နိုင်ငံတကာသင်တန်းပေးထားပေမယ့် စစ်တပ်အရာရှိတွေ မပြောင်းလဲ

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2022.05.25
နိုင်ငံတကာသင်တန်းပေးထားပေမယ့် စစ်တပ်အရာရှိတွေ မပြောင်းလဲ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရန်ကုန်မြို့ ဗဟိုဘဏ်ရှေ့တွင် တွေ့ရသည့် စစ်ကောင်စီတပ်သားများ။
Photo : AFP

မြန်မာ့တပ်မတော် အရာရှိတွေကို ဂျပန်နိုင်ငံကနေ ခေါ်ယူသင်တန်းပေးနေတဲ့အထဲက အရာရှိတစ်ဦးဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မကွေးတိုင်း အလယ်ပိုင်းမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့အကြောင်း တွေ့ရှိခဲ့ရတဲ့အတွက် ဂျပန်နိုင်ငံအနေနဲ့ မြန်မာ့ တပ်မတော် အရာရှိတွေကို သင်တန်းပေးနေတာ ရပ်တန်းက ရပ်ဖို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ HRW နဲ့ Justice for Myanmar တို့က ပြီးခဲ့တဲ့အပတ်က ကြေညာချက် ထုတ်ပြန်တိုက်တွန်းခဲ့ပါတယ်။

မြန်မာလေတပ်က ဒုတိယဗိုလ်မှူးကြီး လွှမ်းမိုးဟာ ၂ဝ၁၆ ခုနှစ် သြဂုတ်လကနေ ၂ဝ၁၇ ခုနှစ် မတ်လအထိ ဂျပန်နိုင်ငံ လေကြောင်းဆိုင်ရာ ဝန်ထမ်း ကောလိပ်က ပို့ချတဲ့ သင်တန်းတွေကို တက်ရောက်ခဲ့ကြောင်း ဂျပန် ကာကွယ်ရေး အဖွဲ့အစည်းနဲ့ ဝန်ကြီးဌာန ဆိုင်ရာ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဒုဗိုလ်မှူးကြီး လွှမ်းမိုးဟာ မကွေးလေတပ်စခန်းမှာ ဒုတိယ စခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေတယ်လို့ ပြည်တွင်းမီဒီယာ တစ်ခုဖြစ်တဲ့ ခေတ်သစ် မီဒီယာရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
၂ဝ၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ဟာ မကွေးတိုင်းအတွင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် အရပ်သား ပြည်သူ ငါးသောင်းလောက် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့အကြောင်း နဲ့ မြန်မာ စစ်တပ်ဟာ နေအိမ်တွေ မီးရှို့တာ၊ အရပ်သားပြည်သူတွေကို တရားစီရင် စစ်ဆေးမှုမရှိဘဲ သတ်ဖြတ်တာနဲ့ အခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့အကြောင်း HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ စစ်တပ် အရာရှိတွေကို ခေါ်ယူ သင်တန်းပေးနေတာတွေ မရပ်တန့်တဲ့အတွက် စစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ကူညီသူ ဖြစ်နေပြီလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

“ဂျပန် အစိုးရဟာ မြန်မာ့တပ်မတော် အရာရှိတွေကို သင်တန်းပေးနေတဲ့အကြောင်း ကျွန်တော်တို့သိထားတာ တော်တော်ကြာပါပြီ။ အခုဆိုရင် အဲဒီသင်တန်းတက်ရောက်ခဲ့တဲ့အထဲက အရာရှိတစ်ဦးဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်လေယာဉ်တွေ ထွက်ခွာလာတဲ့ မကွေး လေတပ်စခန်းရဲ့ ဒုတိယ စခန်းမှုးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်နေတာ သိရပါတယ်။ အဲဒီဒေသမှာ မြန်မာ လေတပ်ကနေ စစ်ရာဇဝတ်မှုမြောက်တဲ့ တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တာ သေချာပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံဟာ မြန်မာ့တပ်မတော်ကို သင်တန်းတွေ ဆက်ပေးနေပြီး အားပေးထောက်ခံနေမယ်ဆိုရင် မြန်မာစစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ကူညီသူဖြစ်နေပြီလို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံအနေနဲ့ မြန်မာ့တပ်မတော် အရာရှိတွေကို သင်တန်းပေးနေတာကို ချက်ချင်းရပ်တန့်ပြီး၊ လက်ရှိ ဂျပန်မှာ ကျန်နေသေးတဲ့ မြန်မာ့တပ်မတော်သား အရာရှိတွေကိုလဲ အိမ်ပြန်လွှတ်ဖို့ လိုပါတယ်။”

