ကယားနဲ့ရှမ်းတောင်မှာ လက်နက်ကြီးကြောင့် နှစ်လအတွင်း အရပ်သား ၁၃ ဦး သေဆုံး

2022.11.03
ကယားနဲ့ရှမ်းတောင်မှာ လက်နက်ကြီးကြောင့် နှစ်လအတွင်း အရပ်သား ၁၃ ဦး သေဆုံး စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် မိုးဗြဲမြို့မှ နေအိမ်တချို့အား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Photo: Progressive Karenni People Force - PKPF

ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားပြည်နယ်မှာ စက်တင်ဘာလဆန်းကစလို့ စစ်ကောင်စီ တပ်တွေ အင်အားဖြည့်တင်းလာပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA ကလက်လှမ်းမီသလောက်ပြုစုထားတဲ့ စာရင်းတွေအရ ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ မိုးဗြဲမြို့နယ်တွေအတွင်း စက်တင်ဘာလ ၁ ရက်ကနေ အောက်တိုဘာလ ၃၁ ရက်အထိ နှစ်လအတွင်း လက်နက်ကြီးကျည်ထိမှန်လို့ ကလေးငယ်လေးဦးအပါဝင် အရပ်သား ၁၃ ဦးသေဆုံးပြီး ၃၃ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မိုးဗြဲနဲ့ ဒီးမော့ဆိုကို ဆက်သွယ်ထားတဲ့လမ်းပိုင်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီဟာ အနီးအနား ကျေးရွာတွေနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။

“တိုက်ပွဲဖြစ်ပြီး နောက်ပိုင်းဖြစ်စေ တိုက်ပွဲမရှိသည့်တိုင်အောင် ရွာတွေကို ပစ်ခတ်တဲ့ ပုံစံက ၂၀၂၂ နောက်ပိုင်းမှာ ပိုပြီးတွင်တွင်ကျယ်ကျယ် လုပ်လာတာကို ကျနော်တို့ တွေ့ရတာပေါ့နော်။ တိုက်ပွဲဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ မဆိုင်ဘူး ဒုက္ခသည်တွေရှိတဲ့ နေရာတွေကို လူထုတွေရှိတဲ့ နေရာတွေကို ပိုပစ်မှတ်ထားပြီးတော့ တိုက်ခိုက်မှုတွေ ကတော့ ပိုပြီး စိတ်လာတာပေါ့။ အခုဖြစ်တဲ့ ဝါရီကော်ခူတို့ လွိုင်ကော်နဲ့ မိုးဗြဲမှာရှိတဲ့ ရွာတွေကို တိုက်ခိုက်တာကလည်း အရင်တုန်းကဖြစ်တဲ့ ဒီးမော့ဆိုတို့ ဖရူဆိုတို့ဘက်မှာ ပစ်နေကြအတိုင်း သူတို့ဆက်ပြီးတော့ ပစ်ခတ်တယ်ဆိုတဲ့ ပုံစံအတိုင်းပဲဖြစ်ပါတယ်”

စက်တင်ဘာလ ၁၈ရက်က မိုးဗြဲမြို့မွေတော်ဘုရား ဘုန်းကြီးကျောင်းက စစ်ဘေးဒုက္ခသည် စခန်းမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ကလေးငယ် နှစ်ဦး အပါအဝင် လေးဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

"တိုက်ပွဲမရှိသည့်တိုင်အောင် ရွာတွေကို ပစ်ခတ်တဲ့ ပုံစံက ၂၀၂၂ နောက်ပိုင်းမှာ ပိုပြီးတွင်တွင်ကျယ်ကျယ် လုပ်လာတာကို ကျနော်တို့ တွေ့ရတာပေါ့နော်။"

