ကော့ကရိတ်မှာ တိုက်ပွဲကြောင့် ထွက်ပြေးရသူ ငါးသောင်းနီးပါးရှိလာပြီး ပိတ်မိနေသူတွေပါရှိ
2023.12.02

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တွေ နိုဝင်ဘာလ ၂၉ ရက်ကတည်းကစဖြစ်တဲ့ တိုက်ပွဲကြောင့် ကော့ကရိတ်မြို့အပါအဝင် မြို့အနီးနားရွာတွေက ဒေသခံ ငါးသောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး အဖွဲ့တွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကော့ကရိတ်ဒေသခံတစ်ဦးက တိုက်ပွဲကြောင့် ထွက်ပြေးနေရသူတွေ ရှိတဲ့အပြင် မြို့ပေါ်က စစ်ကောင်စီတပ်နဲ့ဝေးတဲ့ ရပ်ကွက်တချို့က ဒေသခံတွေလည်း တိုက်ပွဲကြား ပိတ်မိနေတယ်လို့ RFA ကို ပြောပါတယ်။
“တချို့ အောက်ပိုင်းရပ်ကွက်တွေ၊ တပ်နဲ့မနီးတဲ့ ရပ်ကွက်တွေဆိုရင် ဒီလောက်အထိဖြစ်မယ်လို့ သူတို့ နေရာတွေကို ထိခိုက်မယ်လို့ မထင်ကြဘူးပေါ့နော်။ မထင်ဘဲ နေကြသူတွေလည်းရှိတယ်။ အဲဒီရပ်ကွက်တွေမှာ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ညပ်တယ် (ပိတ်မိတယ်) ပေါ့နော်။ ကော့ကရိတ်မှာ လက်နက်ကြီးပစ်ကူရော၊ လေယာဉ် ပစ်ကူရော အပြည့်အဝသုံးတယ်ပေါ့နော်။ တော်တော်လေးကို အကြိတ်အနယ်သုံးလိုက်တာ။ ၂၉ ရက်နေ့ကစတာ တကယ့် တကယ် အကြိတ်အနယ်ဖြစ်တာ ၃၀ ရက်နေ့ ညမှာဖြစ်တာ”
နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံတွေဟာ နှစ်ဖက်တိုက်ပွဲဖြစ်နေတဲ့ မြို့နဲ့ဝေးရာ တောရွာတွေကို ထွက်ပြေး ကြသလို ထိုင်းနိုင်ငံ မဲဆောက်ဘက်အခြမ်းကိုလည်း ထွက်ပြေးကြတယ်လို့ ဆိုပါတယ်။
"ကော့ကရိတ်မှာကျတော့ အလုံးကြီး (လက်နက်ကြီး) လည်း ပစ်တယ်လေ။ တစ်ခါတလေ လူနေအိမ်ပေါ်ကျပြီး လူသေသွားတာရှိတယ်"
ဒီဇင်ဘာလ ၂ ရက် ဒီနေ့မနက်မှာလည်း စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ပေါ်ကို လေကြောင်းနဲ့ပစ်ခဲ့တာ ကြောင့် အမှတ် (၅) ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးနဲ့ အသက်ခြောက်နှစ် အရွယ် မိန်းကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကော့ရိတ်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ကော့ကရိတ်ကတော့ အခြေအနေ တော်တော်ဆိုးနေတာပေါ့။ လက်နှစ်ချောင်းပြတ်တယ်။ လက်သန်းတွေထိသွားတယ်။ ပေါင်တွေထိတယ်။ ကလေးက လည်ပင်းမှာ ထိတယ်။ အခု ထွက်လို့ရတုန်း တောင်ကလေးဆေးရုံကို အခုသယ်သွားပြီ။ ကျွန်မတို့ ကော့ကရိတ်မှာကျတော့ အလုံးကြီး (လက်နက်ကြီး) လည်းပစ်တယ်လေ။ တစ်ခါတလေ လူနေအိမ်ပေါ်ကျပြီး လူသေသွားတာရှိတယ်။ အမှတ် (၇) ရပ်ကွက်မှာဆို လူနေအိမ်ပေါ်ကျတယ်။ ကမ်းနားလမ်းတို့ ဘာတို့ဆို လူနေအိမ်ပေါ်တွေ ကျတယ်”
ကော့ကရိတ်မြို့ပေါ်က လူတွေ ထိခိုက်သေဆုံးမှုနဲ့ နေအိမ်ပျက်စီးမှုကိုတော့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတာ ကြောင့် အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၉ ရက်နေ့ကတည်းက ကော့ကရိတ်မြို့နယ်မှာ KNU နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၃၀ရက်နေ့ညမှာ ကော့ကရိတ်မြို့နယ်ထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီဇင်ဘာ ၁ရက်နေ့ကစပြီး ကော့ကရိတ်မြို့က အမှတ် (၉၇) ခြေလျင်တပ်ရင်းနဲ့ စစ်ကောင်စီတပ်စခန်းရှိရာ နေရာတွေကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတာပါ။
