ရေအားလျှပ်စစ်ထုတ်တဲ့ ကယားမှာ တစ်ပြည်နယ်လုံး မီးမလင်းနိုင်သေး
2020.12.02
ကယားပြည်နယ်မှာဆိုရင် မြန်မာတစ်နိုင်ငံလုံး ဖြန့်ဖြူးပေးနေတဲ့ လောပိတ ရေအားလျှပ်စစ်စက်ရုံ ရှိပေမယ့် ပြည်နယ်မှာရှိတဲ့ ကျေးရွာတွေ တော်တော်များများ မီးမရရှိကြသေးပါဘူး။ NLD ပါတီ ဦးဆောင်တဲ့ ဒုတိယ အကြိမ် အစိုးရသက်တမ်းမှာတော့ တစ်ပြည်နယ်လုံး မီးလင်းနိုင်ဖို့ လူထုက လိုလားနေပါတယ်။
ကယားပြည်နယ်မှာ ကျေးရွာပေါင်း ၅၀၀ ကျော်ရှိပြီး အဲဒီရွာတွေထဲက အဲဒီအထဲမှာ မီးမရသေးတဲ့ရွာ တစ်ရာကျော် ရှိနေပါသေးတယ်။
ကယားပြည်နယ်အတွင်း ရေအားလျှပ်စစ်စက်ရုံကို လွန်ခဲ့တဲ့ ၁၉၆၀ ခုနှစ်ကစပြီး ထုတ်လုပ်နိုင်ပေမယ့် ပြည်လုံးကျွတ်မီးလင်းရေးကို ဒေသခံတွေက မခံစားရသေးပါဘူး။
တက်လာတဲ့အစိုးရမှန်သမျှ ပြည်နယ်ဖွံ့ဖြိုးရေးကို ဆောင်ရွက်ကြပေမယ့် လိုအပ်ချက်တွေရှိနေဆဲပဲလို့ ကယားပြည်နယ်အရေး စောင့်ကြည့်လေ့လာသူ ကျော်ထင်အောင်က ပြောပါတယ်။
"ကျနော်တို့ပြည်နယ်က နဂိုကာလထက်စာရင်တော့ ပြည်သူ့ဘဏ္ဍာငွေတွေသုံးပြီးတော့မှ ပြည်နယ်တွင်းရဲ့ လမ်းတွေ တံတားတွေက အရင်ကထက်တော့ တိုးတက်လာတယ် ဆိုတဲ့ဟာကတော့ မှန်ပါတယ်။ ဒါပေမဲ့ တကယ့်လောပိတစက်ရုံကြီးရှိနေပြီးတော့ ရွာပေါင်းရာချီ မီးမရသေးတဲ့ အခြေအနေတွေကတော့ ဒါမတိုး တက်ဘူး"
ကယားပြည်နယ်မှာ လောပိတ ရေအားလျှပ်စစ်စက်ရုံဖြစ်တဲ့ ဘီလူးချောင်းအမှတ် (၁) ဓါတ်အားပေးစက်ရုံကို ၁၉၉၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ၂၈ မဂ္ဂါဝပ်ထုတ်ခဲ့ပါတယ်။
အမှတ် (၂) စက်ရုံကိုတော့ ၁၉၆၀ ခုနှစ်မှာ ပထမစက် သုံးလုံးဖြင့် ၈၄ မဂ္ဂါဝပ်၊ ၁၉၇၄ ခုနှစ်မှာ ဒုတိယစက် သုံးလုံးဖြင့် ၈၄ ဖြင့် စုစုပေါင်း အမှတ် ၂ စက်ရုံကနေ ၁၆၈ မဂ္ဂါဝပ် ထပ်မံထုတ်ဝေခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာတော့ ၅၂ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်နိုင်တဲ့ ဘီလူးချောင်း အမှတ် ၃ စက်ရုံကို ထပ်မံဖွင့် လှစ်ခဲ့ပြီး အခုဆိုရင် စက်ရုံ ၃ ရုံပေါင်း ၂၄၈ မဂ္ဂါဝပ် ထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ကျေးရွာတွေမှာ မီးလင်းနေပြီလို့ စာရင်းထွက်ပေမယ့် မီတာဘောက်မရှိတာတွေ၊ လျှပ်စစ်မီးတိုင်တွေသာရှိပြီး လျှပ်စစ်ဓာတ်အားခွဲ ပေးနိုင်ခြင်း မရှိသေးတာတွေ ကျေးရွာတော်တော်များများမှာ ကြုံတွေ့နေကြရပါသေးတယ်။
၂၀၁၈ ဘဏ္ဍာနှစ်ကတည်းက ဖရူဆိုမြို့နယ် ခါးဘယ်ကျေးရွာမှာ လျှပ်စစ်မီးရရှိဖို့အတွက် သွယ်တန်းထားတဲ့ လျှပ်စစ်တိုင်တွေရှိပြီး အခုချိန်ထိ လုပ်ငန်းမပြီးစီးနိုင်သေးဘူးလို့ ဒေသခံ ဦးဒွန်းဝင်းအီက ပြောပါတယ်။
“အရင်က ၂၀၁၈ ဘဏ္ဍာနှစ်မှာ တိုးချဲ့တိုင်ဆိုတဲ့ နိုင်ငံတော်ချပေးတဲ့ကိစ္စကို ဝန်ထမ်းတွေက ပြီးစီးအောင် မလုပ်သွားပေးဘူးပေါ့နော်၊ သူတို့ ကြိုးလည်း အကုန်လုံးပီပီပြင်ပြင်မဆွဲဘူး မီးဗုံးတွေလည်း အကုန်လုံး မတပ်ဘူး မတပ်တာအပြင် မီးဗုံးကို ပြန်လာတောင်ယူသွားသေးတယ်။ တိုင်တွေကို ဘိလပ်မြေဖုံး ပေးရမယ် ဖို့ပေးရမယ့်ကိစ္စတွေလည်းသူတို့ အကုန်လုံးလာ မဖို့ထားပေးဘူး။ တစ်တိုင်မှမဖို့ထားဘူး။”
အခုလိုလုပ်ငန်းကြန့်ကြာနေရတာက ခန့်မှန်းတွက်ချက်တဲ့အချိန်တုန်းက ကုန်ကျစရိတ်ကို သေသေချာချာ ကွင်းဆင်းတိုင်းတာပြီးမလုပ်ခဲ့တဲ့အတွက် ဖြစ်ရတာလို့ ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူက ပြောပါတယ်။
“ပြောရမယ်ဆိုရင် ဌာနကလည်း အားနည်းတာပေါ့နော်၊ လုပ်တာတော့ တာဝန်ယူလုပ်တာတော့ ကုမ္ပဏီ တွေက လုပ်တာပေါ့နော်၊ ကုမ္ပဏီကလုပ်တဲ့ လုပ်ငန်းအပေါ် ကိုဌာနတွေရဲ့ ကွပ်ကဲမှုနည်းနည်းအားနည်း တာပေါ့နော်၊ တကယ်တမ်းဆို အဲလိုမဖြစ်ရဘူးပေါ့ ပြောရမယ်ဆိုရင် မြေပြင်နဲ့ စာရွက်ပေါ်က ခန့်မှန်း ခြေနဲ့ ကွဲလွဲတာပေါ့။ estimate မှာ ပေနှစ်ထောင်ဆွဲပြီး ဘတ်ဂျက်တောင်းတယ် ကျလာတယ် တကယ် တမ်း လုပ်ဆောင်တဲ့နေရာမှာ ပေတစ်ထောင့်ရှစ်ရာပဲလုပ်လို့ရတယ် ပေနှစ်ရာက ပိုနေတော့ တိုင်တွေ လိုက်လျောက်စိုက်တာပေါ့။ လိုက်ညွှန်ကြားမယ် ဒီလိုကိစ္စတွေနောက်မဖြစ်ရဘူး မကောင်းဘူး လူထု အမြင်မှာ တစ်မျိုးဖြစ်သွားတာပေါ့။”
ဖရူဆိုမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမူကတော့ လျှပ်စစ်မီးရရှိ ရေးအတွက် လွှတ်တော်မှာ တောင်းဆိုခဲ့ပြီး မပြီးပြတ်သေးတဲ့ကိစ္စတွေကို ကိုယ်စားလှယ်သစ်တွေ ဆက်တာဝန် ဆောင်ရွက်ပေးဖို့ တိုက်တွန်းပါတယ်။
"မရရှိသေးတဲ့ရွာကို ရအောင်တင်ပေးတယ်၊ သူတို့မီတာဘောက် လျောက်ထားတဲ့ဟာတွေလည်း မရသေး တဲ့ဟာတွေ ရအောင်လုပ်ပေးတာတွေလည်းရှိတယ်၊ ဒီမြို့ပေါ်မှာ ဓါတ်တိုင် ၂၇ တိုင်ကို စနစ်တကျမရှိဘူး၊ အဲဒါတွေလည်း ရအောင်ဝန်ကြီးနဲ့ တိုက်ရိုက်ချိတ်ပေးတယ် သွားပေးတယ် လုပ်ပေးတယ် အဲဒါတွေ အကုန်လုံး စီစီရီရီ စနစ်တကျဖြစ်သွားပြီ။ လုပ်ပေးတာတွေတော့ အများကြီးပဲပေါ့။"
ဒေါ်ဆားမူက ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ တစ်သီးပုဂ္ဂလအနေနဲ့ ပြန်လည်ဝင်ပြိုင်ခဲ့ပေမယ့် ရွေးကောက်ပွဲ မအောင်နိုင်ခဲ့ပါဘူး။
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)မှာ အနိုင်ရရှိထားတဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ဒေါ်အယ်ဗလင်းကတော့ လျှပ်စစ်မီးရရှိရေးကို ကြိုးပမ်းမယ်လို့ ပြောပါတယ်။
“ဒီလာမယ့် အစိုးရသက်တမ်းမှာကို လျှပ်စစ်မီးရရှိရေးကိစ္စကလည်း ဒါလျှပ်စစ်မီး တစ်ခုတည်းမဟုတ်ဘဲနဲ့ အခက်အခဲတစ်ခုရှိသေးတဲ့ ရေပဲဖြစ်တယ်ပေါ့။ ပထမဦးစားပေးကတော့ ရေရရှိရေးဖြစ်ပြီးတော့မှ ဒုတိယ ဦးစားပေးက လျှပ်စစ်မီးရရှိရေးပဲ ဖြစ်ပါလိမ့်မယ်။အဲလိုဖြစ်ဖို့လည်း အစ်မတို့ လွှတ်တော်ထဲကနေပြီးတော့ မှ တောင်းဆိုတင်ပြသွားမယ့် အစီအစဉ်လည်းရှိပါတယ်။”
ကယားပြည်နယ်မှာ ၅ နှစ်တာသက်တမ်းအတွင်း လျှပ်စစ်ကဏ္ဍအတွက် ၃၀.၉၉၃ ဘီလီယံ သုံးစွဲထားပါတယ်။
အခု ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာကတော့ လျှပ်စစ်မီးလင်းရေးလုပ်ငန်း အသုံးစရိတ် လျာထားချက်က ကျပ်သန်း ပေါင်း ၁၃၄၇၇.၇၅၄ သန်းအသုံးပြုသွားဖို့ရှိတယ်လို့ ကယားပြည်နယ်ရဲ့ ငွေလုံးငွေရင်း အသုံးစရိတ်လျာထား ချက်မှာ ဖော်ပြထားပါတယ်။