ဝိုင်းမော်မြို့နယ်က စစ်ကောင်စီ တပ်စခန်းငါးခု KIA ဆက်လက်သိမ်းပိုက်

RFA Burmese
2024.05.22
ဝိုင်းမော်မြို့နယ်က စစ်ကောင်စီ တပ်စခန်းငါးခု KIA ဆက်လက်သိမ်းပိုက် ရှေ့တန်းတစ်နေရာမှ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။
Kachin News Group

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့ကတည်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး အောင်မြေ (၁)နဲ့ (၂)၊ ရွှေညောင်ပင်၊ ကဇူး၊ အင်းလေး၊ ခါးရှီ စတဲ့နေရာတွေမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကြီး၊ တပ်စခန်းငယ် ငါးခုကို ဆက်လက်သိမ်းပိုက်လိုက်တယ်လို့ KIA က RFA ကို ဒီနေ့ ပြောပါတယ်။

အဲဒီအထဲက ရွှေညောင်ပင်ရွာနားမှာ အခြေစိုက်ထားတဲ့ ခလရ - ၃၂၁ ခြေလျင်တပ်ဟာ ဝိုင်းမော်မြို့ကို လုံခြုံရေးပေးနေတဲ့တပ်ဖြစ်သလို ဝိုင်းမော် - လိုင်ဇာ လမ်းပိုင်းအတွက် စစ်ရေးဗျူဟာအရ အရေးပါတဲ့တပ်စခန်းဖြစ်ပြီး မေ ၂၁ ရက် မနေ့ည ရှစ်နာရီလောက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတပ်ရင်းကို သိမ်းလိုက်နိုင်တာကြောင့် ဝိုင်းမော်-လိုင်ဇာ-မိုးမောက်-လွယ်ဂျယ် လမ်မတစ်လျှောက်ကို KIA က ထိန်းချုပ်ထားနိုင်ပြီလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

“အဲဒီကားလမ်းပေါ်မှာ ပြည်သူလူထုအားလုံးကို စစ်ဆေးတဲ့ ဂိတ်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။ နောက် ဝိုင်းမော်ကို လုံခြုံရေးယူပေးတဲ့ တပ်စခန်းလည်းဖြစ်တယ်။ အောင်မြေ (၁)၊ အောင်မြေ (၂) အားလုံးကို လုံခြုံရေးအရ ထိန်းချုပ်ထားတဲ့ စခန်းကြီးဖြစ်ပါတယ်။ ဆိုတော့ ဗျူဟာအရတော့ အရေးကြီးတဲ့ တပ်စခန်းတစ်ခုဖြစ်ပါတယ်။ အဲဒီတစ်ကျောမှာတော့ တပ်စခန်းတွေတော့ မရှိတော့ပါဘူး။ ကျွန်တော်တို့ ထိုင်တော့ ထိုင်နေပါပြီ။ လုံခြုံမှုအရ အခုလောလောဆယ်တော့ ကားတွေ ဘာတွေကတော့ သွားလာလှုပ်ရှားတာတော့ မရသေးပါဘူး”

ဒီတိုက်ခိုက်မှုတွေကြောင့် နှစ်ဖက်ထိခိုက်မှု အခြေအနေတွေကိုတော့ ပြောဆိုတာမရှိပါဘူး။

လက်ရှိမှာ ဝိုင်းမော်မြို့နယ်တစ်ခုလုံးမှာ မြို့ပေါ်မှာ အခြေစိုက်ထားတဲ့ ခလရ - ၅၈ တပ်ရင်းနဲ့ ဝိုင်းမော် ဝူယန်ရွာမှာ အခြေစိုက်ထားတဲ့ လီဆူ ပြည်သူ့စစ်တပ်စခန်း နှစ်ခုသာ ကျန်တော့တာပါ။ ဒီတိုက်ပွဲတွေနဲ့ဆက်စပ်ပြီး မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) က ဝိုင်းမော်မြို့နယ်ဘက်ကို လက်နက်ကြီးတွေနဲ့ နေ့ရောညပါ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ပြီးခဲ့တဲ့ မေ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေက ဝိုင်းမော်မြို့နယ် ခတ်ချိုရွာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးနှစ်ဦးအပါအဝင် အရပ်သားခြောက်ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၁၉ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ သူတို့အနေနဲ့ ခတ်ချိုရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာမရှိဘဲ ဒါတွေက စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ရွာပေါင်း နှစ်ဆယ်ခန့်က ဒေသခံတွေဟာ နီးစပ်ရာနဲ့ ဘာသာရေး အဖွဲ့အစည်းတွေ ချပေးထားတဲ့ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ဝေးပေမယ့် စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် တိမ်းရှောင်လာတာလို့ ဧရာဝတီမြစ်ဘေး စန်းကားရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာပတ်ဝန်းကျင်မှာ စစ်မဖြစ်လည်း လက်နက်ကြီးက ညတိုင်း နေ့စဥ် နေ့တိုင်း ထုနေတာဆိုတော့ ငါတို့ပြည်သူတွေက လုံးလုံးကို မနေရဲလို့ အဆင်မပြေလည်း ဒီကနေ စစ်ရှောင်မှာ လာနေတာ ဟုတ်တယ်။ ရမ်းပစ်၊ အဲဒီလိုမျိုး ပစ်တော့ လူထိတာ များတယ်လို့ ပြောကြတယ်။ မနေ့က ခတ်ချိုမှာလည်း ထိတယ်လို့ သတင်းတော့ ကြားရတယ်”

