ကလေးအကျဉ်းထောင်မှာ အကျဉ်းသားတွေ ဆေးကုသခွင့် အရေးပေါ်လိုအပ်နေ

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2023.09.29
ကလေးအကျဉ်းထောင်မှာ အကျဉ်းသားတွေ ဆေးကုသခွင့် အရေးပေါ်လိုအပ်နေ စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးအကျဉ်းထောင်အား တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့က မော်လိုက်ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထောင်ချခံထားရတဲ့ ကလေးပင်မသပိတ်ကော်မတီဝင် ကိုသန်းစိုးဦး၊ မကျိန်ဒွန့်ကိမ်၊ မနှင်းစံနဲ့ ကိုမျိုးကိုဝင်းတို့ လေးဦးဟာ စစ်ကြောရေးမှာ ညှဉ်းပန်း နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် အရေးပေါ် ဆေးကုသမှု လိုအပ်နေတယ်လို့ ကလေးမြို့နယ် ပင်မသပိတ်ကော်မတီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သူတို့လေးယောက် ဆေးကုသခွင့် လုံလုံလောက်လောက် မရဘူးလို့ ကလေးပင်မသပိတ်ကော်မတီဝင် ကိုဗိုက်ပူက ပြောပါတယ်။

"စစ်ကြောရေးမှာဆို ကျွန်တော်တို့ရဲဘော်တွေကို နှိပ်စက်တယ်၊ ရဲဘော်တချို့ဆိုရင် နားမကြားရတာတွေ၊ မျက်စိအမြင်အာရုံချို့တဲ့တဲ့အထိ ဖြစ်ခဲ့တယ်၊ အဓိကတော့ လုံလောက်စွာ ဆေးကုသခွင့်မရတာပေါ့နော် ၊ ပြီးရင် အထူးသဖြင့် ကာလနာရောဂါဖြစ်တဲ့ မျက်စိနာရောဂါကို အလူးအလဲခံနေရတယ်၊ ထောင်ဝင်စာ ရဖို့လည်း ခက်ခဲနေတယ်"

သပိတ်ကော်မတီဝင်ဖြစ်တဲ့ သူတို့လေးဦးဟာ စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်တဲ့ သပိတ်လှုပ်ရှားမှုကြောင့် ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် မေလအတွင်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်ခံခဲ့ရပြီး စက်တင်ဘာလ ၂၅ ရက်နေ့မှာတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၀(ဇ) နဲ့ ၅၂ (က) ပုဒ်မတွေနဲ့ စစ်ကောင်စီ တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံချမှတ်လိုက်တာကြောင့် စုစုပေါင်းထောင်ဒဏ် ၁၂ နှစ် စီ ကျခံရမှာပါ။

သူတို့မိသားစုတွေရဲ့ နေအိမ်လေးလုံးကိုလည်း စစ်ကောင်စီက ဘူဒိုဇာနဲ့ ဖျက်ဆီးဖြိုချခဲ့ပါတယ်။

လုံခြုံရေးအရအမည်မဖော်တဲ့ မိသားစုဝင်တစ်ဦးကတော့ သူတို့ဟာ မတရားပုဒ်မတပ် ထောင်ချခံရတာလို့ ပြောပါတယ်။

" မလုပ်ထားတဲ့အမှုတွေကို စွပ်စွဲပြီးမှ ပုဒ်မတပ် တရားစွဲထားတာဆိုတော့ မတရားဘူးပေါ့၊ အဲအတွက် စိတ်မကောင်းဘူးပေါ့၊ ကိုယ့်ဘက်ကလည်း ဘာမှလုပ်နိုင်တဲ့ အတိုင်းအတာ မရှိဘူးလေ၊ တောင်းဆိုလို့ရရင် လွတ်အောင် တောင်းဆိုချင်တာပေါ့၊ ကျန်တဲ့လူတွေလည်း ဒီလိုမတရားလုပ်တာကို သိသိချည်းနဲ့ ငြိမ်ခံမနေဘဲ တွန်းလှန်ကြဖို့ပဲ ပြောလိုပါတယ်"

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က ထောင်ဒဏ် ထပ်မံချမှတ်ခံလိုက်ရသည့် ကလေးမြို့ တော်လှန်သင်္ကြန် သပိတ်လှုပ်ရှားသူ လေးဦးကို တွေ့ရစဉ်။ (Photo : Fifty two)
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က ထောင်ဒဏ် ထပ်မံချမှတ်ခံလိုက်ရသည့် ကလေးမြို့ တော်လှန်သင်္ကြန် သပိတ်လှုပ်ရှားသူ လေးဦးကို တွေ့ရစဉ်။ (Photo : Fifty two)

