KLFB အွန်လိုင်း လောင်းကစားနဲ့ လူအတော်များများ ငွေလိမ်ခံရ
2023.12.01
KLFB ဆိုတဲ့ကုမ္ပဏီက သူတို့ရဲ့ အွန်လိုင်းကနေ ဘောလုံး လောင်းကစားတဲ့ ရင်းနှီးမြှုပ်နှံမှာ ငွေထည့်ထားရင် အရှုံးမရှိဘဲ အမြတ်ရမယ်ဆိုပြီး မြှူဆွယ်သိမ်းသွင်းမှုကြောင့် ကျေးလက်နေ ပြည်သူ အတော်များများ အလိမ်ခံထားရတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
KLFB - Kaidali Investment Management လို့ အမည်ပေးထားတဲ့ ဒီကုမ္ပဏီကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မှတ်ပုံတင်ထားတယ်ဆိုတဲ့ ဓာတ်ပုံနဲ့ မြန်မာလို ဖေ့စ်ဘွတ် စာမျက်နှာတစ်ခု ဖွင့်ထားတာလည်း တွေ့ရပါတယ်။ ဒီအဖွဲ့ဟာ ဝဘ်ဆိုက်၊ မိုဘိုင်း အက်ပလီကေးရှင်းနဲ့ တယ်လီဂရမ် ချန်နယ်တွေသုံးပြီး လူတွေကို ငွေကြေး ရင်းနှီးမြှုပ်နှံခိုင်းနေတာပါ။
အဲဒီ လိမ်လည်မှုတွေ ပြီးခဲ့တဲ့ အောက်တိုဘာလလောက်မှာ စတင်လာတာလို့ ငွေ ၁၃ သိန်းကျော် အလိမ်ခံထားရတဲ့ အမည်မဖော်လိုသူ တစ်ယောက်က RFA ကိုပြောပါတယ်။
“အရင်တုန်းက ကျွန်တော်တို့ ငွေထုတ်ရင် ၂၄ နာရီအတွင်း ကျွန်တော်တို့ရဲ့ KBZ Pay ထဲကို ရောက်တယ်ဗျ။ အဲဒီအတွက်လည်း ကျွန်တော်တို့က ယုံကြည်တာပေါ့ဗျာ။ တဖြည်းဖြည်းနဲ့ ဘာဖြစ်လာလဲဆိုတော့ ၄၈ နာရီအတွင်း ကြာမယ်ဆိုပြီး စဖြစ်လာတယ်။ ငွေထုတ်တာကို တဖြည်းဖြည်း (အချိန်) ဆွဲလာတာပေါ့။ နောက်ဆုံး ဒီလ ၁၃ ရက်နေ့ကစပြီးတော့ ငွေထုတ်တဲ့ဟာတွေကို ၄၈ နာရီကနေ ၇၂ နာရီလို့ သူက ကြေညာတယ်ဗျ။ အဲဒီမှာ ၇၂ နာရီ ကြေညာပြီးနောက်ပိုင်း တချို့တလေ ရကြတယ်လို့ အသံကြားတယ်။ ဒါပေမဲ့ တော်တော်များများကတော့ အခုအချိန်အထိ မရကြတော့ဘူးပေါ့”
KLFB ဆိုတာကို လေ့လာကြည့်တဲ့အခါ ဒီနှစ် မတ်လဝန်းကျင်မှာ စပေါ်လာတာ တွေ့ရပါတယ်။
“တစ်ယောက်နဲ့တစ်ယောက် အဖွဲ့ဝင်ဖြစ်လာအောင် လုပ်ရင်း မိသားစုလိုက် ငွေလိမ်ခံခဲ့ရတယ်”
ရင်းနှီးမြှုပ်နှံချင်တဲ့သူက သူတို့ တည်ဆောက်ထားတဲ့ Website ဒါမှမဟုတ် KLFB VIP ဆိုတဲ့ အက်ပလီကေးရှင်းမှာ စာရင်းဖွင့်ရပါတယ်။ အဲဒီလို ဖွင့်ပြီးတဲ့အခါ သူတို့ ပေးထားတဲ့ KBZ Pay ဒါမှမဟုတ် KBZ ဘဏ်အကောင့်တွေကို အနည်းဆုံး ငွေတစ်သောင်းကနေ စပြီးသွင်းရပါတယ်။
အဲဒီနောက် တယ်လီဂရမ်ချန်နယ်မှာ “KLFB တာဝန်ခံ”လို့ဆိုတဲ့ နိုင်ငံခြားသားပုံ သုံးထားတဲ့ အကောင့်တွေကို ဆက်သွယ်ရတယ်လို့ ဇူလိုင်လမှာ ဝင်ပါခဲ့ဖူးသူ တစ်ယောက်က ပြောပါတယ်။