ရွာတွေဘက်က ဒေသခံတွေသာမက ဝိုင်းမော်မြို့ပေါ်က ဒေသခံတွေပါ ဘေးလွတ်ရာနဲ့ မြစ်ကြီးနားဘက်ကို တိမ်းရှောင်လာကြပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံအရေအတွက် ဘယ်လောက်ရှိသလဲဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ပိတ်မိနေသည့် စစ်ဘေးဒုက္ခသည်များအား ကယ်ဆယ်ရေးအဖွဲ့များမှ ကူညီကယ်ထုတ်ခဲ့သည်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Kachin News Group)
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ပိတ်မိနေသည့် စစ်ဘေးဒုက္ခသည်များအား ကယ်ဆယ်ရေးအဖွဲ့များမှ ကူညီကယ်ထုတ်ခဲ့သည်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Kachin News Group)

ဝိုင်းမော်မြို့ပေါ်မှာတော့ ဒေသခံတွေ တစ်ယောက်မကျန် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခု ကျွန်တော်တို့ ဝိုင်းမော်မြို့နယ် တစ်မြို့လုံးနီးပါး အကုန်လုံးရှောင်နေကြတယ်။ တစ်ယောက်မကျန် ရှောင်တဲ့သဘောမျိုး ဖြစ်နေတယ်။ တချို့ဆိုရင် နီးစပ်ရာ ဆွေမျိုးရှိတဲ့နေရာ မြစ်ကြီးနားသွားတဲ့သူတွေလည်း ရှိတယ်။ ဝိုင်းမော် လဘန် ဒီတစ်လျှောက်မှာ အသင်းတော်၊ အဖွဲ့အစည်းကနေ အဲဒီမှာ ရှောင်တဲ့သူလည်း ရှိတယ်”

လက်ရှိမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေဟာ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးတိုက်ပွဲတွေကို ဖော်ဆောင်နိုင်တာကြောင့် မကြာခင်မှာ ဝိုင်းမော်မြို့ကိုပါ သိမ်းယူမယ့်အခြေအနေရှိတယ်လို့ ကချင် နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

“မြစ်ကြီးနားနဲ့ အနီးစပ်ဆုံး ဝိုင်းမော်နားအထိ ထိုးစစ်ဆင်ပြီး သိမ်းပိုက်လာနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်။ ဒါကတော့ ခေတ်သစ်သမိုင်းမှာ KIA ရဲ့သမိုင်းမှာ ထိုးစစ်ဆင်မှု အောင်မြင်မှု အရှိဆုံးအခြေအနေလို့ ပြောလို့ရပါတယ်။ ဒါကြောင့်လည်း မကြာခင်မှာ ဝိုင်းမော်မြို့ကိုသိမ်းရဖို့ အခြေအနေတော့ ရှိလာဖို့တော့ မြင်ပါတယ်”

စစ်ကောင်စီကလည်း ဝိုင်းမော်မြို့ကို လက်မလွှတ်ရရေး အပြင်းအထန် ခုခံနေသလို KIA ပူးပေါင်းတပ်ဖွဲ့ကလည်း မြို့ကိုသိမ်းယူဖို့ အခြေအနေရှိတာကြောင့် တိုက်ပွဲက ဆက်ပြီးပြင်းထန်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

ကချင်ပြည်နယ်အတွင်းက တပ်စခန်းတွေ အသိမ်းခံနေရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိသေးသလို ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဒီနေ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အနေနဲ့ အခုနှစ်ဆန်းပိုင်းကနေ ဒီနေ့အထိ ကချင်ပြည်နယ်က မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်နဲ့ ဆွမ်ပရာဘွမ် စတဲ့ မြို့ရှစ်မြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်းကြီး၊ တပ်စခန်းငယ် စုစုပေါင်း တစ်ရာကျော်ကို သိမ်းပိုက်ထိန်းချုပ်ထားသလို စစ်ကောင်စီရဲ့ ဘဏ္ဍာငွေရလမ်းတွေနဲ့ ထောက်ပို့လမ်းကြောင်းတွေကို အတိုင်းသာတစ်ခုထိ ကန့်သတ်ထားနိုင်ပြီလို့ KIA က ပြောဆိုထားပါတယ်။

(မှတ်ချက် - ဒေသခံများ၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။