ဂျပန်နိုင်ငံရဲ့ ခုခံကာကွယ်ရေး အက်ဥပဒေအရ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနဟာ ပြည်ပနိုင်ငံတွေက ဗိုလ်လောင်းတွေနဲ့ စစ်တပ်အရာရှိတွေကို ခေါ်ယူသင်တန်းပေးနေတာ ဖြစ်ပြီး၊ ၂ဝ၁၅ ခုနှစ်ကစပြီး မြန်မာ့ တပ်မတော်အရာရှိတွေကို ခေါ်ယူသင်တန်းပေးခဲ့တာ ဖြစ်တယ်လို့ HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂ဝ၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာလည်း ဂျပန်နိုင်ငံဟာ မြန်မာစစ်တပ်က အရာရှိ နှစ်ဦးနဲ့ ဗိုလ်လောင်း နှစ်ဦးကို ဆက်လက် ခေါ်ယူသင်တန်းပေးခဲ့ပြီး၊ အခုနှစ်မှာလည်း နောက်ထပ် အရာရှိ နှစ်ဦးနဲ့ ဗိုလ်လောင်းနှစ်ဦးကို ထပ်ပြီး သင်တန်းပေးဖို့လက်ခံထားတယ်လို့ HRW က ပြောပါတယ်။

HRW အဖွဲ့ဟာ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလကလည်း ဂျပန်အစိုးရအနေနဲ့ မြန်မာ စစ်တပ်ကို သင်တန်းပေးနေတာတွေကို ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ အဲဒီအချိန်က ဂျပန်နိုင်ငံကနေ ခေါ်ယူသင်တန်းပေးလိုက်တဲ့ မြန်မာ့တပ်မတော် အရာရှိတွေ မြန်မာနိုင်ငံ ပြန်ရောက်တဲ့အခါ ဘယ်လို ရာထူးနဲ့ တာဝန် ထမ်းဆောင်ရမလဲဆိုတာ ဂျပန်အစိုးရအနေနဲ့ မသိနိုင်တဲ့အကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

မြန်မာ စစ်ခေါင်းဆောင်တွေဟာ ဂျပန်နိုင်ငံက သင်တန်းပေးလိုက်တဲ့ စစ်တပ်အရာရှိတွေကို အရပ်သား ပြည်သူတွေအပေါ် ဖိနှိပ်သတ်ဖြတ်မှုတွေ ကျူးလွန်ဖို့ အသုံးချမှာဖြစ်တဲ့အတွက် မြန်မာ့တပ်မတော်သား အရာရှိတွေကို ဆက်လက်သင်တန်းပေးနေတာ လက်ခံနိုင်စရာ မရှိဘူးလို့ မြန်မာစစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ Justice for Myanmar အဖွဲ့က မရတနာမောင်က ပြောပါတယ်။

မြန်မာစစ်တပ်ဟာ အပြစ်ပေး အရေးယူမခံရဘဲ စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ ရာဇဝင်ရှိတဲ့အတွက် ဒီလိုအမူအကျင့်တွေဟာ ဂျပန်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေကြောင့် အပြောင်းအလဲဖြစ်လာမှာ မဟုတ်ဘူးလို့ Phil Robertson က ပြောပါတယ်။

“ဂျပန်နိုင်ငံဟာ အရှိတရားကို လက်ခံဖို့ လိုပါတယ်။ အခုလို မြန်မာ့တပ်မတော် အရာရှိတွေကို ခေါ်ယူသင်တန်းပေးပြီး ထိတွေ့ဆက်ဆံမှုတွေ လုပ်နေတာကြောင့် မြန်မာ စစ်တပ်ရဲ့ မတရားမှုတွေ ကျူးလွန်တဲ့ ဓလေ့စရိုက်တွေဟာ ပြောင်းလဲလာမှာ မဟုတ်ပါဘူး။ ဂျပန်နိုင်ငံအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ကူညီနေတာကို ရပ်တန်းက ရပ်ဖို့ လိုနေပါပြီ။“

မြန်မာစစ်တပ်ဟာ လက်နက်မဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တာကို ရှုတ်ချကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အခြားနိုင်ငံ ၁၁ နိုင်ငံနဲ့ ပူးပေါင်းပြီး ၂ဝ၂၁ ခုနှစ် မတ်လက ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ ဂျပန်အစိုးရကလည်း မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ဂျပန်နိုင်ငံက ပေးအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ရပ်နားထားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။