ကောလင်းကိုသိမ်းနိုင်တာဟာ တော်လှန်ရေးအလှည့်အပြောင်းလို့ ပူးပေါင်းအဖွဲ့တွေ ပြော

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2023.11.06
ကောလင်းကိုသိမ်းနိုင်တာဟာ တော်လှန်ရေးအလှည့်အပြောင်းလို့ ပူးပေါင်းအဖွဲ့တွေ ပြော ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က ကောလင်းမြို့မရဲစခန်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ပုံ။
NUG

နိုဝင်ဘာလ ၆ ရက်နေ့က စစ်ကိုင်းတိုင်းက စစ်ကောင်စီရဲ့ ခရိုင်မြို့ဖြစ်တဲ့ ကောလင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး သိမ်းယူနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဒီလို ခရိုင်အဆင့်မြို့ကိုသိမ်းယူနိုင်တာ နွေဦးတော်လှန်ရေးရဲ့ မှတ်တိုင်တစ်ခုဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေ က RFA ကိုပြောပါတယ်။

"ကောလင်းဆိုတာ ခရိုင်မြို့တစ်မြို့၊ ခရိုင်မြို့နဲ့ လျော်ညီတဲ့ လုံခြုံရေးတွေ တင်းကြပ်ထားတာတွေ စစ်ကောင်စီ အနေနဲ့ ပြုလုပ်ထားတယ်၊ အဲလိုလုပ်ထားတဲ့ မြို့ကြီးတစ်မြို့ကို နွေဦးတော်လှန်ရေးကာလမှာ ပထမဆုံး ပြည်သူ့ ကာကွယ်ရေးတပ်မတော်သားတွေနဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ရရှိခြင်းဖြစ်တယ်၊ ကောလင်းမြို့ကို သိမ်းပိုက်ရရှိခြင်းက နွေဦးတော်လှန်ရေးရဲ့ အလှည့်အပြောင်းတစ်ခုထဲမှာလည်း မှတ်တိုင်တစ်ခု အနေနဲ့ပါတယ်ဆိုတာ ပြောချင်ပါတယ် "

မြို့သိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီ လက်အောက်ခံတပ်တွေက အရပ်သားတွေနေတဲ့နေရာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတွေရှိပြီး အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသပေးနေပြီး မြို့အတွင်းအုပ်ချုပ်ရေးအတွက် ပြည်သူအုပ်ချုပ်ရေးအဖွဲ့တွေ၊ မြို့မိမြို့ဖတွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဦးမောင်မောင်ဆွေက ပြောပါတယ်။

ကောလင်းမြို့ကို ကချင်လွတ်မြောက်‌ရေး တပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တွေ သုံးရက်ကြာတိုက်ခိုက်ပြီးမှ သိမ်းယူနိုင်ခဲ့တာပါ။

အခုအချိန်မှာ မြို့ကိုထိန်းချုပ်ပြီး နယ်မြေရှင်းလင်းရေးတွေလုပ်နေတယ်လို့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

" သိမ်းတဲ့အချိန်ထိတော့ ပစ်ခတ်မှုရှိတယ်၊ သိမ်းပြီးနောက်ပိုင်း ဘာပစ်ခတ်မှုမှ မရှိတော့ပါဘူး၊ မြို့ကို လုံးဝ ထိန်းချုပ်ထားပါတယ်၊ ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးလုပ်နေတယ်၊ ကျွန်တော်တို့ ကိုယ်နေရာနဲ့ကိုယ် ကင်းရှင်းအောင် လေးဘက်လေးလံ ဘယ်သူမှအဝင်မခံဘဲ ကာထားတာရှိပါတယ်။"

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်မဟာမိတ်တပ်သားများက သိမ်းယူခဲ့ပြီးနောက် အထွေထွေအုပ်ချုပ်ရေးမှူးရုံး မြင်ကွင်းအား NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ပုံ။  (Photo : NUG)
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်မဟာမိတ်တပ်သားများက သိမ်းယူခဲ့ပြီးနောက် အထွေထွေအုပ်ချုပ်ရေးမှူးရုံး မြင်ကွင်းအား NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ပုံ။ (Photo : NUG)