နိုင်ငံခြားသားတွေရဲ့ ဓာတ်ပုံတွေ သုံးထားတဲ့ တာဝန်ခံ ဆိုတဲ့သူရဲ့ အကောင့်တစ်ခုစီနဲ့ သူ့လက်အောက်မှာ မြန်မာအကောင့် သုံးခုစီ ပါဝင်တဲ့ ချန်နယ်တွေ အဖွဲ့ဝင် တစ်သောင်းဝန်းကျင်စီရှိပြီး လောင်းရမယ့် ဘောလုံးပွဲစဉ် ရလဒ်တွေကို ကြေညာပေးတာပါ။
မြန်မာ အပါအဝင် နိုင်ငံတကာ ပွဲစဉ်၊ ဥရောပ “လိဂ်”ပွဲစဉ်တွေ အားလုံးကို တစ်နေ့သုံးကြိမ်အထိ သူတို့ သတ်မှတ်တဲ့ ပွဲရလဒ်ကိုပဲ လောင်းခိုင်းပါတယ်။
အဲဒီရလဒ်လောင်းလို့ အနိုင်ရရင် ပထမပွဲကို ၁ ဒသမ ၅ ရာခိုင်နှုန်း၊ ဒုတိယနဲ့ တတိယပွဲကို ၁ ဒသမ ၁၅ ရာခိုင်နှုန်း ပေးပါတယ်။ ရှုံးရင်လည်း ငွေအရင်း ပြန်ပေးမယ်လို့ ပြောထားတဲ့အကြောင်း အလိမ်ခံခဲ့ရသူက ပြောပါတယ်။
အဖွဲ့ရဲ့ တာဝန်ခံက “KLFB Geoff”ဆိုတဲ့ တယ်လီဂရမ် အကောင့်နာမည် အသုံးပြုပြီး အမေရိကန် ရုပ်ရှင်မင်းသားပုံနဲ့ နိုင်ငံခြားသားအဖြစ် ပြောထားတာလို့ သူက ပြောပါတယ်။ “Zin Lay” နဲ့ “Phyu Sin” ဆိုတဲ့ နာမည်တွေနဲ့ ဖွင့်ထားတဲ့အကောင့်တွေ အပါအဝင် မြန်မာအကောင့် သုံးခုကလည်း သူ့လက်အောက်မှာ လုပ်တယ်လို့ အဲဒီပုဂ္ဂိုလ်က ပြောပါတယ်။
KLFB ကိုသုံးဖို့ လူသစ် ဖိတ်ခေါ်ပေးရင် ဖိတ်ခေါ်ခအဖြစ် ခြောက်ထောင်ကျပ်က စလို့ ခြောက်သိန်းအထိ ပေးသလို တခြားဆုငွေတွေ ပေးတာလည်း ရှိတယ်လို့ အလိမ်ခံခဲ့ရတဲ့ အမည်မဖော်လိုသူ တစ်ယောက်က ပြောပါတယ်။
တစ်ယောက်နဲ့တစ်ယောက် အဖွဲ့ဝင်ဖြစ်လာအောင် လုပ်ရင်း မိသားစုလိုက် ငွေလိမ်ခံခဲ့ရတယ်လို့ ငွေကိုးသိန်း အလိမ်ခံခဲ့ရသူ တစ်ယောက်က RFA ကို ပြောပြပါတယ်။
“ကျွန်တော့် မိသားစုထဲမှာဆိုရင် ကျွန်တော်ရယ်၊ ကျွန်တော့် အမျိုးသမီးရယ် ဆိုရင် ကိုးသိန်းလောက် ပါသွားတယ်။ ကျွန်တော့်အသိ တစ်ယောက်က ခုနစ်သိန်းလောက် ပါသွားတယ်။ ကျွန်တော့်အစ်မနဲ့ ကျွန်တော့်တူဆိုရင် ငါးသိန်းကျော်လောက် ပါသွားတယ်။ သူတို့ကတော့ အခု ငါးရာခိုင်နှုန်းထည့် မထည့်တဲ့အကောင့်တွေ ပိတ်ပစ်မယ်ဆိုတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူတို့လုပ်ချင်တိုင်းကို လုပ်နေတာလေ။ ထည့်လို့ရှိရင်လည်း ဆုံးမယ်ဆိုတာလည်း သိနေတော့ ထည့်လည်း ဆုံးမှာပဲလို့ ကျွန်တော်ကတော့ ထင်တယ်”
ငွေလိမ်ခံရသူတွေထဲမှာ ငွေကျပ် သောင်းဂဏန်းကနေ သိန်းနှစ်ရာ ဝန်းကျင်အထိ ဆုံးရှုံးသူတွေ ရှိနိုင်ပြီး လက်ရှိ တိုင်းပြည်ရဲ့ အခြေအနေအရ အမှုဖွင့်၊ တရားစွဲဖို့ မဖြစ်နိုင်သေးဘူးလို့ သူက ပြောပါတယ်။