အောက်တိုဘာလအတွင်းမှာလည်း လွိုင်ကော်မြို့နယ်ကုန်းသာရွာ၊ ဝါရီကော်ခူရွာနဲ့ ပီကင်းကော်ခူရွာတွေထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့လို့ ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားသုံးဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီရဲ့ မိုးဗြဲအခြေစိုက် ခမရ-၄၂၂ ၊လွိုင်ကော်အခြေစိုက် ခလရ-၂၆၁ နဲ့ ဖယ်ခုံ အခြေစိုက် ခမရ-၃၃၆ တွေက အရပ်သားတွေ နေထိုင်တဲ့ကျေးရွာတွေဆီ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်မှူးကျောက်ဆောင်က ပြောပါတယ်။

“ဖယ်ခုံကနေ ပစ်တယ်၊ လွိုင်ကော်ကနေ ပစ်တယ်၊ ၄၂၂ ကနေလည်း ပစ်တာပေါ့နော် ပြီးတော့ ဝါရီဆူဖလိုင်ကနေလည်း ပစ်တာပေါ့၊ လွိုင်ကော်ကနေ မိုးဗြဲ ၁၂ မိုင်လောက် ရှိမယ်နောက်ပြီး ဖယ်ခုံကနေ မိုးဗြဲလည်း ၁၂မိုင်လောက် ရှိမယ်။ နောက်ပြီး ၄၂၂ တပ်နဲ့ ဝါရီဆူဖလိုင်က ကပ်ရပ်ပေါ့နော်။ ဘာလို့ပစ်လည်းဆို မိုးဗြဲဆိုအရင်တုန်းက သူတို့ တစ်ခါမှမနေဘူး တစ်ခါမှမလာဘူးလေနော်။ အခုက သူတို့နယ်မြေ စိုးမိုးမှုအနေနဲ့ သူတို့လာချင်လို့ သူတို့ပစ်ရခြင်း ဖြစ်မယ်ထင်တယ်။ သူတို့လက်နက်ကြီးနဲ့ သူတို့အားကိုးပြီးမှ သူတို့ပစ်နေတယ်ပေါ့နော် သူတို့စစ်ကူပေါ့”

စစ်ကောင်စီတပ်က ၁၀၅-မမ၊ ၁၂၂-မမ၊ ၁၂၀-မမ နဲ့ ၁၂၂-မမ လေးလုံးတွဲ ဒုံးတွေကိုပါ အသုံးပြု တိုက်ခိုက်လေ့ရှိတယ်လို့ CDM အရာရှိတွေက ပြောပါတယ်။

အထူးသဖြင့် PDF တွေနဲ့ ဆက်စပ်တယ်လို့ ယူဆတဲ့ ကျေးရွာတွေကို ပစ်မှတ်ထားတယ်လို့ CDM ဗိုလ်ကြီး ကောင်းသူဝင်းက ပြောပါတယ်။

“ဒီရွာတွေက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အမာခံရွာတွေ ဖြစ်မယ်။သူတို့ ဆွေမျိုးသားချင်းတွေ ရှိမယ်ပေါ့နော်။ သူတို့တွေ အဝင်အထွက်ရှိတဲ့ ရွာတွေဆိုပြီး ခေါင်းစဉ် တပ်လိုက်တာပေါ့ဗျာ။ ဘယ်အဖွဲ့က ဘယ်နေရာမှာနေတာတို့ ဘယ်ရွာမှာ တပ်ရင်းဆိုရင် ဘယ်တပ်ရင်းကနေတယ် ဆိုပြီးတော့ ပစ်မှတ် မှတ်ပုံတင်ထား တာလေးတွေရှိ သလိုမျိုးပဲ မြေပြင်သတင်းအရ လက်ရှိ အခုရက်ပိုင်းအတွင်းမှာ ဘယ်အဖွဲ့တွေ ဒီနားကို ရတယ်ဆိုတဲ့ကြား ဖြတ်သတင်းတွေရတဲ့ အချိန်မျိုးကြရင်လည်း လှည့်ပတ်ပြီးပစ်ခိုင်းတာပေါ့ဗျာ။ ဒါကတော့ အဓိက လူအင်အား တပ်အင်အား မရောက်နိုင်တဲ့အတွက် လက်နက်ကို ဖောဖောသီသီသုံးပြီးတော့ ခြောက်လှန့် ပစ်ခတ်တယ်။ အဲမှာ ရှိတဲ့အရပ်သား ပြည်သူတွေပဲဖြစ်ဖြစ်ပေါ့နော်”

