယ်။ ရမ်းပစ်တာနဲ့တူပါတယ်။ ဘယ်က ပစ်တုန်းတော့ ကျနော်တို့လည်းမသိဘူး။ လက်နက် ကြီးကျည်ထိတယ်လို့ ပြောတယ်။ ဆေးရုံတင်သွားတယ်တဲ့။ ဟိုဟာကတော့ ကြောက် ပြီး ပြေးကုန်တာပေါ့ဗျာ။ တော်တော် များများ ပြေးရတာပေါ့။ ရှောင်တာတော့ ရှောင်ကြ တယ်။ တော်တော်များပါတယ်”

ဒေသခံတွေအများစုက ဖြူးမြို့နယ်နဲ့ ကညွတ်ကွင်းမြို့နယ်တွေကို ထွက်ပြေးခိုလှုံနေကြ ရတယ်လို့ သူက ပြောပါတယ်။

အလားတူ ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း လပတ်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် မရမ်းစိမ်လေးကျေးရွာကို လက်နက်ကြီးကျရောက်ပြီး အသက် ငါးနှစ် အရွယ် နော်ဖော၊ အသက် ၁၃ နှစ်အရွယ် နော်မူမူ ညီအစ်မနှစ်ဦးနဲ့ အသက် ၆၅ နှစ်အရွယ် နော်လယ်ဝါးတို့ သုံးဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီဖြစ်စဉ်တွေကြောင့် လပတ် ကျေးရွာနဲ့ မရမ်းစိမ်လေးကျေးရွာ က ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရတာလို့ လပတ်ကျေးရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လက်နက်ကြီးထုတာတော့ လက်တွေ့ပဲကြုံတွေ့ရတယ်။ လက်နက်ငယ်တွေလည်းပစ်။ အဲမှာ ကလေးငယ်တွေ ကလည်း ပြေး။ ရွာထဲမသိဘဲနဲ့ ထုချတဲ့အချိန်မှာပြေးရတာပေါ့။ အဲလိုပြေးပြီးတော့ နောက်တော့ ရွာမှာ ပြန်မနေရဲဘူးလေ။ အပြင်မှာနေတော့လည်း သူတို့က ရွာထဲကို ခဏခဏ ထုချတယ်ပေါ့။ ရွာထဲ အဲလိုပဲ မဝင်ဘူး။ ဒါပေမဲ့ ညောင်ကုန်း မှာတော့ တပ်စွဲပြီးနေတယ်။ ဒီဘက် ရွာထဲကိုကျတော့ ရမ်းသန်းပစ် ခတ်တာပေါ့”

ဇန်နဝါရီလ ၃၁ ရက်နေ့က ကျွန်းကုန်း၊ နောင်ကုန်းနဲ့ ရန်မျိုးအောင်ကျေးရွာတွေက တဲအိမ်ရှစ်လုံးနဲ့ နေအိမ် သုံးလုံး လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO)၊ တပ်မဟာ (၃) လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ ဖေဖော်ဝါရီ ၄ ရက်နေ့ ည ၆ နာရီခွဲ ကနေ ၇ နာရီကျော်အထိ စစ်ကောင်စီတပ်က အခြေပြုထားတဲ့ ဝဲကြီးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။

kyaukky-2.jpg
စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ နေ့က တွေ့ရစဉ်။ (Photo: KNU)

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့တပ်က ပစ်ခတ်တဲ့လက်နက်ကြီးဟာ စစ်တောင်းမြစ် အနောက်ဘက်ကမ်းက ဇီးခုံကျေးရွာကို ကျရောက်ပေါက်ကွဲပြီး အသက် ၄၀ အရွယ် ဒေါ်ဇင်မာဝင်းနဲ့ အသက် ၁၅ နှစ်အရွယ် မရတနာဦးတို့ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာ ကြောင့် နီးစပ်ရာ ဆေးခန်းတွေမှာ ဆေးကုသခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ မြို့နဲ့လည်း အလှမ်းဝေးတာကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေးအတွက် အခက်အခဲရှိတယ်လို့ မုန်းမြို့က ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦးက ပြောပါတယ်။

