အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု ကူညီသူတွေကို စစ်ကောင်စီ တားမြစ်

2022.10.28
အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု ကူညီသူတွေကို စစ်ကောင်စီ တားမြစ် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့က ဖားကန့်မြို့နယ် အန့န်ပါကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) အထိမ်းအမှတ်အကြိုနေ့ တေးဂီတပွဲကျင်းပစဉ် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် မြင်ကွင်း။
Photo: Citizen Journalist

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကေအိုင်အေ တပ်မဟာ (၉)ထိန်းချုပ်နယ်မြေမှာ အနန့်ပါမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာ ရသူတွေအတွက် ဆုတောင်းပွဲတွေနဲ့ ဆေးကုသပေးမှုတွေ မလုပ်ဖို့ စစ်ကောင်စီက ကန့်သတ်ထားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

သေဆုံးသူတွေကို သင်္ဂြိုဟ်ခွင့်မပြုသလို ဒဏ်ရာရသူတွေကို ဆေးကုသပေးရင် ဖမ်းဆီးမယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်ထားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ဖားကန့် ဒေသခံတစ်ဦးက ပြောပါတယ်။

“သေဆုံးသွားတဲ့ ရုပ်အလောင်းတွေ သင်္ဂြိုဟ်ခွင့် သူတို့ခွင့်မပြုဘူး။ တကယ်လို့ ဒဏ်ရာရတဲ့ လူတွေ ဆေးကုသခွင့်ပေးဖို့ ကုသတယ်ဆိုလို့ရှိရင်လည်း ဖမ်းဆီး ခွင့်ပြုတယ်၊ ဖမ်းမယ်ပေါ့။ဆုတောင်းပွဲတွေတောင်မှ မလုပ်ရဘူးပေါ့။ တကယ်လို့ ဒီအိမ်မှာ သေဆုံးသွားတဲ့ သူတွေရှိရင်လည်း မိသားစုလောက်ပဲ၊ ကျန်တဲ့သူတွေ မလာရဘူး၊ မသွားရပေါ့။ အဲသလောက်ထိ ပြင်းထန်တဲ့ အမိန့်တွေ ထုတ်ထားတာ ဖြစ်ပါတယ် ”

လေကြောင်းတိုက်ခိုက်မှုကနေ လွတ်မြောက်လာသူတွေနဲ့ ဆေးကုပေးသူတွေကိုလည်း မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးအရေးယူမယ်ဆိုပြီး စစ်ကောင်စီတပ်က ခြိမ်းခြောက် ပြောဆိုတာတွေရှိတယ်လို့ သူက ပြောပါတယ်။

အနန့်ပါမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တည်ထောင်မှု (၆၂) နှစ်ပြည့် အခမ်းအနား အကြိုပွဲကျင်းပဖို့ စတိတ်ရှိုးပြုလုပ်နေချိန် အောက်တိုဘာလ ၂၃ ရက်ညမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်သုံးစင်းနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုကြောင့် KIO အမှုထမ်း၊ ကချင်အနုပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်နဲ့ အရပ်သား စုစုပေါင်း ၃၀၀ နီးပါးရှိတဲ့ ဒီအခမ်းအနားကို လေယာဉ်နဲ့ ဗုံးကြဲခံရလို့ KIO အမှုထမ်းတွေ အပါအဝင် အရပ်သား ၆၆ ဦး သေဆုံးခဲ့ပြီး ၆၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကနေ လွတ်မြောက်လာသူ ဖားကန့်ဒေသခံတစ်ဦးကတော့ သေဆုံးသူ ဦးရေ ပိုပြီးတိုးလာနိုင်သေးတယ်လို့ ပြောပါတယ်။

“ဟောက လူတွေက လွတ်လည်း ဒဏ်ရာရတဲ့သူတွေပဲ။ ဟော (ခန်းမ) နားက လူတွေလည်း ဒဏ်ရာရတယ်။ တချို့က ဒဏ်ရာပြင်းတယ်၊ တချို့က မပြင်းဘူး။ မမြင်ရတဲ့ ပျောက်သွားတဲ့ သူတွေကို ရှာနေတာလည်းရှိသေးတယ်။ တချို့က တောင်ဘက်အထိ အသားစတွေ၊ ခေါင်းခွံတွေ ကြေသွားပြီး လွင့်သွားတာလည်း အများကြီးပဲ။ ပေတစ်ရာကျော်ဝန်ကျင်းထိ အသားအစတွေ လွင့်နေတာ အများကြီးရှိတယ်။ လူတွေလည်း လွင့်သွားတယ်။ သေသွားပြီး လွင့်သွားပြီး ဘယ်သူဘယ်ဝါဆိုတာ မသိတာလည်းရှိတယ်။ အဲဒီညက လွတ်လာတဲ့သူတွေက ကိုယ့်ဟာကိုယ်တောင် သိပ်မယုံပဲဖြစ်နေတာ။ အသက်ရှင်နေတာလည်း ဝိညာဉ်ပဲ ဖြစ်နေတာလားတောင် မသေကွဲတော့ဘူး။ စိတ်က အဲလိုဖြစ်နေတယ်”

