ရွေးကောက်ပွဲမှာ ကချင်ပါတီ အနိုင်ရနိုင်မလား

အဲလိဇဘက်ဂျန်မာ
2020.03.17

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရရေး အင်အားကြီး ပါတီတွေက ပြင်ဆင်နေသလို ပြည်နယ်တွေမှာရှိတဲ့ သက်ဆိုင်ရာ ဒေသအခြေစိုက် ပါတီတွေကလည်း လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ကြိုးစားနေပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်မှာ ကချင်ပါတီတွေ မဲအနိုင်ရရှိဖို့ ကချင်ပူးပေါင်းပါတီဖြစ်တဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီက ပြင်ဆင်နေပါပြီ။

ဘာကြောင့်လဲဆိုတော့ လက်ရှိအာဏာရပါတီက တိုင်းရင်းသားဒေသတွေမှာ စိုးမိုးထားတာကြောင့် ဒေသခံ ပါတီတွေက ကိုယ့်ဒေသမှာ ပါတီအနိုင်ရရေး ကြိုးပမ်းလာကြတာပါ။

မတ်လ ၄ ရက်နေ့က မြစ်ကြီးနားမြို့မှာ ကချင်ပါတီ သုံးခုပေါင်းပါတီညီလာခံ ပြုလုပ်ခဲ့ပါတယ်။

ပါတီအောင်နိုင်ရေး၊ ကိုယ်စားလှယ်ရွေးချယ်ရေးနဲ့ ဘဏ္ဍာငွေရှာဖွေရေးတွေ ဖွဲစည်းလုပ်ဆောင်သွားဖို့ ဆုံးဖြတ် ခဲ့ပါတယ်။

ပြည်နယ်အခြေစိုက်ပါတီတွေ အနိုင်ရရှိပြီး လွှတ်တော်ထဲရောက်မှသာ ဒေသဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ကို တရားဝင် လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ပါတီဒုဥက္ကဌ(၂) ဦးအောင်ခမ်းကပြောပါတယ်။

ကချင်ပူးပေါင်းပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အင်အားကြီးပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို နိုင်ခဲ့တာပါ။

ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ NLD အပြင် မျှော်လင့်စရာ ဒေသခံပါတီတွေရှိလာနေပြီလို့ ကြံ့ခိုင်ရေးပါတီ ပြည်နယ်ပြောခွင့်ရ ဦးချန်ထန်ခင်က ပြောပါတယ်။

ကချင်လူထုရဲ့ တောင်းဆိုမှုကြောင့် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီနဲ့ ကချင်ပြည်နယ် စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ တွေကို ဖျက်သိမ်းပြီး ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ကို ၂၀၁၈ ခုနှစ်ကုန်ပိုင်းက ဖွဲ့စည်းခဲ့တာပါ။

သုံးပါတီနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီထဲကို  ပြည်ထောင်စုတိုင်းရင်းသားများ ဖယ်ဒရယ်ဒီမိုကရေစီပါတီ UNFDP ကလည်း ပါတီဖျက်သိမ်းပြီး၂၀၁၉ ဒီဇင်ဘာလက လာရောက်ပူးပေါင်း ခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ ပြည်နယ်အခြေစိုက် ကချင်နိုင်ငံရေးပါတီတွေဖြစ်တဲ့ လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံဖြိုးတိုးတက်ရေးပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီနဲ့ ကချင်အမျိုးသားကွန်ဂရက် KNC ပါတီတွေလည်း ရှိနေပါတယ်။

ဒီပါတီတွေဟာလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ ကြိုးစားပြင်ဆင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ကချင်ပြည်နယ်က မြို့နယ်တွေမှာ ရှမ်းနီတိုင်းရင်းသား တွေရဲ့ ဒေသတွေရှိတာကြောင့် ကချင်ပါတီပဲ အားကောင်းမယ်လို့ အတိအကျပြောလို့မရနိုင်ကြောင်း သုံးသပ် ပါတယ်။

အန်အယ်လ်ဒီ ပါတီကလည်း တိုင်းရင်းသားဒေသတွေမှာ ဆက်ပြီးအနိုင်ရရှိရေး တိုင်းရင်းသားကော်မတီကို ဖွဲ့ပြီးကြိုးပမ်းနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။