စစ်သည် နှစ်ဆယ်ရာခိုင်နှုန်းလောက် တပ်ကိုစွန့်ခွာဟု စစ်ရေးကျွမ်းကျင်သူပြောကြား
2022.04.01

အခုအချိန်မှာ မြန်မာစစ်တပ်ကို စွန့်ခွာပြီး ဘက်ပြောင်းလာတဲ့ တပ်မတော်သား အရာရှိတွေအပြင်၊ CDM စာရင်းထဲမှာ မပါဝင်ဘဲ လူမသိသူမသိနဲ့ ရာထူးကနေ စွန့်ခွာထွက်သွားတဲ့ တပ်မတော်သား အရေအတွက် ၂ဝ ရာခိုင်နှုန်းလောက်အထိ ရှိနိုင်တယ်လို့ မြန်မာ စစ်တပ်ကို စွန့်ခွာလာတဲ့ တပ်မတော် အရာရှိတွေရဲ့ ပြောကြားချက်တွေကို အခြေခံပြီး အမေရိကန် အခြေစိုက် မြန်မာ့အရေးနဲ့ စစ်ရေးကျွမ်းကျင်သူ ဒေါ်မီမီဝင်းဘတ်က RFA ကို ပြောကြားပါတယ်။
“မြန်မာစစ်တပ်ဟာ အခုအချိန်မှာ အုတ်မြစ်ကစပြီး ယိမ်းယိုင်နေတဲ့ အခြေအနေကိုရောက်နေပြီလို့ ပြောချင်ပါတယ်။ မြန်မာစစ်တပ်ကနေ စွန့်ခွာလာတဲ့ တပ်ရင်းမှူးအဆင့်လောက်ထိရှိတဲ့ တပ်မတော်သား အရာရှိတချို့နဲ့ ကျမ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ သူတို့အပြောအရ တပ်ရင်းတစ်ရင်းမှာ ပုံမှန်ဆိုရင် တပ်သား ၈ဝဝ လောက်အထိ ရှိပါတယ်။ အခုဆို ၁၅ဝ လောက်ပဲ ရှိနေပါတယ်။ အဲဒီတပ်သား ၁၅ဝ မှာ ၇၅ ယောက် ဒါမှမဟုတ် ၅ဝ ရာခိုင်နှုန်းလောက်ကပဲ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်တဲ့ အနေအထားရှိပါတယ်။ တပ်သား ၈ဝဝ ရှိရမယ့် တပ်ရင်းတွေမှာ ၇ဝ ယောက်ပဲ တကယ်ရှိတဲ့ သဘောပါ။ ဒီတပ်သား ၁၅ဝ လောက်ရဲ့ ၇ဝ ရာခိုင်နှုန်းလောက်ကလည်း စစ်တိုက်လိုတဲ့ ဆန္ဒမရှိကြဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အကြောင်း၏ပြချက် အမျိုးမျိုးကြောင့် စစ်တပ်က ထွက်ခွာသွားလို့ မရသေးတာပါ။ ဒါ့အပြင် အဲဒီ တပ်သား ၁၅ဝ လောက်ထဲက ၂ဝ ရာခိုင်နှုန်းလောက်ဟာ မိခင် တပ်ရင်းတွေကို စွန့်ခွာခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို စွန့်ခွာသွားတဲ့ တပ်သား အများစုဟာ CDM စာရင်းထဲမှာ မပါဝင်ပါဘူး။ မြန်မာ စစ်ခေါင်းဆောင်တွေဟာ လျော့ကျသွားတဲ့ စစ်သည် အင်အားကို ပြန်ဖြည့်ဖို့ ရာဇဝတ်သားတချို့ကို စစ်သည်အဖြစ် ခန့်ထားတာတွေလည်း ရှိနေပါတယ်။ ဒီလို တပ်သားသစ်အဖြစ် ခန့်အပ်လိုက်တဲ့ ရာဇဝတ်သားတွေဟာ အဖွဲ့အစည်းစိတ်၊ ရဲဘော်ရဲဘက် စိတ်လုံးဝ ရှိမှာ မဟုတ်ပါဘူး။ ဒီအချက်တွေအားလုံးကို ခြုံကြည့်မယ်ဆိုရင် မြန်မာ စစ်တပ်အနေနဲ့ ရေရှည် ရပ်တည်ဖို့ မလွယ်တော့ပါဘူး။ ”