ဒီတိုက်ခိုက်မှုအတွင်းသူ့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေ သေဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။ သူမြင်တွေ့ခဲ့ရတဲ့ အခြေအနေက သေဆုံးသူ အနည်းဆုံး ၇၀ ကျော်ရှိတယ်လို့ ပြောဆိုပါတယ်။

သေဆုံးသူအများစုဟာ ခန်းမဆောင်မှာရှိနေသူတွေနဲ့ အခမ်းအနားအတွက် မီးဖိုချောင်မှာ ထမင်းချက်နေသူတွေ ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ကေအိုင်အို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ သူရရှိထားတဲ့ အောက်တိုဘာလ ၂၅ ရက်က စာရင်းအရ သေဆုံးသူ ၆၃ ဦးနဲ့ ဒဏ်ရာရရှိသူ ၆၁ ဦးကိုပဲ အတည်ပြုနိုင်ပြီး နောက်ထပ် သေဆုံးထိခိုက်မှုတွေကို ဆက်ပြီး အတည်ပြုဖို့ ကြိုးစားနေတယ်လို့ အောက်တိုဘာလ ၂၈ ရက် ဒီကနေ့ ပြောဆိုပါတယ်။

kachin-airstrike
KIA နှစ်ပတ်လည်ပွဲကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသွားသူများအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က မြေမြှုပ်သင်္ဂြိုဟ်ထားသည့် မြင်ကွင်း။ (Photo: The 74 Media)

ဒါပေမယ့် ကူညီကယ်ဆယ်ရေး လုပ်နေသူ အမျိုးသားတစ်ဦးကတော့ ဒဏ်ရာရသူသုံးဦး အောက်တိုဘာလ ၂၆ ရက်မှာ ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ ၆၆ ဦးရှိပြီလို့ ပြောပါတယ်။

“လူနာတွေက ဆိုးဝါးတဲ့ဟာတွေတော့ အယောက် ၂၀ ကျော်လောက် ကျန်အုံးမယ်လို့ ပြောတာပဲ။ လူနာရှင်ပေါ့။ သေဆုံးသွားတဲ့ မိဘတွေပေါ့။ အဲမှာ သွားတွေ့ရင်နဲ့ ညအိပ်ခဲ့ပြီး ပြောခဲ့တာပေါ့ ။သုံးယောက် သွေးထွက်လွန်ပြီးဆုံးသွားတာပေါ့။ ဆေးရုံကို အမြန်မပို့နိုင်လို့ ဆုံးသွားတာလို့ သူတို့ အတိအကျပြောပြခဲ့တာပေါ့။ ဆုံးသွားတာ ပြည်သူတွေပဲ။ ကျနော်တို့ ရွာမှာတောင်မှ နာရေးကို အကြီးအကျယ်တွေ မလုပ်ခိုင်းဘူး မဏ္ဍပ်တောင် မထိုးခိုင်းဘူး ဒီနေ့လည်း ကျနော်တို့ရွာမှာ သေဆုံးသွားတဲ့ အမျိုးသမီး သူရဲ့ နာရေးကိုတောင် မဏ္ဍပ်မထိုးပဲ အကျဉ်းချုံးလေးပဲ လုပ်ရတာပေါ့ ”

အနန့်ပါက ထိခိုက်ဒဏ်ရာရသူတွေအတွက် ဆေးဝါး ထောက်ပံ့မှုအပါအဝင် အကူအညီ ပေးရေး လုပ်ငန်းတွေကို ကန့်သတ်ထားတဲ့အတွက် နောက်ထပ် သေဆုံးသူတွေ ရှိလာနိုင်တယ်လို့ ကူညီပေးနေသူတွေကပြောပါတယ်။

ကချင်ပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးဝင်ရဲထွန်းကတော့ တိုက်ပွဲဖြစ်နေလို့ အကူအညီတွေ သွားပေးလို့ မရဘူးလို့ အောက်တိုဘာလ ၂၆ ရက်နေ့က RFA ကိုပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက အရပ်သား အများအပြားသေဆုံးတဲ့ ဒီလေကြောင်း တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချကြပါတယ်။ စစ်ကောင်စီကတော့ အရပ်သားတွေကို တိုက်ခိုက်တာ မဟုတ်သလို စစ်ရေးစည်းကမ်းတွေ ကိုလိုက်နာခဲ့တယ်လို့ တုံ့ပြန်ထားပါတယ်။

အရင်က အနန့်ပါဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ရင်း (၆) နေရာ ဖြစ်ပေမယ့် ၂၀၁၃ နောက်ပိုင်း အနန့်ပါဟာ ဈေးရောင်းပြီး အသက်မွေးတဲ့ အိမ်ထောင်စု ၂၀ ရှိတဲ့ ရွာငယ်တစ်ခု ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။