လက်ရှိ မော်လိုက်ကလေးအကျဉ်းထောင်မှာ မျက်စိနာ ကူးစက်ရောဂါ ပျံ့ပွားနေပြီး ကူးစက်ခံရတဲ့အကျဉ်းသားတွေဟာ ဆေးကုသခွင့် ဆုံးရှုံးနေသလို ထောင်ဝင်စာပို့ခွင့်ရဖို့အတွက် အခကြေးငွေပေးရတာ၊ ကန့်သတ်ခံရတာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးတင်းကျပ်ထားတာကြောင့် ထောင်ဝင်စာပို့ဖို့ အခက်အခဲရှိနေတယ်လို့လည်း ကလေးပင်မသပိတ်ကော်မတီက ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနတာဝန်ရှိသူတွေဆီ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။

ကလေးမြို့မှာ အာဏာရှင် ဆန့်ကျင်ဆန္ဒပြသပိတ်မှောက်လို့ဆိုပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ အယောက် ၃၀ ရှိပြီး လက်ရှိ ထောင်ချခံထားရသူကတော့ အယောက် ၆၀ ရှိတယ်လို့ ကလေးမြို့ ပင်မသပိတ်အင်အားစု အဖွဲ့တွေက ပြောပါတယ်။

မော်လိုက်ကလေးထောင်တင်မကဘဲ မြန်မာပြည်မှာရှိတဲ့ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဆေးကုသခွင့်မပေးတာ၊ ထောင်ဝင်စာဖြတ်တောက်တာတွေအပါအဝင် စစ်ကောင်စီခန့် ထောင်ဝန်ထမ်းတွေက ရည်ရွယ်ချက်ရှိရှိ လူ့အခွင့်ရေးချိုးဖောက်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်ရေးချိုးဖောက်ခံနေရတာနဲ့ပတ်သက်ပြီး အမျိုးသားညီညညွတ်ရေးအစိုးရ NUG အနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး အရေးယူဆောင်ရွက်သင့်တယ်လို့ ဦးထွန်းကြည်က တိုက်တွန်းပါတယ်။

" NUG အနေနဲ့ နိုင်ကျဉ်းကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ အရင်ကထက် အားထုတ်ကြိုးပမ်းဖို့လိုတယ်၊ အခုလည်း နိုင်ကျဉ်းတွေအပေါ်မှာ သူတို့က (စစ်ကောင်စီ) ဖိနှိပ်ညှဉ်းပန်းနှိပ်စက်နေပြီးတော့ လူ့အခွင့်အရေးချိုးဖောက်နေတာကို အဲဒါကို မျက်ခြေမပြတ်ဘဲနဲ့ နိုင်ငံတကာအစိုးရတွေ၊ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီးတော့ နဂိုကထက် ပိုတိုးပြီးတော့ သူတို့ကို လက်တွေကျသော ထိရောက်သော အရေးယူမှုတွေကို အမြန်ဆုံးဆောင်ရွက်ဖို့ ဒီနေရာကနေ တိုက်တွန်းတောင်းဆိုလိုပါတယ် "

စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်ကို ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် တွေ့ရစဥ်။ (Photo : Myanmar Military)
စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်ကို ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် တွေ့ရစဥ်။ (Photo : Myanmar Military)

နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေ တားဆီးနိုင်ဖို့ နိုင်ငံတကာနဲ့ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။

"ကျန်းမာရေးစောင့်ရှောက်မှုရဖို့၊ သူတို့ရဲ့ လူ့အခွင့်အရေးတွေအပြည့်အဝ ရရှိဖို့အတွက်၊ ထောင်ထဲမှာ မတရားဖမ်းဆီးနှိပ်စက်တာတွေ ရပ်တန်းကရပ်ဖို့အတွက် တားဆီးဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီလိုမျိုး၊ ICRC လိုမျိုး၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်တောင်းဆို ဆောင်ရွက်နေပါတယ်"

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေအပေါ် ကျူးလွန်တဲ့သူတွေကို အရေးယူနိုင်ဖို့လည်း နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် နေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကနေ စက်တင်ဘာလ ၂၉ ရက်နေ့အထိ လူပေါင်း ၂၄,၈၅၈ ဦး ဖမ်းဆီးခံထားရပြီး ဒီအထဲက (၁၉၂၈၆) ဦးဟာ ထောင်တွေထဲမှာ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။