“အခုလက်ရှိ ရှောင်နေရတဲ့နေရာကနေ တကယ့် တကယ်အရေးကြီးတဲ့ကိစ္စမျိုး ဆေးကု ချင်တယ်ဆို ကျောက် ကြီး မြို့ ပေါ် တက်ရတာပေါ့နော်။ ကျောက်ကြီးမြို့ပေါ်တက်တဲ့ အခါ လမ်းခရီးမှာ အစစ်အဆေး ဖြစ်လာတဲ့အခါ တောလမ်းကဖြတ်လာလို့ရှိရင် စစ်ကောင်စီက စစ်ဆေးပြီးတော့ တွေ့တဲ့သူကို PDF လို့ စွပ်စွဲပြီး ဖမ်းတာမျိုးတွေ လုပ်လာတာမျိုးရှိတဲ့အခါကျတော့ မြို့နဲ့လည်း အလှမ်းအကမ်းတွေဝေးပြီး ကျန်းမာရေး အခက်အခဲလေးတွေ ရှိတယ်”

ဒေသခံလူမှုကူညီရေးအဖွဲ့တွေကတော့ ကျန်းမာရေးစောင့်ရှောက်မှုတချို့ လာပေးတာ ရှိပေမယ့် ဆေးဝါးလိုအပ်ချက်တွေ ရှိနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းမှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ မူတြော်ခရိုင် သတင်းစဉ်က ဖေဖော်ဝါရီ ၅ ရက် မနေ့က ထုတ်ပြန်ပါတယ်။

kyaukkyi-3.jpg
စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ နေ့က တွေ့ရစဉ်။ (Photo: KNU)

စစ်ကောင်စီတပ် လေကြောင်းတိုက်မှုကြောင့် ဆေးရုံ၊ ဆေးခန်း လေးခန်းနဲ့ ဘာသာရေး အဆောက်အအုံ လေးလုံး အပါအဝင် လူနေအိမ်အဆောက်အအုံ ၅၂ လုံးလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန် ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်တွေက တော်လှန်ရေးသမားတွေတင်မကဘဲ အရပ်သားပြည်သူတွေကိုပါ ရန်သူသဖွယ်ပစ်မှတ် ထားတာတွေကြောင့် အရပ်သားတွေ ထိခိုက်ရတာလို့ ဖာပွန်ခရိုင်၊ တပ်မဟာ ၅ ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပဒိုမန်းမန်း က ပြောပါတယ်။

“အများပြည်သူနဲ့သက်ဆိုင်တဲ့ အထူးသဖြင့် ဘုရားကျောင်းတို့ ဘာတို့ကအစ ဗုံးကြဲတိုက်ခိုက်နေတာ တွေ့ရတယ် လို့ပဲ ကျနော်တို့ပြောလို့ရမှာဖြစ်တယ်။ လေကြောင်းတိုက်ခိုက်မှုဆိုတာ တစ်ဖတ်သတ်ပေါ့။ ဒီရွာတွေကိုပဲ၊ ပြည်သူတွေကို အဓိက ပစ်မှတ်ထားလာတာတွေ့မြင်ရတယ်ပေါ့။ ကျနော်တို့ ဒီတော်လှန်ရေး သမားတင်မကဘဲနဲ့ အဲဒီမှာရှိတဲ့ ပြည်သူလူထုအပေါ် သူတို့ရဲ့ ရန်သူလိုသဘောထားပြီး ပစ်မှတ်ထား တာကို အရင်ပုံစံအတိုင်းပဲ လုပ်နေတယ်လို့ပြောရမှာ ဖြစ်ပါတယ်”

စစ်ကောင်စီကတော့ သူတို့အနေနဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတာမရှိသလို အရပ်သားတွေအပေါ် ထိခိုက်အောင်လုပ်စရာအကြောင်းမရှိဘူးလို့ စစ်ကောင်စီက ယခင်က တုံ့ပြန်ပြောဆိုထားပါတယ်။

မုန်းမြို့က ဖြစ်စဉ်တွေအပြင် ဖာပွန်ခရိုင်အတွင်းက အရပ်သားတွေထိခိုက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေထဲမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၃၅ ကြိမ်ရှိခဲ့ပြီး အရပ်သားပြည်သူ ၄၄ ဦးသေဆုံးခဲ့သလို ထိခိုက် ဒဏ်ရာရသူ ၉၉ ဦး ရှိခဲ့တယ်လို့ မူတြော်ခရိုင်ရဲ့ နှစ်ချုပ်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း KNU တပ်မဟာ ၅ နယ်မြေမှာ တိုက်ပွဲပေါင်း ၂၇၃၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။