သူနာပြု ဆရာမတစ်ဦးကလည်း လူနာရှင်တွေကို ကူညီတဲ့အနေနဲ့ ငွေထည့်ထားတဲ့ သိန်း ငါးဆယ်ကျော် အလိမ်ခံလိုက်ရပြီလို့ RFA ကို ပြောပါတယ်။ အလိမ်ခံရတဲ့သူတွေဟာ KLFB က တာဝန်ရှိသူတွေကို၊ စကားနဲ့ရော ရုပ်သံနဲ့ရော တိုက်ရိုက် မပြောဖူးကြသလို၊ KLFB ရဲ့ ရုံးခန်း ရှိ/မရှိကိုလည်း မသိကြဘူးလို့ သူက ပြောပါတယ်။
RFA က ရရှိထားတဲ့ KLFB အဖွဲ့ဝင်တွေ အချင်းချင်း မျှဝေတဲ့ ဗီဒီယိုဖိုင် တစ်ခုမှာတော့ အခန်းတစ်ခန်းထဲမှာ အနက်ရောင် ခေါင်းစွပ်အင်္ကျီ ဝတ်ထားသူတွေက ကွန်ပျူတာ မော်နီတာတွေနဲ့ ထိန်းချုပ်နေကြပြီး တရုတ်သီချင်း ဖွင့်ထားတာကိုလည်း ကြားနေရပါတယ်။ အဲဒီဗီဒီယို ပေးပို့သူဟာ Jack Wilson နာမည်နဲ့ ဖေ့စ်ဘွတ်အကောင့်က ဖြစ်တယ်လို့ ဆိုပါတယ်။
သူ့ဖေ့စ်ဘွတ်ကို စစ်ဆေးကြည့်တဲ့အခါ မကြာသေးခင်က ဖြစ်ခဲ့တဲ့ ပဲခူးရေဘေး ကယ်ဆယ်ရေး အပါအဝင် KLFB တံဆိပ်နဲ့ လှူဒါန်းတာတွေကို ဖော်ပြထားပါတယ်။
ကချင်ပြည်နယ်ဘက်က KLFB အဖွဲ့တစ်ဖွဲ့ရဲ့ တာဝန်ခံ၊ “Angelo” နာမည်နဲ့ အကောင့်မှာတော့ ဗြိတိန်နိုင်ငံက ကုမ္ပဏီရဲ့ ဖုန်းနံပါတ် သုံးထားတာ တွေ့ရပါတယ်။
ဒါကြောင့် KLFB နာမည်နဲ့ ကုမ္ပဏီကို လေ့လာကြည့်တဲ့အခါ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ အဲဒီနာမည်နဲ့ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတစ်ခုကို တွေ့ရပါတယ်။ ကုမ္ပဏီ ဒါရိုက်တာဟာ အသက် ၂၆ နှစ်အရွယ် တရုတ်လူမျိုး Ms Chunxue Pei (မစ္စ ချွန်းရှုပိုင်) ဆိုပြီး ဖော်ပြထားပါတယ်။ နေရပ်လိပ်စာကို တရုတ်နိုင်ငံ အလယ်ပိုင်း တန်ရှန်းမြို့ (TANGSHAN) ဒုလင်ရွာ (DULIN) ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီတရုတ်အမျိုးသမီးရဲ့ နာမည်နဲ့ပဲ KLFB အပြင် LMI Football International Investment Co.,Ltd ဆိုပြီး မှတ်ပုံတင်ထားတာလည်း တွေ့ရပါတယ်။
ဒါကြောင့် မြန်မာပြည်မှာ ငွေလိမ်နေတဲ့ KLFB နဲ့ လန်ဒန် မှတ်ပုံတင် KLFB တို့ ဆက်စပ်မှု ရှိ မရှိ ဆိုတာ သိနိုင်ဖို့ ဗြိတိန်အစိုးရ ကုမ္ပဏီ မှတ်ပုံတင်ဌာနကို RFA က အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းတဲ့အခါ ကုမ္ပဏီတစ်ခုချင်းနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ မှတ်ချက်ပေးလေ့ မရှိဘူးဆိုပြီး စာပြန်ပါတယ်။
KLFB ဟာ သူ စည်းရုံးသိမ်းသွင်းထားသူတွေ ငွေသွင်းနိုင်ဖို့ “ဦးဝေမင်းထွန်း”၊ “လှသိင်္ဂီဝင်း”၊ “ဒေါ်ခင်အေးချမ်း”၊ “ဖုန်းမြင့်ကျော်”၊ “မေသူဇော်”၊ “ဇင်မာဝင်း” အစရှိတဲ့ နာမည်တွေနဲ့ ဖွင့်ထားတဲ့ ကမ္ဘောဇဘဏ် အကောင့်ပေါင်း အနည်းဆုံး သုံးဆယ်ကျော်ဖွင့်ပြီး အသုံးပြုနေတာလို့ အလိမ်ခံရသူတွေက ပြောပါတယ်။