ကောလင်းမြို့ပေါ်မှာ နိုဝင်ဘာလ ၃ ရက်နေ့ကစလို့ မြို့မရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနဲ့ အ.ထ.က (၁) ကျောင်းဝင်းထဲ တပ်စွဲထားတဲ့ နေရာသုံးခုကို KIA PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာပါ။

စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူထားတဲ့ ကောလင်းမြို့မရဲစခန်းနဲ့ အ.ထ.က (၁) ကျောင်းကို နိုဝင်ဘာလ ၅ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့ပြီး နိုဝင်ဘာ ၆ ရက်နေ့မှာတော့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုပါ သိမ်းယူလိုက်တာလို့ ဒေသခံတွေကလည်း ပြောပါတယ်။

စစ်ကိုင်းတိုင်း ကောလင်းမြိုကို သိမ်းယူနိုင်တာဟာ နွေဦးတော်လှန်ရေးထဲက သေနင်္ဂဗျူဟာ အလှည့်အပြောင်းကို ရောက်ရှိတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

"မြောက်ပိုင်းရှမ်းပြည်က မြို့နယ်လေးခုသိမ်းပိုက်တာနဲ့အတူ နောက်ထပ် အလယ်ပိုင်းက စစ်ကိုင်းတိုင်းကို ပြည်သူ့တော်လှန်ရေး အင်အားစုတွေ အောင်ပွဲခံနိုင်တဲ့ အနေအထားတစ်ခု ရောက်လာတာဟာ သေနင်္ဂဗျူဟာ အလှည့်အပြောင်းတစ်ရပ်ကို နွေဦးတော်လှန်ရေး ရောက်ရှိပြီလို့ ယူဆပါတယ် "

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ စစ်ဆင်ရေးနဲ့ စစ်ကိုင်းတိုင်းက စစ်ဆင်ရေးတွေ ချိတ်ဆက်နိုင်တာဟာလည်း နွေဦးတော်လှန်ရေး အောင်မြင်ဖို့ နီးစပ်တာလို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိတိုက်ပွဲကြောင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ Photo : Kawlin Info
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိတိုက်ပွဲကြောင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ Photo : Kawlin Info

ကောလင်းမြို့ကို သိမ်းဆည်းခံရတာ၊ အရပ်သားပစ်မှတ်တွေကို ပစ်ခတ်တယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

စစ်တပ်ကနေ အငြိမ်းစားယူထားတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးကတော့ စစ်ကောင်စီဟာ ဗျူဟာအရ မြို့ကနေဖယ်ပေးလိုက်တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

" ဝန်းသိုမှာက တပ်ရင်းနှစ်ရင်းရှိတယ်၊ ကောလင်းမှာက တကယ်တော့ တပ်စခန်းမရှိဘူး၊ အခုကျွန်တော်တို့ တွေ့နေရတာကတော့ သိန္နီမှာရော ဘာရောမှာ ဝင်လာလို့ရှိရင် ဖြန့်ခွဲပြီးတော့ မခုခံတော့ဘူး၊ အဲတော့ ရဲစခန်း ကလည်း ကျွန်တော်တို့ သိန္နီမှာကျ ခလရ ၆၉ ရှိတယ်၊ တပ်ထဲကိုရွှေ့လိုက်တယ်၊ အဲလိုမျိုးပဲ ကောလင်းကလည်း ဒီသဘောပါပဲ၊ အခိုင်အမာ နေရာတစ်နေရာမှာယူမယ် သို့မဟုတ် လွှတ်ပေးလိုက်မယ် လွှတ်ပေးပြီး ကောလင်း အုပ်ချုပ်ရေးအဖွဲ့က ဝန်းသိုမှာ သွားပေါင်းမှာပါပဲ"

ဒီတိုက်ပွဲတွေကြောင့် မြို့ပေါ်ကနေ ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ မြို့ပြင် စစ်ဘေးဒုက္ခ သည်စခန်းတွေမှာရှိကြသလို မြို့ပေါ်မှာလည်း ဒေသခံအနည်းဆုံး ၁၅၀၀ ကျော်ရှိနေဆဲဖြစ်တယ်လို့ ကောလင်း မြို့ခံ တွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။