လက်ရှိမှာ မြန်မာစစ်တပ်ကနေ စွန့်ခွာလာတဲ့ အရာရှိတချို့ကို သြစတြေးလျနိုင်ငံက နေထိုင်ခွင့်ပြုလိုက်တာနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်က စစ်သည်တွေ ပိုပြီး စွန့်ခွာလာဖို့ အကြောင်းပြချက် ဖြစ်စေမယ်လို့ ယုံကြည်ကြောင်းနဲ့ အခုဆိုရင် မြန်မာ စစ်တပ်ကို စွန့်ခွာလာတဲ့ တပ်သားတွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ် စုံစမ်းတာ များပြားနေတဲ့အကြောင်းလည်း သူက ပြောပါတယ်။
ကိုယ်တိုင် မြန်မာလူမျိုး တစ်ယောက်ဖြစ်တဲ့ ဒေါ်မီမီဝင်းဘတ်ဟာ အမေရိကန် ကြည်းတပ်ကနေ ဒုတိယ ဗိုလ်မှူးကြီးအဖြစ်နဲ့ တာဝန်ကနေ အငြိမ်းစားယူပြီး ဟာဝိုင်အီ ပြည်နယ်က Asia-Pacific Center for Security Studies မှာ မြန်မာ့အရေး ကျွမ်းကျင်သူတစ်ဦးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ချိန်မှာ အရင် အရပ်သား အစိုးရလက်ထက်တုန်းက အမေရိကန်နဲ့ မြန်မာ စစ်တပ်အကြား ဆက်ဆံရေး တိုးတက်ဖို့အတွက် မြန်မာ စစ်တပ်နဲ့ ကျယ်ပြန့်ပြီး တိုက်ရိုက် ထိတွေ့ဆက်ဆံခဲ့သူဖြစ်ပါတယ်။
မြန်မာ စစ်ခေါင်းဆောင်တွေဟာ ပြင်ပကမ္ဘာနဲ့အဆက်ပြတ်ပြီး သတင်းအချက်အလက် အမှန်မရရှိတာဟာ အာဏာသိမ်းမှု ဖြစ်လာဖို့ အဓိက အကြောင်းဖြစ်တယ်လို့ ဒေါ်မီမီဝင်းဘတ်က သုံးသပ်ပါတယ်။
“အမှန်က သူတို့တွက်ကိန်းမှားသွားတာပါ။ မြန်မာစစ်ခေါင်းဆောင်က သူတို့အာဏာသိမ်းလိုက်တဲ့နောက် ပြည်သူလူထု တစ်ရပ်လုံး အုံကြွလာလိမ့်မယ်လို့ ထင်မထားခဲ့တာ ထင်ရှားပါတယ်။ ပြည်သူတွေက သူတို့ အာဏာသိမ်းလိုက်တာကို ငြိမ်နေကြပြီး ပြီးသွားမယ်လို့ တွက်ဆခဲ့ကြပါတယ်။ သူတို့က သူတို့ပြင်ပက ကမ္ဘာနဲ့ လုံးဝအဆက်ပြတ်နေတဲ့အပြင် စီမံခန့်ခွဲမှုကလည်း အထက်ကနေ အောက်ကို တဖက်သတ် အမိန့်ပေးတဲ့ ပုံစံနဲ့ သွားနေတာပါ။ အာဏာရှင် စနစ်နဲ့ အုပ်ချုပ်တဲ့အခါ အောက်ခြေက လူတွေက သူတို့ခေါင်းဆောင်တွေ ကြားချင်တာပဲ ပြောကြတာမို့ သတင်း အမှန် မရတော့ဘဲ မမြင်ရတဲ့ blind spots တွေ အများကြီး ဖြစ်လာပါတယ်။ အဲဒီနောက် ဆုံးဖြတ်ချက်အမှားတွေ ချမိတော့တာပါပဲ။ အခု ရုရှား သမ္မတ ပူတင် ဖြစ်နေတာလည်း ဒီအတိုင်းပါပဲ။”
မြန်မာစစ်တပ်က စစ်သည်အင်အား အရေအတွက်ကို အတိအကျ ထုတ်ပြန်ထားတာ မရှိပေမယ့် နိုင်ငံတကာစစ်ရေး အင်အားသုံးသပ်ချက် ဝက်ဘ်ဆိုဒ် Global Firepower ကတော့ အမြဲတမ်းတပ်သား လေးသိန်းခွဲလောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး၊ နိုင်ငံတကာ သတင်းဌာနတွေနဲ့ စစ်ရေး သုံးသပ်သူတွေကတော့ တပ်သား သုံးသိန်းကျော်လောက် ရှိနိုင်ပေမယ့် ဒါဟာ စစ်သည် မဟုတ်တဲ့ မိသားစုဝင်တွေကိုပါထည့်တွက်ပြီး ကိန်းဂဏန်း ဖောင်းပွအောင် လုပ်ထားတာလို့ သုံးသပ်ပါတယ်။