အလိမ်ခံရသူတွေအနေနဲ့ ဒီအကောင့်တွေရဲ့ ပိုင်ရှင်တွေကို ဖော်ထုတ်ဖို့ ကမ္ဘောဇဘဏ်ကို ဖိအားပေးသင့်တယ်လို့ အွန်လိုင်း လိမ်လည်မှုတွေကို ဖော်ထုတ်နေတဲ့ အမျိုးသမီး တစ်ယောက်က ပြောပါတယ်။
“ကမ္ဘောဇဘဏ်ကို အရင်ဆုံး ဖိအားပေးတာက ပိုမြန်မယ်။ ဘဏ်အကောင့်ပိုင်ရှင်တွေ ဘယ်သူလဲဆိုတာ ကမ္ဘောဇဘဏ်ကို ဖော်ထုတ်ခိုင်းဖို့ လိုတယ်။ ဖော်ထုတ်နိုင်ပြီဆိုလို့ရှိရင် ဖမ်းဖို့ လမ်းကြောင်းတစ်ခုကို ရောက်သွားပြီပေါ့နော်။ အကယ်၍ စစ်ကောင်စီက မဖမ်းဆီးပေးနိုင်ဘူး ဆိုရင်တောင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက အလိမ်တွေကို ဖမ်းဆီးပေးနေတယ်။ ဒီအခွင့်အရေးကို အသုံးချပြီးတဲ့အခါမှာ တရားမျှတမှုကို ပြန်ယူရမယ်။ ကိုယ့်ပိုက်ဆံကိုယ် ပြန်ယူဖို့ လုပ်ရမယ်”
ကမ္ဘောဇ ဘဏ်အကောင့်တွေသုံးပြီး ငွေလိမ်နေတယ်လို့ ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး RFA က ကမ္ဘောဇဘဏ်ကို မေးမြန်းတဲ့အခါမှာတော့ ငွေကြေးမသမာမှုနဲ့ ပတ်သက်လို့ အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ ကမ္ဘောဇဘဏ်၊ Call center ဒါမှဟုတ် သူတို့ ကြေညာထားတဲ့ အီးမေးလ်တွေကို (query@kbzpay.com နဲ့ customer_service@kbzbank.com) တိုင်ကြားနိုင်တယ်လို့ RFA ကို ပြောပါတယ်။
ငွေလိမ်တာတွေကို ကာကွယ်နိုင်ဖို့ ကမ္ဘောဇအနေနဲ့ ဆက်ပြီး အသိပညာ ပေးသွားမှာဖြစ်သလို လောင်းကစား၊ မူးယစ်ဆေးနဲ့ တားမြစ်ထားတဲ့ လုပ်ရပ်တွေ ရှောင်ကျဉ်ကြဖို့လည်း ကမ္ဘောဇဘဏ်က ပြောပါတယ်။
အိုင်တီ နည်းပညာရှင် တစ်ယောက်ကတော့ အခုလို အွန်လိုင်း လိမ်လည်မှုတွေဟာ လူတွေကို လိင်အဖော်အချွတ်၊ ငွေကြေး စသဖြင့် လောဘ တက်လာအောင် လုပ်ပြီးမှ လိမ်လေ့ရှိတယ်လို့ ပြောပါတယ်။
ဒီလို လိမ်လည်တာတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ သိရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရ ဥပဒေချုပ် ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမှားနေတယ်လို့သာ ဖြေဆိုပါတယ်။
ကုလသမဂ္ဂကတော့ မြန်မာနိုင်ငံက လူပေါင်း တစ်သိန်းနှစ်သောင်းကျော်ဟာ အွန်လိုင်း လိမ်လည်မှုတွေမှာ အဓမ္မ စေခိုင်းခံနေရတယ်လို့ အခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။