စစ်ကောင်စီတပ်က နယ်မြေစိုးမိုးရေးလုပ်တဲ့အခါ “လူမရောက်ရင် ကျည်ရောက်ရမယ်” ဆိုတဲ့ရည်ရွယ်ချက်နဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်တာလို့သူက ပြောပါတယ်။

shan home destroy
လွိုင်လင်လေးမြို့နယ်၊ တီးလုံအုပ်စု၊ ဒေါပါပါးကျေးရွာအား ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။ (Photo: KNDF)

ကယားပြည်နယ်အတွင်း လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဝင်းဦးကို RFA ကဖုန်းနဲ့အကြိမ် ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဒေသခံတွေက အချိန်တိုင်း ကြောက်လန့်နေကြတယ်လို့ ဖရူဆိုမြို့နယ် ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ညေးမူက ပြောပါတယ်။

"ဘယ်မှာပဲ တိုက်ပွဲဖြစ်ဖြစ်ပေါ့ အကုန်လုံးကတော့ ကြောက်ရတယ်။ ညအိပ် နေရင်းနဲ့တောင်မှ သူတို့ လေကြောင်းနဲ့လာမလား။ ကောက်ပဲသီးနှံတွေ ပြန်ရိတ်တဲ့ သူတွေဆိုရင်လည်း ကြောက်ကြောက်နဲ့ပဲသူတို့ရဲ့ ကောက်ပဲသီးနှံတွေကို ပြန်ရိတ်နေရတယ်။ လက်ရှိ အခြေအနေမှာဆိုရင် မိုးဗြဲမှာ တိုက်ပွဲပြင်းထန်တယ်၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်တယ်ဆိုတော့ ပြည်သူတွေအနေနဲ့ ဖြတ်သွား ဖြတ်လာ လုပ်ဖို့တော့ အရမ်းခက်ခဲ သွားတယ်ပေါ့နော်။ ကျမတို့ရဲ့ ကုန်စည်စီးဆင်းမှုက မိုးဗြဲကို ဖြတ်သွား ဖြတ်လာ လုပ်ရတယ်ဆိုတော့ အခုဒီလိုတိုက်ပွဲ အခြေအနေကြောင့်မို့ ကျမတို့ ကုန်ပစ္စည်းတွေ စားနပ်ရိက္ခာတွေ ရဖို့အတော်ခက်ခဲလာတဲ့ အခြေအနေတွေ ဖြစ်နေတယ် ။ရတဲ့ကုန်ပစ္စည်းတွေဆိုရင် ဈေးနှုန်းက နှစ်ဆသုံးဆတက်နေတာ ရှိတယ်ပေါ့နော်"

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ စာရင်းတွေအရ ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ အပါအဝင် တိုက်ပွဲတွေကြောင့် အရပ်သား၂၁၀,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဒုက္ခသည်အများစုဟာ ကျန်းမာရေးနဲ့ စားဝတ်နေရေး အကျပ်အတည်းတွေ ရင်ဆိုင်နေရတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီး ၂၁ လအတွင်း ဒီဒေသတွေ မှာ အရပ်သား သေဆုံးသူ ၃၇၉ ဦး ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲအတွင်းပစ်ခတ်မှု၊ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုနဲ့ စစ်ဘေးရှောင်ရင်း စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုတွေကြောင့် သေဆုံးခဲ့တာလို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က နိုဝင်ဘာလ ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။