ဒီဇင်ဘာလ ၂ ရက်ဒီနေ့ နေ့လယ်ပိုင်းမှာလည်း ကော့ကရိတ်မြို့အပြင်ဘက် အံကောင်ရွာအနီးမှာ လက်နက်ကြီး ပစ်ခတ်တာနဲ့ စစ်ရဟတ်ယာဉ်ပျံသန်းမှုပါ ရှိတာကြောင့် ရွာက ပြည်သူတွေအပြင် အခြားရွာတွေ က စစ်ဘေးရှောင်နေသူတွေပါ ထပ်မံထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေး နေသူတွေက ပြောပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့ပေါ်ကိုသွားနိုင်တဲ့ ကျုံဒိုးလမ်းကို ပိတ်ထားတာကြောင့် လူမှုကူညီရေးအဖွဲ့ တွေ မြို့ထဲမဝင်နိုင်သလို ပိတ်မိနေတဲ့ပြည်သူတွေလည်း တိုက်ပွဲအခြေအနေကြောင့် ထွက်ရခက်နေတယ်လို့ လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“အခြေအနေက ကျွန်တော်တို့ဘက်မှာ ဆိုးတော့ဆိုးတာပေါ့။ ဝင်ခွင့်မပေးတော့ဘူး။ ကျွန်တော်တို့ ဒီကျုံဒိုးဘက်ကနေ ပိတ်ထားတယ်။ ဘယ်အဖွဲ့ရယ်လို့လည်း တိတိကျကျမသိဘူးပေါ့နော့်။ လမ်းပိတ် လိုက်တယ်လို့ပဲ သူတို့ ပြောတယ်။ သွားလာလို့ မရဘူးလို့ပြောတော့ အဲနေရာထိတော့ ကျွန်တော်တို့လည်း မရောက်တော့ဘူး။ ပြည်သူ အခြေအနေကျတော့ မြို့တွင်းကိုထိရင် မြို့ပြင်ကိုရှောင်တယ်။ မြို့ပြင်မှာရှိရင် မြို့တွင်းကိုဝင်ပုန်းတယ်။ အရင်ထွက်ရတဲ့သူတွေကတော့ ထွက်ကုန်ပြီပေါ့။ မထွက်နိုင် တဲ့သူကတော့ အဲလိုပဲ ရှောင်နေကြတာပေါ့။ မြို့ထဲမှာပိတ်မိနေတဲ့သူလည်း ရှိတာပေါ့”
ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကိုလည်း ပိတ်ထားတာကြောင့် ကော့ကရိတ်မြို့အပြင်ဘက် ရွာတွေက ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေဟာ တောလမ်းကတစ်ဆင့် မော်လမြိုင်ဘက်ကို ထွက်ခွာဖို့ကြိုးစားနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီဇင်ဘာလ ၁ ရက်နေ့က ကော့ကရိတ်မြို့ပေါ်မှာ တစ်နေကုန်တိုက်ပွဲဖြစ်ခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေတစ်ဆင့် ပြောထားပါတယ်။
“ကော့ကရိတ်မြို့ရဲ့ နေရာရှစ်နေရာကို ဝင်ရောက်တိုက်ခိုက်တာရှိပါတယ်။ ဒီနေရာမှာတော့ တိုက်ပွဲ တစ်နေကုန် နီးပါး ဖြစ်ပွားခဲ့ပါတယ်။ KNU၊ PDF အဖွဲ့က ကျဆုံးထိခိုက်ဒဏ်ရာ ရရှိမှု များပြားတယ်ဆိုတာ သိရပါတယ်။ ကော့ကရိတ်မြို့ရဲ့ အခြေအနေကတော့ အခုအချိန်မှာ ချောင်းမြောင်းပစ်ခတ်တာ၊ အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးပဲရှိပါတယ်”
စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကလည်း ဌာနဆိုင်ရာရုံး တွေဖြစ်တဲ့ စက်မှုလယ်ယာရုံး၊ မီးသတ်ဦးစီးဌာန အပါအဝင် ရုံးလေးရုံး မီးရှို့ခံခဲ့ရတယ်လို့ RFA ကို ဒီဇင်ဘာလ ၁ ရက် မနေ့က ပြောထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း ကော့ကရိတ်မြို့နယ်အပါအဝင် ကျိုက်ဒုံ၊ စုကလိနဲ့ ဝေါ်လေမြိုင်ဒေသတွေမှာရှိတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်နေသူတွေ တစ်ပတ် အတွင်း ထွက်ခွာကြဖို့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ သတိပေးထားပါတယ်။
လက်ရှိ ကော့ကရိတ်မြို့ရဲ့ တိုက်ပွဲအခြေအနေသိရဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပြောခွင့်ရသူတွေကို RFA ကဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
KNU ထုတ်ပြန်ချက်တွေအရ နိုဝင်ဘာလ ၂၉ ရက်နေ့ကစပြီး ကော့ကရိတ်နဲ့ ကျုံဒိုးမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ရဟန်းတစ်ပါးနဲ့ အရပ်သားအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။